brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို

  • နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။
  • ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ နူးညံ့တဲ့ အထိအတွေ့ကြောင့် ကလေးအနေနဲ့ သက်သောင့်သက်သာ ရှိသလို မြန်မြန်ဆန်ဆန်လည်း အိပ်ပျော်စေပါတယ်။ ကလေးနဲ့ မိခင်ကြား ထိတွေ့မှုကြောင့် သံယောဇဉ်လည်း တိုးစေပြီး စိတ်လုံခြုံမှုလည်း ရစေပါတယ်။

    • အစိုဓာတ်ထိန်းတဲ့အနေနဲ့ သုံးနိုင်ပါတယ်။

    ကလေးအသားအရေကို အစိုဓာတ်ဖြည့်ဖို့ moisturizerလိမ်းပြီးတဲ့နောက်မှာ baby oilကို ထပ်လိမ်းပေးမယ်ဆိုရင် အစိုဓာတ်ကို ကြာကြာထိန်းထားပေးနိုင်ပါတယ်။ အထူးသဖြင့် အသားအရေ ခြောက်သွေ့လွန်းတဲ့ ကလေးငယ်လေးတွေမှာပါ။

    • နှင်းခူသက်သာစေပါတယ်။

    တချို့ကလေးလေးတွေမှာ နှင်းခူဖြစ်ပြီး အရေပြားက အဖက်လန်တာ၊ အသားခြောက်ပြီး ယားယံတာတွေ ခံစားရတတ်ပါတယ်။ နှင်းခူက အသားခြောက်လေ ပိုဆိုးလေ ဖြစ်တာကြောင့် baby oil ကို လိမ်းပေးမယ်ဆိုရင် အစိုဓာတ်ကို ကြာကြာထိန်းထားနိုင်လို့ နှင်းခူခဏခဏ ပြန်မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    • Cradle capကို သက်သာစေပါတယ်။

    Cradle cap ဆိုတာ ကလေးလေးတွေရဲ့ ဦးရေပြားမှာ အဆီဖတ်လေးတွေ ကပ်နေတာပါ။ မွေးစလအနည်းငယ်မှာ ဖြစ်တတ်ပြီး အချိန်ကြာလာတာနဲ့အမျှ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ အန္တရာယ်လည်း မရှိပါဘူး။

    အဆီဖတ်တွေ ဦးရေပြားမှာ ကပ်နေတဲ့အတွက် ဒီတိုင်းဖယ်ရင် ကလေးရဲ့ ဆံသားနဲ့ ငြိတတ်ပါတယ်။ ဒါကြောင့် ငြင်ငြင်သာသာ ဖယ်ရှားနိုင်ဖို့ဆို baby oilကို အသုံးပြုနိုင်ပါတယ်။ ခေါင်းမလျှော်ခင် တစ်ညမှာ ဦးရေပြားအနှံ့လိမ်းထားပြီး မနက်ကျ ကလေးသုံး Shampooနဲ့ လျှော်ချမယ်ဆိုရင် အလွယ်တကူ ဖယ်ရှားလို့ ရမှာပဲ ဖြစ်ပါတယ်။

    ကလေးအတွက် သင့်တော်တဲ့ baby oilကို ဘယ်လိုရွေးချယ်မလဲ

    ကလေးလေးတွေရဲ့ အသားအရေက နူးညံ့လွန်းတဲ့အတွက် baby oil ဝယ်တဲ့အခါ အောက်ပါအချက်တွေနဲ့ ကိုက်ညီတာကို ရွေးချယ်ရပါမယ်။

    • သဘာဝ အော်ဂဲနစ်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ရပါမယ်။
    • ဓာတ်မတည့်ဖြစ်နိုင်ခြေ နည်းတဲ့ hypoallergenic အမျိုးအစား ဖြစ်ရပါမယ်။
    • ကလေးငယ်လေးတွေအတွက် သီးသန့်ထုတ်ထားတာမျိုး ဖြစ်ရပါမယ်။
    • Parabens, Phthalates လိုမျိုး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ မပါဝင်ရပါဘူး။
    • အရေပြားဆရာဝန်များမှ အသိအမှတ်ပြုလက်မှတ် ရှိထားရပါမယ်။

    ဒီအချက်တွေနဲ့ ကိုက်ညီမှပဲ ကလေးလေးတွေအတွက် သင့်တော်တဲ့ baby oil ဖြစ်မှာပါ။ Oilဖြစ်တိုင်း တခြားအဆီတွေကို အလွယ်တကူ မသုံးလိုက်သင့်ပါဘူး။ တချို့ oilတွေ အထူးသဖြင့် mineral oil, essential oilတွေက ကလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်သလို ပါးစပ်ထဲဝင်မိရင်လည်း မချေဖျက်နိုင်တာကြောင့် အန္တရာယ်ဖြစ်နိုင်ပါတယ်။

    Baby oilတွေက ကလေးလေးတွေအတွက် ကောင်းကျိုးရှိပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ baby oilကို အသုံးပြုမှ အန္တရာယ်ကင်းကင်းနဲ့ ကောင်းကျိုးရမှာကို မေမေတို့ သိထားသင့်ပါတယ်။

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/11/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။