backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

44 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

44 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ဘယ်လိုဖွံ့ဖြိုးလာလဲ

ခုအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-

• ငိုတာအပြင် တခြားနည်းလမ်းတွေနဲ့ သူတို့လိုချင်တာကိုပြောတတ်လာပါပြီ

• ဘောလုံးကစားတတ်ပြီ

• အကူအညီမလိုဘဲ ခွက်ကနေသောက်တတ်ပြီ

• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီး သေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့် နေရာမှာထားပါ)

• အခြားဘာသာစကားတစ်ခုကိုပြောနေသလိုပဲ မပီကလာ ပီကလာနဲ့ စကားတွေဗလုံးပထွေး လျှောက်ပြောတတ်လာပြီ

• မေမေ ဖေဖေ အပြင်ပြောတတ်လာပြီ

• ခြေဟန် လက်ဟန်ပြပြီး ခိုင်းတဲ့အမိန့်ကို ပြန်တုံ့ပြန်တတ်လာပြီ ( ‘ဒီကိုပေး’ ဆိုပြီး လက်ဖြန့်တောင်းတာမျိုး)

• လမ်းကောင်းကောင်းလျှောက်တတ်လာပါပြီ

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

ကလေးငယ်လေးဟာ ခုဆိုရင် သူ့ကိုညွှန်ပြမှုတွေကိုနားလည်နေပါပြီ သင်က ‘မလုပ်နဲ့ မကိုင်နဲ့’ စသည့်ဖြင့် တားမြစ်တာတိုင်းကို လိုက်နာမှာတော့မဟုတ်ပေမယ့်ပေါ့…။ ဒါကြောင့် သင့်စကားနည်းနည်းအရာရောက်စေဖို့ တကယ်လိုအပ်ပြီး အရေးကြီးတဲ့အခါမျိုးမှသာသုံးတာပိုကောင်းပါလိမ့်မယ်။ သေချာပေါက် ကလေးက သင်ဒီနေ့ပြောတာကို မနက်ဖြန်မှတ်မိတော့မှာမဟုတ်ပေမယ့် စည်းကမ်းသတ်မှတ်ချက်လေးတစ်ချို့ သတ်မှတ်ဖို့မစောလွန်းတော့ပါဘူး။ ဒါကြောင့် တချို့အရေးကြီးတာလေးတွေကို ပြောပြသင်ပေးထားသင့်ပါပြီ၊ မှားရာမှမှန်အောင်၊ ဘေးမကင်းရာမှ ကင်းအောင်ပေါ့..။

သင့်ရဲ့ကိုယ်ပိုင်အကောင်းဆုံးဝေဖန်ပိုင်းခြားနိုင်စွမ်းက ပြဌာန်းလမ်းညွှန်ချက်ပါ။ ဥပမာ- ကလေးငယ်က ကြောင်အမြီးကိုသွားဆွဲရင် သူတို့လက်ကိုဖယ်လိုက်ပြီး သူတို့မျက်လုံးကိုတည့်တည့်ကြည့်ကာ ‘မလုပ်ရဘူးလေ၊ ကြောင်လေးနာသွားမှာပေါ့’ စသည့်ဖြင့် အကြောင်းသင့် တားမြစ်ပြောဆိုပြီး သူတို့လက်လေးကိုယူကာ ကြောင်လေးကိုပွတ်သပ်ပေးလိုက်ပါ။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ ရက်ချိန်းမပေးတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

ဘာတွေသိသင့်လဲ။

ဒီအရွယ်မှာ စိတ်ပူစရာက အသက်ရှူအောင့်ထားတတ်တဲ့ အကျင့်ပါပဲ။ နောက်ပြီး ခုအချိန်ဆိုတာ သူတို့အတွက် ဖိနပ်လေးတွေရွေးဖို့၊ ဆံပင်တွေကို ဂရုစိုက်ပေးဖို့အချိန်လည်း ဟုတ်လာပါပြီ။

အသက်ရှူအောင့်ခြင်းအကျင့်

တကယ်လို့ကလေးက သတိမေ့လောက်သည်ထိ အသက်ရှူခဏအောင့်ထား၊ ရပ်သွားတယ်ဆိုရင်တောင် စိတ်မပူပါနဲ့။ ဒီကိစ္စအတွက် ကုသပေးဖို့မလိုပါဘူး။ ဒါပေမယ့် ကလေးတွေမှာ အသက်ရှူခဏရပ်သွားစေနိုင်တဲ့ စိတ်အခြေအနေတွေကို ရှောင်ရှားပေးလို့ရပါတယ်။

• ကလေးကိုလုံလောက်စွာအနားယူပါစေ။ ပင်ပန်းလွန်းတဲ့ကလေးဟာ ကောင်းကောင်းအနားရတဲ့ကလေးထက် ဒီလိုဖြစ်နိုင်ချေပိုများပါတယ်။

• ကလေးနဲ့အစဉ်မသင့်၊ အငြင်းပွားရခြင်းတွေကို တတ်နိုင်သမျှလျှော့ပါ။ အရမ်းများလွန်းခြင်းဟာ ကလေးကိုစိတ်မကျေမနပ်ဖြစ်မှုများစေပါတယ်။

• ကလေးကိုငိုလိုက်၊ ရယ်လိုက် စိတ်မငြိမ်ဖြစ်ခြင်းမှ အရုပ်၊ သီချင်း ၊ အခြားအာရုံလွှဲစရာများနှင့် ချော့ယူပါ။ (စားစရာတော့မသုံးပါနဲ့၊ နောက်ထပ်အကျင့်ဆိုးတချို့ဖြစ်သွားစေပါလိမ့်မယ်)

• သင့်ကလေးနဲ့ တခြားလူတွေကြားက စိတ်ဖိစီးမှုတွေကို လျှော့ဖို့ကြိုးစားကြည့်ပါ။

• ဒါပေမယ့် ကလေးကဒီလိုအသက်ရှူရပ်၊ အသက်ရှူအောင့်လိုက်တာနဲ့ သင်ကအလျှော့ပေးလိုက်တာမျိုးလည်းမလုပ်ပါနဲ့။ ကလေးက ဒီလိုလုပ်ခြင်းအားဖြင့် လူလိုချင်တာရမှန်းသိရင် ခဏခဏဒီအပြုအမူကိုပြုလုပ်နေပါလိမ့်မယ်။ အထူးသဖြင့် ခုလိုခြယ်လှယ်လိုစိတ်ကြီးတဲ့အရွယ်ရောက်လာရင် ပိုလုပ်လာပါလိမ့်မယ်။

• တချို့သုတေသနတွေကတော့ ဒီလိုအသက်ရှူအောင့်ခြင်း၊ ရပ်ခြင်းဟာတခါတရံ သံဓါတ်အားဆေးတိုက်ခြင်းဖြင့် ရပ်တန့်သွားတတ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သင့်ကလေးနဲ့ ဒီနည်းလမ်းအဆင်ပြေမလား ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

တကယ်လို့ ကလေးရဲ့ ခုလိုအသက်ရှူအောင့်ထားခြင်း၊ အသက်ရှူရပ်ခြင်းက တစ်မိနစ်ထက်ပိုကြာနေမယ်၊ နာကျင်မှု မကျေနပ်မှုတွေနဲ့လည်းမဆိုင် ၊ ငိုခြင်းလည်းမရှိဘူးဆိုရင် ဒါမှမဟုတ် တခြားအကြောင်းအရာတွေကို သင်စိတ်ပူတယ်ဆိုရင်တော့ အမြန်ဆုံးဆရာဝန်သွားပြဖို့ အကြံပေးပါရစေ။

ကလေးဖိနပ်လေးတွေ

သက်တောင့်သက်သာရှိစေမယ့်ဖိနပ်လေးတွေက ကလေးတွေကို လှုပ်ရှားဖို့လွယ်ကူစေရုံသာမကဘဲ ခြေထောက်နုနုလေးတွေကိုပါ ကာကွယ်ပေးထားမှာပါ။ ဒါကြောင့် ဒီအချက်လေးတွေအရ ရွေးချယ်နိုင်ပါတယ်-

• ကောင်းစွာကွေးကောက်နိုင်သော အောက်ခံပြားပျော့ပျော့ပါခြင်း၊

• ဒေါက်၊ ချောသောအခံနှင့်မဟုတ်သည့် ဖိနပ်အပါးဖြစ်ခြင်း၊

• စီးရ လျှိုရလွယ်ခြင်း၊

• ကလေးခြေထောက် ကျယ်ကျယ်ဝန်းဝန်းဆန့်ခြင်း၊

• ပုံမှန်ပုံသဏ္ဍာန်ရှိခြင်း။

ဆံသားစောင့်ရှောက်မှု

ကလေးဆံသားတွေသန့်ရှင်းအောင် စောင့်ရှောက်ထားခြင်းက ကလေးကို ဦးရေပြားရောဂါမှကင်းဝေးစေပါတယ်။ ဆံပင်သန့်ရှင်းပေးရာမှာ ရုန်းကန်ရနည်းရအောင် ဒီအချက်တွေကိုလိုက်နာနိုင်ပါတယ်။

• ခေါင်းလျှော်ရည်မထည့်ခင် ဆံပင်တွေကိုအရင်ရှင်းပါ၊ ခေါင်းလျှော်ရည်ထည့်လိုက်လို့ ပိုရှုပ်ထွေးသွားမှာကို ကာကွယ်နိုင်ပါလိမ့်မယ်၊

• ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး တခါတည်းရောထားပြီးသားဖြစ်သော အမျိုးအစားကိုသုံးပါ။

• အသွားကျဲကျဲဘီး၊ ဒါမှမဟုတ် အသွားထိပ်မှာ ပတ်လတ်စတစ်အစွပ်ဘုလေးတွေပါသော ဘီးကိုသုံးပါ၊ ဆံပင်အစိုကိုဖီးရပိုလွယ်ပါစေလိမ့်မယ်။

• ဆံပင်အဖျားလေးတွေကနေ စရှင်းပါ၊ ဆံပင်ရှင်းနေရင် အခြားလက်တစ်ဖက်က အရင်းကိုကိုင်ထားပါ၊ ဒါဟာ ဆံပင်ကျွတ်ခြင်းနဲ့ နာကျင်မှုကိုသက်သာပါစေလိမ့်မယ်

• ဒရိုင်ယာ(ခေါင်းမှုတ်စက်)မသုံးပါနဲ့

• ကျစ်ဆံမြီးကျစ်ပေးထားခြင်း၊ ကြပ်ကြပ်စည်းပေးထားခြင်းမျိုးမလုပ်ပါနဲ့။ ဆံပင်ကျွတ်စေပြီး ခေါင်းပြောင်စေပါလိမ့်မယ်

• ကလစ်သေးသေးလေးတွေ၊ ဒါမှမဟုတ် အစိတ်အပိုင်းသေးသေးလေးတွေကပ်ထားသော ကလစ်မျိုးမသုံးပါနဲ့၊ ကလေးကမျိုချပါလိမ့်မယ်

• မသိပ်ခင် ခေါင်းကကလစ်၊ ခေါင်းစည်းကြိုး အကုန်ဖြုတ်ပါ

• ကလေးငယ်များအတွက်သင့်တော်သော ဆံပင်ညှပ်ဆိုင်မျိုးမှာသာညှပ်ပါ။

• ရှေ့ဆံပင်များ မျက်ခုံးလောက်ရောက်လာပါက ညှ့ပ်ပစ်ပါ

• ကလေးကမပင်ပန်းတဲ့အချိန်၊ ဗိုက်မဆာတဲ့အချိန်၊ လေထိုးလေအောင်မရှိတဲ့အချိန်မျိုးမှာသာ ဆံပင်ရှင်းပါ။ ကစားစရာနဲ့ အာရုံရနေတဲ့အချိန်ဆိုရင် ပိုကောင်းပါတယ်။

• သူတို့ပါမြင်နိုင် ကြည့်နိုင်အောင် မှန်ရှေ့မှာဖီးသင်ပါ။ တဖြေးဖြေးနဲ့ ရလဒ်ကိုကျေနပ်လာတတ်ပါလိမ့်မယ်။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဒီအချိန်မှာဆိုရင် သင်စိတ်ပူရမှာတွေကတော့-

ကလေးငယ်ရဲ့ပင်ကိုစရိုက်

ကလေးငယ်ရဲ့ပင်ကိုစရိုက်ဟာ သူတို့ကသူတို့ပတ်ဝန်းကျင်နဲ့ ပတ်သတ်လို့ ဘယ်လိုတွေးလဲ၊ ဘယ်လိုပြန်တုံ့ပြန်လဲ ဆိုတာတွေပါ။ အိပ်ခြင်း စားခြင်းပုံစံကစလို့ အခြားလူများနဲ့ ဆက်ဆံပုံ၊ သဘောတူညီတတ်မှု၊ သူတို့ကိုချော့မြှူခြင်းနဲ့ အခြားအရာတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာတွေအထိ ပါဝင်ပါတယ်။ တချို့ကနူးညံ့သိမ်မွေ့တတ်ကြတယ်၊ တချို့ကတော့ အနည်းငယ်ဆက်ဆက်ထိမခံဖြစ်တတ်ပြီး အခြေအနေအသစ်တွေကို လိုက်လျောညီထွေဖြစ်ဖို့ နည်းနည်းခက်ခဲတတ်ပါတယ်။ တချို့တွေကတော့ သန်မာကြံ့ခိုင်ပြီး တက်ကြွတဲ့စရိုက်ပုံစံမျိုးရှိတတ်ကြပါတယ်။ ကလေးငယ်တွေရဲ့ပင်ကိုစရိုက်ဟာ သူတို့အပေါ်လွှမ်းမိုးတဲ့ ပြင်ပအချက်တွေထက် မွေးရာပါစိတ်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။

ကလေးငယ် ၃၊ ၄ လလောက်ကစပြီး သူတို့ရဲ့စရိုက်ပုံစံလေးတွေကို မှန်းလို့ရလာပါပြီ၊ ၁၀လသားအရွယ်မှာပိုထင်ရှားလာပြီး မတူညီကွဲပြားတဲ့ အခြေအနေတွေကိုလိုက်ပြီး သူတို့ဘယ်လိုပြန်တုံ့ပြန်လဲ၊ လိုက်လျောညီထွေနေထိုင်လဲ ဆိုတာတွေကိုကြည့်ပြီး သူတို့ကြီးလာရင် ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာကို ပိုတိတိကျကျမှန်းကြည့်လိုရနေပါပြီ။ ဒါပေမယ့် အမူအကျင့်တစ်ခုထဲမဟုတ်ဘဲ အားလုံးခြုံကြည့်ဖို့တော့လိုတာပေါ့…။

တကယ်လို့ သင့်ကလေးမှာ သင်မကြိုက်တဲ့အချက်မျိုးရှိမယ်၊ ဒါမှမဟုတ် ပြင်ပေးချင်တဲ့အချက်မျိုး (ဥပမာ-ရှက်တတ်တာမျိုး) ရှိမယ်ဆိုရင် ပထမဆုံး မဝေဖန်ဘဲ နားလည်ပေးဖို့ကအရေးကြီးပါတယ်။ ကလေးကိုအပြစ်တင်တာမျိုး၊ ဝေဖန်ရှုံချတာမျိုးမလုပ်ပါနဲ့၊ သူတို့ကအပြစ်ရှိနေသလို မခံစားရပါစေနဲ့။ ထိုအစား သူတို့ကိုသနားကြင်နာပြပြီး ဘယ်လိုပုံစံမျိုးပြင်ဆင်သင့်ကြောင့် အားပေးပြောဆိုကာ သူတို့ပြောင်းလဲပြုမူပါက ချီးမွမ်းပေးပါ။ ကလေးရဲ့ ပင်ကိုယ်စရိုက်ကလိုအပ်ချက်၊ ယိမ်းယိုင်ချက်အားလုံးကို ဘယ်လိုမှပြင်လို့မရဘူးဆိုတာသိပါ။ ထိုအစား အချို့သောပြုမူပုံတွေကိုသာပြောင်းလဲပေးနိုင်ပြီး သူတို့ကို ဒီထက်ပိုကောင်း၊ ပိုသင့်လျော်တဲ့ နေထိုင်မှုပုံစံမျိုးသာ အကြံပေးသင်ပြကူညီနိုင်ပါလိမ့်မယ်။ ဒါတွေကတော့ သင်တွေ့ကြုံရမယ့် သင့်ကလေးရဲ့ဖွံ့ဖြိုးပြောင်းလဲလာမှုတွေနဲ့ သင်လုပ်ပေးနိုင်တာတွေပါ။

နောက်တစ်ပတ်မှာလည်း ကလေးကဘယ်လိုတွေ ပြောင်းလဲလာဦးမလဲ ကြည့်လိုက်ကြရအောင်….။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement