backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နို့ဘူးမှ နွားနို့သို့ ပြောင်းလဲတိုက်ကျွေးဖို့အကောင်းဆုံးနည်းလမ်းကဘာလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နို့ဘူးမှ နွားနို့သို့ ပြောင်းလဲတိုက်ကျွေးဖို့အကောင်းဆုံးနည်းလမ်းကဘာလဲ

ဘာကြောင့် ကလေးကို အနည်းဆုံး အသက်တစ်နှစ်ပြည့်မှ နွားနို့တိုက်သင့်တာလဲ။

ကလေးများသည် နွားနို့ကို မိခင်နို့ သို့မဟုတ် နို့မှုန့်လာက် လွယ်လွယ်ကူကူနှင့် အပြည့်အ၀ မချေဖျက်နိုင်ပါဘူး။ နွားနို့တွင် အသားဓါတ်ပရိုတင်းနှင့် သတ္တုဓါတ်များ များပြားစွာပါဝင်ပါသည်။ ၎င်းတို့သည် ကလေး၏ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသော ကျောက်ကပ်အပေါ်တွင် ဖိအားတစ်ခုဖြစ်စေနိုင်ပါသည်။ နွားနို့တွင် သံဓါတ်၊ ဗီတာမင်စီနှင့် အခြားအာဟာရများ အလုံအလောက် မပါဝင်ပါ။ ကလေးအချို့တွင် သံဓါတ်ချို့တဲ့သော သွေးအားနည်းခြင်းဖြစ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့တွင်ပါဝင်သော အသားဓါတ်ပရိုတင်းသည် အစာချေစနစ်၏ လမ်းကြောင်းကို ထိခိုက်စေကာ ဝမ်းထဲတွင် သွေးပါနိုင်သောကြောင့်ဖြစ်စေသည်။ ထို့အပြင်နွားနို့သည် ကြီးထွားနေသောကလေးများကို ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ မပေးစွမ်းနိုင်ပါ။ သို့သော်လည်း သင့်ကလေးသည် နွားနို့်သောက်ရန် အဆင်သင့်ဖြစ်ပြီဆိုပါက နွားနို့သည် အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊သစ်သီးများနှင့် အသားများဖြစ်သော အစာအမာများ၏ ညီမျှသောအာဟာရအတွက် အားဖြည့်ပေးနိုင်သည်။

နွားနို့်သည် ကလေးများအတွက် ဘာကြောင့် လိုအပ်သလဲ။

နွားနို့တွင် ကယ်လ်စီယမ်များစွာပါဝင်သည်။ ကယ်လ်စီယမ်သည် အရိုးနှင့်သွားများ ကျန်းမာစေသည်။ သွေးခဲခြင်းနှင့်ကြွက်သားထိန်းချုပ်မှုကို ပုံမှန်ဖြစ်စေသည်။ နွားနို့သည် ဗီတာမင်ဒီ၏ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ ဗီတာမင်ဒီသည် ခန္ဓါကိုယ်မှ ကယ်လ်စီယမ်စုပ်ယူဖို့အတွက် ကူညီပေးပြီး အရိုးကြီးထွားရေးအတွက် အရေးကြီးဆုံးဖြစ်သည်။ နွားနို့သည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အသားဓါတ်ပရိုတင်းနှင့် ကလေးများတစ်နေ့တာလိုအပ်သည့် စွမ်းအင်ပမာဏဖြည့်စွမ်းပေးဖို့ ကာဗိုဟိုက်ဒရိတ်များလည်း ထောက်ပံ့ပေးပါသည်။ အကယ်၍ကလေးများသည် ကယ်လ်စီယမ်လုံလောက်စွာရရှိမည်ဆိုပါက သွေးတိုး၊ လေဖြတ်၊ အူမကြီးကင်ဆာနှင့် တင်ပါးဆုံရိုးကျိုးမှုများ အသက်ကြီးလာလျှင်ဖြစ်နိုင်ခြေ နည်းသွားပါသည်။

ကလေး ကိုနွားနို့ဘယ်လိုစသောက်ခိုင်းရမလဲ။

အချို့ကလေးများသည် နွားနို့ကို ချက်ချင်းသောက်ကြသည်။ သို့သော်လည်း အချို့ကလေးများသည် နွားနို့သောက်ရန်အတွက် နှောင့်နှေးကြသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် နို့မှုန့်၊ မိခင်နို့များနှင့်စာလျှင် အရသာ၊ အပူချိန်နှင့် ပုံစံကွဲပြားသောကြောင့်ဖြစ်သည်။ အကယ်၍ သင့်ကလေးသည် နွားနို့မသောက်ချင်ဖြစ်နေပါက အစပိုင်းတွင် နွားနို့ကိုမိခင်နို့သို့မဟုတ်နို့မှုန့်နှင့်ရောပြီး တိုက်ကြည့်ပါ။ ဥပမာ နို့မှုန့်သို့မဟုတ် မိခင်နို့သုံးပုံနွားနို့တစ်ပုံဖျော်စပ်ပါ။ ကလေးသောက်ပါက အချိုးပမာဏကို တဖြည်းဖြည်း ပြောင်းလဲသွားပြီး နွားနို့တစ်ရာ ရာခိုင်နှုန်းသောက်သည်အထိ ပြောင်းလဲပါ။ အကယ်၍သင့်ကလေးသည်နွားနို့ မသောက်ချင်ဘူးဆိုပါက နို့နှင့်နို့ထွက်ပစ္စည်းများမှ ရရှိသော အာဟာရများရရှိဖို့ခက်ခဲပါလိမ့်မည်။ သို့သော်လည်း သင့်ကလေး၏ ကွေကာအုတ်ဂျုံမနက်စာများ၊ ဟင်းချိုများထဲတွင် ရေအစား နွားနို့ ထည့်တိုက်ခြင်းအားဖြင့် စမ်းသပ်ကြည့်နိုင်ပါသည်။

ကလေးသည် နွားနို့ကိုဓါတ်မတည့်ခြင်းဖြစ်ပေါ်နိုင်သလား။

အကယ်၍ ကလေးငယ်များသည် နွားနို့ကိုအခြေခံထားသော နို့မှုန့်များကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ သောက်နိုင်ပါက ပုံမှန်နွားနို့သောက်သောအခါတွင်လည်း ပြဿနာမရှိနိုင်ပါ။ အသက်တစ်နှစ်အထိ မိခင်နို့တိုက်သော ကလေးများတွင်တောင်မှ နွားနို့ကို ပုံမှန် သောက်နိုင်လေ့ရှိကြပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင်ပါသော နို့ပရိုတင်းဓါတ်နှင့် ထိတွေ့ပြီး၍ဖြစ်ပါသည်။

အကယ်၍ သင့်ကလေးသည် ဆရာဝန်၏ညွှန်ကြားချက်အရ ပဲနို့ကိုအခြေခံ၍ပြုလုပ်သော နို့မှုန့်ကို သောက်နေသည်ဆိုပါက နွားနို့မတိုက်မီ သင့်ဆရာဝန်နှင့် အရင်တိုင်ပင်စစ်ဆေးပါ။ သင့်ဆရာဝန်သည် ဗီတာမင်ဒီနှင့်ကယ်လ်စီယမ်ပြည့်ဝသော ပဲနို့နှင့် စတင်ခိုင်းနိုင်ပါသည်။

တကယ်တော့ နွားနို့ကိုဓါတ်မတည့်မှုများသည် အဖြစ်နည်းပါသည်။ နွားနို့ဓါတ်မတည့်ခြင်း၏ အဓိကလက္ခဏာများကတော့ –

• အနီကွက်များသို့မဟုတ် အင်ပြင်များ (ပါးစပ်သို့မဟုတ်မေးစေ့တစ်ဝိုက်တွင်ဖြစ်လေ့ရှိသည်)

• ဗိုက်အောင့်ဗိုက်နာ

• ဝမ်းပျက်ဝမ်းလျှော

• အန်ခြင်း

• ရောင်ရမ်းလာခြင်း

• ယားယံခြင်း

နာတာရှည်နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းစသည်တို့သည် သင့်ကလေး၏ အသက်ရှူစနစ်ပေါ်တွင် လွှမ်းမိုးနေသော နွားနို့ ဓါတ်မတည့်ခြင်း လက္ခဏာရပ်များဖြစ်နိုင်ပါသည်။ အကယ်၍ သင့်ကလေးသည် ထိုလက္ခဏာရပ်များထဲမှ တစ်ခုခုဖြစ်ပေါ် လာပါက ကလေးဆရာဝန်နှင့်တိုင်ပင်ပါ။

အောက်ပါလက္ခဏာရပ်များဖြစ်ပေါ်လျှင် အနီးစပ်ဆုံး အရေးပေါ်ဌာနမှဆရာဝန်ထံသို့ ကလေးကို ခေါ်သွားပါ။

• အလွန်ဖြူဖျော့နေလျှင် သို့မဟုတ် အလွန်အားနည်းနေလျှင်

• ခန္ဓါကိုယ်တစ်ခုလုံး အင်ပြင်များထနေလျှင်

• ခေါင်း သို့မဟုတ် လည်ပင်းတွင် ဖောင်းကားရောင်ရမ်းလာသည်များရှိလျှင်

• သွေးဝမ်းသွားလျှင်

အထက်ပါအချက်များဖြစ်နေပါက အသက်အန္တရာယ်တွေ့ကြုံနိုင်သော ဓါတ်မတည့်မှုဖြစ်နေသည်ဟု ညွှန်းဆိုပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement