home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေပါဝင်ပြီးသားဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓါတ်နဲ့ အာဟာရဓါတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။

ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ ဘေးကင်းစိတ်ချရမှု၊ အာဟာရဓါတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။နောက်တစ်ချက်က မိခင်နို့သောက်သုံးနေကျ ကလေးတွေကို နို့ဗူးတိုက်လိုက်ရင် မိခင်နို့ပြန်တိုက်တဲ့အခါ သိပ်မစို့တော့ပါဘူး။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းက နို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းတစ်ခုက မိခင်နို့ကို ညှစ်ထုတ်သိမ်းဆည်းတဲ့နည်းပါ။

မိခင်နို့ကို ညှစ်ထုတ်ကြတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ် –

  • နို့ထွက်များစေဖို့ ( မိခင်နို့ကိုညှစ်ထုတ်ပေးရင် နို့ထွက်ခြင်းကို နှိုးဆွသလိုဖြစ်ပြီး နို့ထွက်များစေပါတယ်)၊
  • မိခင်နို့မစို့နိုင်သေးတဲ့ လမစေ့ကလေးငယ်ကို တိုက်ကျွေးဖို့၊
  • နို့ကြောင်းမပိတ်စေဖို့၊ တင်းပြီးနာကျင်ခြင်းကို သက်သာစေဖို့၊
  • မိခင်က ဆရာဝန်ညွှန်ကြားချက်အရဆေးတစ်မျိုးမျိုးသောက်ချိန်မှာ နို့ရည်ကတဆင့် ကလေးဆီကိုရောက်ရှိသွားနိုင်တဲ့အတွက်ကြောင့် ယာယီအားဖြင့် နို့ဖြတ်ထားရတဲ့အခြေအနေများတွင် ကလေးကို နို့မပြတ်သွားစေဖို့ ကြိုတင်စုဆောင်းထားခြင်း (ပုံမှန်အားဖြင့် အချိန်တိုကာလသာဖြစ်ပါသည်)
  • မိခင် အလုပ်သွားနေချိန်အတွင်း ကလေးကိုတိုက်ကျွေးဖို့ နို့ရည်ချန်ထားခဲ့ဖို့ဖြစ်နိုင်ပါတယ်။

နို့ရည်ညှစ်ထုတ်မယ်ဆိုရင်

  • နို့ရည်ညှစ်တဲ့ကိရိယာလေးတစ်ခု ဝယ်သုံးတာ ပိုအဆင်ပြေပါတယ်။
  • နို့ရည်မညှစ်ခင်မှာ လက် သို့မဟုတ် ကိရိယာကို ဆပ်ပြာနဲ့ဆေးကြောပါ။
  • နို့ရည်ကို သန့်စင်တဲ့၊ အဖုံးပါတဲ့ ဖန်သား သို့မဟုတ် ပလတ်စတစ်ဘူး( BPA-free ဖြစ်တဲ့) တစ်ခုထဲမှာထည့်ပါ။

ညှစ်ထုတ်ပြီးသားနို့ရည်ကို ဘယ်လောက်ကြာကြာ သိမ်းဆည်းလို့ရလဲ

မိခင်မရှိချိန်မှာ ကလေးကို အချိန်မှန်တိုက်ကျွေးဖို့ ညှစ်ထုတ်ထားတဲ့ နို့ရည်က ဘယ်လောက်အထားခံလဲဆိုတာ သိမ်းဆည်းတဲ့နည်းလမ်းကို မူတည်ပါတယ်။

အခန်းအပူချိန်မှာ သိမ်းဆည်းမယ်ဆိုရင်(၂၅ ဒီဂရီဆဲလ်စီးယပ်စ်ထက်မကျော်ဘဲ) –

လောလောလတ်လတ်ညှစ်ယူထားတဲ့ နို့ရည်ကို အခန်းအပူချိန်မှာ (၆) နာရီအထိ သိမ်းဆည်းထားလို့ရပါတယ်။ (၄) နာရီအတွင်း တိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အခန်းက ပူနွေးနေတယ်ဆိုရင်တော့ အလွန်ဆုံး (၄) နာရီအထိပဲထားပါ။

ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆိုရင် –

ရေခဲသေတ္တာထဲမှာ သီးခြားထည့်ထားမယ်ဆိုရင် (၅) ရက်အထိ အထားခံပါတယ်။ အသား၊ကြက်ဥစတဲ့ ချက်ပြုတ်စရာပစ္စည်းတွေနဲ့ မရောထားဘဲ ရေခဲသေတ္တာရဲ့အအေးဆုံးနေရာမှာ သိမ်းဆည်းပါ။

ရေခဲဘူးနဲ့ထားမယ်ဆိုရင် –

ညှစ်ယူထားတဲ့နို့ရည်ကို ရေခဲဘူးထဲမှာရေခဲတွေနဲ့ထားမယ်ဆိုရင် (၂၄) နာရီအတွင်း အထားခံပါတယ်။

Freezer ထဲမှာအေးခဲထားမယ်ဆိုရင် –

နို့ရည်ကို လုံးဝအေးခဲထားမယ်ဆိုရင် (၁၂) လအထိ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါပေမယ့် (၆) လအတွင်းသာ အသုံးပြုတာ အကောင်းဆုံးပါ။

သိထားသင့်တာက မိခင်နို့ရည်ကို ရိုးရိုးအအေးခံ ထားထား၊အေးခဲအောင်ပဲ ထားထား၊ ကြာကြာသိမ်းဆည်းထားလေ နို့ရည်မှာပါတဲ့ ဗီတာမင် စီ ကလျော့နည်းသွားလေဖြစ်ပါတယ်။ ဒါ့ကြောင့် အာဟာရဓါတ်တွေ မဆုံးရှုံးရအောင် အလုပ်မသွားခင် တစ်နေ့တစ်ကြိမ် နို့ရည် သိမ်းဆည်းပေးခဲ့တာ အကောင်းဆုံးဖြစ်ပါတယ်။

နို့ရည်ကို တိုက်ကျွေးခါနီးပြန်နွှေးတဲ့အခါလည်းရေနွေးထည့်ထားတဲ့ ပန်းကန်ထဲမှာ နို့ဗူးလေးစိမ်ထားပြီး ခပ်နွေးနွေးဖြစ်စေတာမျိုးပဲ လုပ်သင့်ပါတယ်။ မိုက်ခရိုဝေ့ဖ် သို့မဟုတ် မီးဖိုပေါ်တင် အပူပေးတာမျိုးမလုပ်ရပါဘူး။ အမြန်အပူပေးခြင်းက နို့ရည်မှာပါတဲ့ ပဋိပစ္စည်းတွေကို ပျက်စီးစေနိုင်လို့ပါပဲ။

ကဲ..ဘေဘီလေးတွေကို ဘယ်နည်းနဲ့မှ မိခင်နို့ရည်နဲ့မကင်းကွာရစေဖို့မေမေတို့ကို နည်းလမ်းကောင်းလေးပေးလိုက်ပြီနော်။ ကျန်းမာဖွံ့ဖြိုးတဲ့ သားသမီးရတနာလေးတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ပါစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 04/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။