backup og meta

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေက လူကြီးတွေလိုပဲ ချွေးထွက်တတ်ပါတယ်။ လူကြီးတွေနဲ့ မတူတာက သူတို့က ချွေးထွက်တဲ့အခါ လူကြီးတွေလိုမျိုး ‌ချွေးသုတ်တာ၊ ချွေးမထွက်အောင်နေတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ ဒါကြောင့် ချွေးစားပြီး အရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးအသားအရေ ချွေးမစားစေဖို့ မေမေတို့က ဒီလိုကူညီပေးလို့ရပါတယ်။

ကလေးတွေမှာ ချွေးထွက်များရတဲ့ အကြောင်းရင်း

ချွေးထွက်တယ်ဆိုတာက ခန္ဓာကိုယ်အပူချိန်ကိုထိန်းနည်း တစ်မျိုးပါပဲ။ ကလေးလေးတွေက ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားနေရတဲ့အတွက် လူကြီးတွေထက်စာရင် ချွေးပိုထွက်နိုင်ပါတယ်။

ကလေးတွေမှာ ချွေးထွက်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့

  • ရာသီဥတုပူတာ
  • ကလေးကို အနှီးတွေ၊ အဝတ်တွေနဲ့ အထပ်ထပ် ထုပ်ထားတာ
  • ဖျားတာ
  • အစာစားချိန်၊ နို့စို့ချိန်မှာ ချွေးထွက်တာ
  • အိပ်နေချိန်မှာ ချွေးထွက်တာ
  • မျိုးဗီဇ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါက အဖြစ်များတဲ့ အကြောင်းရင်းတွေဖြစ်ပြီး ရောဂါတွေ (ဥပမာ မွေးရာပါ နှလုံးရောဂါ၊ ကလေးဆီးချိုရောဂါ, သိုင်းရွိုက်ဟော်မုန်းများနေတာ) ကြောင့်လည်း ချွေးထွက်နိုင်ပါသေးတယ်။

ကလေးတွေမှာ ချွေးစားတဲ့အခါ ဖြစ်လာနိုင်တဲ့ အရေပြားပြဿနာများ

လူကြီးတွေက ချွေးထွက်လာရင် သုတ်ပစ်တာ၊ ခြောက်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ပေမယ့် ကလေးလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အရေပြားက ချွေးနဲ့ အကြာကြီး ထိတွေ့ရတဲ့အခါ ယားယံတာနဲ့ တခြားအရေပြားပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ

  • မိတ်ထွက်တာ

မိတ်က ချွေးပေါက်လေးတွေ ပိတ်ရာကနေ ဖြစ်လာတာပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ မိတ်ထွက်တတ်တယ်ဆိုပေမယ့် ချွေးထွက်များပြီး ချွေးအောင်းနိုင်တဲ့ လည်ပင်း၊ တင်ပါးကြားနဲ့ အရေပြားအတွန့်အခေါက်တွေရှိတဲ့ တံတောင်ကွေး၊ ချိုင်း စတဲ့နေရာတွေမှာ အဖြစ်အများဆုံးပါ။

မိတ်က အန္တရာယ်မရှိတဲ့အရေပြားပြဿနာဆိုပေမယ့် ယားယံတာကြောင့် ကလေးနေရခက်ပါတယ်။ ချွေးထွက်လေ မိတ်ကိုက်လေဖြစ်ပြီး ကလေးသက်သောင့်သက်သာ မဖြစ်ပါဘူး။

  • သေးခံလောင်တာ

သေးခံလောင်ရတဲ့ အဓိက တရားခံကတော့ ကလေးအသားအရေကို စိုစွတ်စေတဲ့ ချွေး၊ ဆီး၊ ကလေး အသားအရေကို ညစ်ပတ်စေတဲ့ အင်အင်းတွေနဲ့ ကလေးရဲ့ အရေပြားကို ပွတ်တိုက်တဲ့ သေးခံ၊ အနှီး‌ စတာတွေပါ။ ပေါင်ကြားဆိုတာ ချွေးအောင်းတဲ့နေရာဖြစ်တာကြောင့် သေးခံလောင်ဖို့ ပိုလွယ်ပါတယ်။

သေးခံလောင်တဲ့အခါ တင်ပါးနဲ့ ပေါင်ကြားမှာ အဖုလေးတွေ ပေါက်ပြီး အရေပြားက ရောင်ရမ်းနေတတ်ပါတယ်။ ကလေးလည်း နေရခက်ပါတယ်။ မကုဘဲ ထားလိုက်မယ်ဆိုရင် အနာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

  • ပွေး

ကလေးလေးတွေကလည်း ‌ပွေးပေါက်တတ်ပါတယ်။ များသောအားဖြင့်တော့ ပွေးရှိတဲ့ လူကြီးတွေနဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကနေ ကူးတာများပါတယ်။ ကလေးက ချွေးထွက်များပြီး အရေပြားက အမြဲလိုလိုစိုထိုင်းထိုင်း ဖြစ်နေမယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမယ်ဆိုရင် ပိုပြီး ဖြစ်တတ်ပါတယ်။

ကလေးလေးတွေမှာ ပွေးပေါက်တဲ့အခါ အရေပြားမှာ အဝိုင်းကွက်လေးတွေပေါ်ပြီး ယားယံတာ၊ ကုတ်ဖဲ့တာ၊ အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။

  • အရေပြားပိုးဝင်တာ

ကလေးတွေက ချွေးတွေကို မသုတ်တတ်တဲ့အတွက် ချွေးယားပြီး ကုတ်ရာကနေ အရေပြား ပိုးဝင်တတ်ပါတယ်။

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ

ကလေးအသားအရေ ချွေးမစားစေဖို့ဆိုရင် ချွေးထွက်နည်းအောင် လုပ်ဖို့နဲ့ ထွက်လာတဲ့ ချွေးတွေကို သန့်စင်ပေးဖို့ လိုပါတယ်။ ဒီအတွက် နည်းလမ်းတွေကတော့

  • ကလေးကို ရေပုံမှန်ချိုးပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
  • ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်ပေးပါ။
  • ကလေးပတ်ဝန်းကျင်ကို အေးနေအောင် ထားပါ။
  • ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် ချည်ထည်အဝတ်အထည်တွေကို ဝတ်ပေးပါ။ အဝတ်ထူထူထဲထဲတွေ ဝတ်ပေးတာကို ရှောင်ပါ။
  • ကလေးချွေးထွက်များတဲ့အခါ ချွေးစိုဝတ်နဲ့ မထားပါနဲ့။ အဝတ် လဲပေးပါ။
  • ကလေးကို အရည်များများတိုက်ပေးပါ။ ဥပမာ မိခင်နို့၊ ၆လအထက်ဆိုရင် ရေ။
  • ချွေးထွက်များတဲ့နေရာတွေကို ပေါင်ဒါလိမ်းပေးလို့လည်း ရပါတယ်။ ကလေးငယ်လေးတွေမှာ ပေါင်ဒါက မဖြစ်မနေလိုတာမျိုး မဟုတ်ပေမယ့် ချွေးထွက်များလို့ ပေါင်ဒါလိမ်းချင်တယ်ဆိုရင် ကလေးက ပေါင်ဒါမှုန့်တွေ မရှူမိအောင် ဂရုစိုက်ပါ။ ကလေးပါးစပ်၊ နှာခေါင်းနဲ့ ဝေးဝေးလိမ်းပါ။ ချွေးစုပ်စေဖို့ Talcပါတဲ့ ပေါင်ဒါအမျိုးအစားကို အသုံးပြုပါ။ ချွေးထွက်များတဲ့နေရာတွေကို အသာအယာလိမ်းပေးပါ။

ဒါဆိုရင် ချွေးထွက်များတဲ့ ကလေးတွေမှာ ချွေးမစားအောင် ဒီနည်းလမ်းတွေ သုံးပြီး ဖြေရှင်းလိုက်ပါ မေမေတို့ရေ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Abnormal Sweating in Children: Care Instructions https://myhealth.alberta.ca/Health/aftercareinformation/pages/conditions.aspx?hwid=ug5290 Accessed date Sept 20, 2024

Nappy rash https://www.healthdirect.gov.au/nappy-rash#:~:text=Nappy%20rash%20is%20a%20skin,prescribe%20medicine%20to%20treat%20it. Accessed date Sept 20, 2024

Ringworm in Children https://www.nationwidechildrens.org/conditions/health-library/ringworm-in-children Accessed date Sept 20, 2024

When Your Child Has Heat Rash (Prickly Heat) https://www.saintlukeskc.org/health-library/when-your-child-has-heat-rash-prickly-heat Accessed date Sept 20, 2024

Is baby powder safe? And what to use instead https://www.babycenter.com/baby/diapering/is-it-safe-to-use-baby-powder-on-my-baby_1519559 Accessed date Sept 20, 2024

ယခုပုံစံ

21/10/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


မနေ့က တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement