backup og meta

ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ပါ

    ကလေးကအရွယ်လေးရောက်လာပြီ အစားမစားဘူး၊ နို့ဗူးပဲသောက်နေတယ်၊ အစားစားအောင်လို့ နို့ဗူးဖြတ်ချင်တယ်။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့မေမေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ကြည့်လို့ ရပါတယ်။

    ကလေးကို ဘယ်အချိန်မှာ နို့ဗူးစဖြတ်မလဲ

    ကလေးကို နှစ်နှစ်အထိ မိခင်နို့တိုက်ပေးတာက ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်သလို ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးတယ်ဆိုပေမယ့် နို့ဗူးတိုက်တာကတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးကို အသက်တစ်နှစ်လောက်ရောက်လာပြီဆိုရင် နို့ဗူးဖြတ်သင့်ပါပြီ။

    ကလေးကို အသက်၆လလောက်တည်းက ခွက်နဲ့ ကိုင်သောက်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ အသက် ၁နှစ်လောက်အထိ ခွက်ကို သေချာမကိုင်ဘဲ နို့ဗူးပဲ စို့နေတယ်ဆိုရင် နို့ဗူးဖြတ်ဖို့ လိုပါပြီ။ ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတာက ကလေးရဲ့ ဖွံ့ဖြိုးမှုပဲ ဖြစ်တာကြောင့် နို့ဗူးပဲ စို့နေရင် အဆင်ပြေမှာ မဟုတ်ပါဘူး။

    နို့ဗူးစွဲနေတာကြောင့် ဘာပြဿနာ‌တွေ ဖြစ်နိုင်သလဲ။

    တချို့ကလေးတွေက နို့ဗူးထဲက နို့ကို သောက်ချင်တာ မဟုတ်ဘဲ နို့ဗူးကို ပါးစပ်ထဲ ထည့်ထားရတာကို သဘောကျတာပါ။ ဒါကြောင့် ကြာလာတဲ့အခါ သွားပိုးစားတာ ဖြစ်လာပါတယ်။ နို့ဗူးကို ခဏခဏသောက်တာကြောင့် အဝလွန်တာ၊ လိုအပ်တဲ့ အာဟာရတွေ မရတာကြောင့် ကြီးထွားမှုနှေးပြီး အာဟာရမပြည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

    ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ပါ

    ကလေးတော်တော်များများက နို့ဗူးစို့ရတာကို တော်တော်လေးသဘောကျတတ်ပါတယ်။ ဒီလိုအခြေအနေမှာတော့ နို့ဗူးဖြတ်ဖို့ အခက်ကြုံနိုင်တာပေါ့။ နို့ဗူးဖြတ်တာက မိဘတွေအတွက် တော်တော်လေးကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီလိုဆိုတာနဲ့ နို့ဗူးကိုလုံးဝဖြတ်လို့မရတာတော့ မဟုတ်ပါဘူး။ နည်းနည်းတော့ ခက်ခဲနိုင်တာပေါ့။ အခုပြောပြမယ့်နည်းလမ်းလေးတွေက ကလေးတစ်ယောက်ကို နို့ဗူးဖြတ်တဲ့အခါ အသုံးတည့်မှာပါနော်။

    ကလေးကို နို့ဖြတ်တော့မယ်ဆိုရင်

  • နို့ဗူးသောက်တဲ့အကြိမ်အရေအတွက်ကို လျှော့ချပါ။
  • အရင်က တစ်ရက်ကို၃ခါလောက် သောက်တယ်ဆိုရင် တစ်ကြိမ်လောက်ကို ခွက်နဲ့ တိုက်ကြည့်ပါ။ မနက်ပိုင်းတွေမှာ စပြောင်းတာက အဆင်ပြေနိုင်ပါတယ်။ ဥပမာ မိသားစုထမင်းဝိုင်းမှာ လူတိုင်းက ခွက်နဲ့ သောက်ပြပြီး သူတစ်ယောက်တည်း နို့ဗူးစို့နေရင် သူကိုယ်တိုင်လည်း တစ်မျိုးကြီး ခံစားလာရလို့ပါ။ ညဘက်အိပ်ခါနီးတိုက်တဲ့ နို့ဗူးတွေကိုတော့ နောက်ဆုံးမှ ဖြတ်ပါ။ တချို့ကလေးတွေက နို့ဗူးလေးငုံပြီး အိပ်တတ်လို့ပါ။

    ဒီလိုနဲ့ နို့ဗူးစို့တဲ့ အကြိမ်ရေကို လျှော့လျှော့သွားပါ။ နောက်ပိုင်းကျရင် တစ်ရက်ကို တစ်ကြိမ်ပဲ နို့ဗူးပေးတာ၊ တစ်ရက်ခြားပဲ တိုက်တာတ စသဖြင့် လျှော့သွားလို့ ရပါတယ်။

    • နှုတ်သီးပါတဲ့ ခွက်နဲ့ စတိုက်ကြည့်ပါ။

    ခွက်အပွင်နဲ့ဆို ကလေးက စစချင်းမှာ သောက်တတ်မှာ မဟုတ်ပါဘူး။ နှုတ်သီးမာမာ လက်ကိုင်ကိုင်းလေးနဲ့ ခွက်ကို စပြီး သုံးကြည့်ပါ။ သူတို့ ကြိုက်တဲ့အရောင်၊ ကာတွန်းရုပ်လေးတွေကို အသုံးပြုကြည့်ပါ။

    • ကလေးကို ချီးကျူးပေးပါ

    ကလေးက ခွက်နဲ့ သောက်တဲ့အခါ “တော်လိုက်တာ၊ ကလေးကသောက်တတ်တယ်တော့၊ လိမ္မာလိုက်တာ”ဆိုတဲ့ ချီးကျူးစကားလေးတွေ  ပြောပေးပါ။ ဒီလိုပြောပေးတာက ကလေးကို ခွက်နဲ့သောက်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးရာကျပါတယ်။

    • သူဘာကြောင့် နို့ဗူးကို တောင်းနေတာလဲဆိုတာကို မေးပါ။

    ကလေးတွေ နို့ဗူးသောက်တာ အကြောင်းရင်း ၂ခုပဲ ရှိပါတယ်။ တစ်ခုက အထဲက နို့ကို တကယ်သောက်ချင်တာ (တစ်နည်းအားဖြင့် သူဗိုက်ဆာ၊ ရေဆာလို့ပါ)။ နောက်တစ်ခုကတော့ နို့ဗူးစို့ရတာက သူ့စိတ်ကို လုံခြုံစေလို့။ ပျင်းလို့ပါ။

    ဒါကြောင့် ကလေးက နို့ဗူးတောင်းတဲ့အခါ ဗိုက်ဆာ၊ ရေဆာလို့ တောင်းတာဆိုရင် တစ်ခုခုကျွေးလိုက်ပါ။ ရေဆိုရင်လည်း ခွက်နဲ့တိုက်လိုက်ပါ။ သူ့စိတ်ထဲ တစ်မျိုး ဖြစ်နေလို့ ဆိုရင်တော့ မိခင်က ပွေ့ဖက်တာ၊ သူနဲ့ အတူဆော့ပေးတာတွေ လုပ်နိုင်ပါတယ်။

    • နို့ကို ရေရောကြည့်ပါ။

    ဒီနည်းက နွားနို့တို့၊ ဆိတ်နို့တို့ကိုပဲ လုပ်လို့ရပါတယ်။ နို့မှုန့်တွေကို မလုပ်ရပါဘူး။ နို့မှုန့်တွေကိုတော့ သူ့အချိုးအဆအတိုင်း ဖျော်ရပါမယ်။ နွားနို့တို့ ဆိတ်နို့တို့ကို ရေရောလိုက်တဲ့အခါ အရသာမရှိတော့တာကြောင့် နောက်ကို နို့ဗူးစို့ဖို့ စိတ်ပါမှာ မဟုတ်တော့ပါဘူး။

  • နို့ဗူးကို မမြင်ရတဲ့နေရာမှာ ထားပါ။
  • ကလေး မတောင်းရင်မပေးပါနဲ့။ တောင်းရင်လည်း ကြိုးစားပြီး အာရုံလွှဲကြည့်ပါ။ မမြင်ရလေ ကောင်းလေပဲ ဖြစ်ပါတယ်။

    • ညဘက် နို့ဖြတ်နည်း

    ညဘက်မှာ နို့ဗူးဖြတ်ရတာက ပိုခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက နို့ငုံပြီးအိပ်ရတာ ပိုပြီးသက်သောင့်သက်သာ ရှိလို့ပါ။ ဒါကြောင့် တချို့ကလေးတွေကို ညဘက်နို့ဗူးရပ်လိုက်ရင် မအိပ်တာ၊ ဂျီကျတာတွေ လုပ်တတ်ပါတယ်။ ညစာစားတဲ့အခါ နို့ကို ခွက်နဲ့တိုက်ထားပါ။ ကလေးကို ဗိုက်ဝအောင် ကျွေးပါ။ ဒါဆို ဗိုက်ဆာလို့ဆိုပြီး နို့ဗူးတောင်းမှာ မဟုတ်တော့ပါဘူး။ ပြီးရင် အိပ်ပျော်အောင် နို့ဗူးအစား ပုံပြင်ပြောပြတာ၊ ရေနွေးနဲ့ ချိုးတာတွေ လုပ်ပေးနိုင်ပါတယ်။

    ကလေးတွေကို နို့ဗူးဖြတ်ရတာက ထင်သလောက်တော့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း ခွက်နဲ့သောက်ရမဲ့ အချိန်မှာတော့ နို့ဗူးစို့တာ ရပ်သင့်ပြီလေ။ ဒါ‌ကြောင့် ဒီနည်းလမ်းလေးတွေကို သုံးပြီး ကြိုးစားဖြတ်ကြည့်ကြပါလို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement