backup og meta

မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား

    မိဘရယ်လို့ဖြစ်လာရင် သားသမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တာပါ။ စားတာကနေစလို့ ဝမ်းသွားတာ အိပ်တာအဆုံး အကုန်လုံးကိုသေချာစောင့်ကြည့်နေမိတယ်နော်။ မိဘဆိုတဲ့တာဝန်က တော်တော်လေးကြီးလေးလွန်းပါတယ်။ ဒီနေရာမှာ မိဘတော်တော်များများကြုံတွေ့ရနိုင်တာက ဘယ်သူ့ရဲ့ ကလေးကတော့ဖြင့် တစ်ပတ်နေမှ တစ်ကြိမ်လောက်ဝမ်းသွားတယ်၊ ကိုယ့်ရဲ့ဘေဘီလေးကတော့ နို့စို့လိုက်ပြီးတိုင်း ဝမ်းသွားနေတယ်။ ဘာဖြစ်တာလဲ။ စိုးရိမ်စရာများရှိနေလားဆိုတဲ့အချက်ပါ။ တကယ်တော့ ကလေးက မကြာခဏ ဝမ်းသွားတာ ရက်တော်တော်ကြာမှဝမ်းသွားတယ်ဆိုတာတွေက ကလေးမှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာ မဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောတာလဲဆိုတာကိုအောက်မှာ ရှင်းပြပေးထားတယ်နော်။

    မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာပုံမှန်ပဲလား

    ကလေးလေးတွေဟာ မွေးစကနေ ၆ လမရောက်ခင် မကြာခဏဆိုသလိုဝမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကစိုးရိမ်ရမယ့် အနေအထားတော့မဟုတ်ပါဘူး။ ကလေးကဝမ်းခဏခဏသွားနေတာက ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဖြစဉ်တွေကြောင့်ပါ။ ကလေးက ဝမ်းသွားတာအပြင် အော့အန်နေမယ်။ နို့မစို့ဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်မှာပါနော်။ မိခင်နို့ကိုပဲ အားကိုးနေရတဲ့အရွယ်မှာ ကလေးက ခဏခဏဆိုသလို ဝမ်းသွားနိုင်ပါတယ်။

    ဒီလိုဖြစ်ရတာက မိခင်နို့မှာimmunoglobins ပါဝင်နေတာကြောင့် ကလေးက မကြာခဏဆိုသလို ဝမ်းသွားနေတာပါ။ လေ့လာမှုတွေအရကတော့ immunoglobins က ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးနိုင်တယ်၊လို့ သိရပါတယ်။ မိခင်နို့သောက်တဲ့ ကလေးငယ်တွေက နို့မှုန့်သောက်တဲ့ ကလေးငယ်တွေထက်ပိုပြီး ဝမ်းသွားတတ်ကြပါတယ်။

    တစ်ခါတစ်လေမှာ မေမေတွေထင်တတ်တာက သူတို့စားတာတစ်ခုခုမှားလို့ ဘေဘီလေးဝမ်းသွားတယ်လို့ပေါ့။ တကယ်တေ့ ကလေးကမွေးစမှာပိုပြီးဝမ်းသွားနိုင်ပါတယ်။ နောက်တစ်ခုသိထားရမှာက ကလေးလေးတွက သူတို့ခန္ဓာကိုယ်မှာပြောင်းလဲမှုတစ်ခုခုလုပ်တော့မယ်။ တိုးတက်မှုအဆင့်တစ်ခုခုဖြစ်ပေါ်တော့မယ်ဆိုရင် ဝမ်းသွားတာပါ။

    အချို့ကလေးလေးတွေကတော့ နို့စို့ပြီးတိုင်းဝမ်းသွားတတ်ပေမယ့် အချို့ကလေးလေးတွေကတော့ ၃ ပတ်တစ်ခါလောက်မှဝမ်းသွားတတ်ကြပါတယ်။ ဒါတွေအားလုံးက သမာရိုးကျဖြစ်စဉ်တွေပါပဲ။ တစ်ခုခုစားပြီးတိုင်းဝမ်းသွားတာက များသောအားဖြင့်က မွေးကင်းစအရွယ်ကလေးငယ်တွေမှာအဖြစ်များပါတယ်။

    မွေးပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ကလေးငယ်လေးတွေကမေမေဆီကနေ နို့စို့ပြီးတိုင်း ဝမ်းသွားကြပါတယ်။ ဒါကတကယ်တော့ ဝမ်းသာရမယ့်ကောင်းတဲ့ လက္ခဏာတစ်ခုပါ။ သူတို့လေးတွေ လုံလောက်တဲ့နို့ပမာဏကိုရရှိနေတယ်ဆိုတဲ့ သဘောပါပဲ။

    မွေးပြီးစကနေ ၃ ပတ် ဒါမှမဟုတ် ၆ ပတ်လောက်ရောက်လာတဲ့အခါ ကလေးက ဝမ်းခဏခဏမသွားတော့ပါဘူး။ ဒါပေမယ့် ကလေးတိုင်းတော့မဟုတ်ပါဘူး။ အချို့ကလေးတွေက ဝမ်းဆက်သွားနေတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက တစ်နှစ်လောက်ရောက်လာပြီဆိုရင်တော့ တစ်နေ့လုံးကို ဝမ်း ၅ကြိမ်လောက်သွားတာမျိုးဖြစ်လာနိုင်ပါတယ်။

    ဒါကြောင့် မွေးကင်းစကနေ တစ်နှစ်လောက်အထိ ကလေးက ဝမ်းခဏခဏသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကစိုးရိမ်စရာမဟုတ်ပါဘူး။ တကယ်လို့ ကလေးရဲ့ဝမ်းအခြေအနေကပြောင်းလာမယ်၊ ဝမ်းအရည်တွေလိုသွားနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးဝမ်းအရည်တွေအရမ်းသွားတာက အစာခြေစနစ်ပိုးဝင်တာမျိုးဖြစ်နိုင်တာကြောင့် သတိထားတာပိုကောင်းပါမယ်။ ကလေးက တစ်ပတ်ကို တစ်ခါလောက်တောင် ဝမ်းမသွားရင်တော့ ဝမ်းချုပ်တာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်မှာပါ။

    ဒီနေရာမှာ စိတ်ပူရမှာတစ်ခုက ဝမ်းခဏခဏသွားတာကို မဟုတ်ဘဲ ဝမ်းခဏခဏသွားလို့ ကလေးမှာသေးခံလောင်နာတွေဖြစ်မှာကိုပါ။ ဒါကြောင့် ကလေးကဝမ်းသွားလို့ဆေးကြောသန့်စင်ပြီးတိုင်း ကလေးကိုသေးခံမလောင်အောင်ကာကွယ်ပေးတဲ့ ခရင်မ်လူးပေးဖို့ပါ။ ကလေးက ဝမ်းခဏခဏသွားတာကို စိတ်မပူပါနဲ့။ ကလေးဝမ်းသွားတဲ့ အလေ့အထပြောင်းသွားတာမျိုး ဥပမာ – တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက် ပုံမှန်သွားနေရာကနေ တစ်ပတ်မှ တစ်ကြိမ်လောက် တစ်ပတ်ကျော်မှ တစ်ကြိမ်လောက်ဖြစ်သွားတာမျိုးကသာစိတ်ပူရမှာပါ။ နောက်တစ်ခုကအပေါ်မှာပြောခဲ့သလို ဝမ်းအရည်တွေသွားနေတာမျိုးဖြစ်တာကိုသာစိတ်ပူရမှာပါ။ ကလေးရဲ့ အစာခြေစနစ်မှာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နေနိုင်တာကြောင့်ပါ။

    ကလေးက တစ်နှစ်လောက်အထိတော့ အစားစားပြီးတိုင်း ဝမ်းသွားတာမျိုးဖြစ်နေနိုင်တာကြောင့် ကလေးလေးတွေ ဝမ်းခဏခဏသွားတာပုံမှန်ပါပဲလို့ ပြောပါရစနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement