backup og meta

ကလေးလေနာရောဂါ ကိုဘယ်လိုသက်သာအောင်လုပ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလေနာရောဂါ ကိုဘယ်လိုသက်သာအောင်လုပ်ကြမလဲ။

    ကလေးလေနာရောဂါ ကိုမိခင်တိုင်းကြောက်ကြပါတယ်။ လေနာရောဂါဖြစ်ရင် ကလေးတွေက တက်မတက် ချက်မတက် ငိုကြတာကိုး။ ချော့မရ ပြုမရနဲ့ မိခင်တွေလည်း စိတ်သောက ရောက်ရပါတယ်။ လေနာရောဂါအကြောင်းကို သိထားမယ်။ လေနာထရင် ဘယ်လိုလုပ်ရမယ်ဆိုတာသိထားရင် မိခင်လည်း စိတ်သက်သာပြီး ကလေးလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာမှာပါ။

    လေနာရောဂါဆိုတာ ဘာလဲ။

    ကလေးတွေမှာ လေနာရောဂါလို့သတ်မှတ်ဖို့ တစ်နေ့ကို ၃နာရီနဲ့အထက် တစ်ပတ်ကို ၃ရက်ထက်ပိုပြီး လေနာရောဂါ ခံစားရပါမယ်။ ၃ပတ်ထက်ပိုရပါမယ်။ ဒါမှ ကလေးလေနာလို့ သတ်မှတ်နိုင်မှာပါ။ ကလေးတွေ လေနာပြီဆိုရင်

    -ပြင်းပြင်းထန်ထန်ငိုပါတယ်။ ငိုတာထက် နာလို့အော်တာနဲ့ ပိုတူပါတယ်။

    -အကြောင်းရင်းမရှိဘဲ ငိုပါတယ်။ ဗိုက်ဆာလို့၊ သေးခံလဲချင်လို့ မဟုတ်ဘဲ ဒီတိုင်းကို ငိုတာပါ။

    -အငိုတိတ်တာတောင် ဂျီကျလို့မပြီးပါဘူး။

    -အချိန်မှန်ပါတယ်။ ညနေရောက်ရင် လေနာလေ့ရှိတဲ့ကလေးက ညနေဆို ငိုပါပြီ။ ပြီးရင် အလိုလိုပျောက်သွားပါတယ်။

    -ငိုတဲ့အခါ မျက်နှာရဲလာတာ၊ နှုတ်ခမ်းအရောင်ဖျော့လာတာ ဖြစ်ပါတယ်။

    -ငိုတဲ့အခါ တစ်ကိုယ်လုံးတောင့်တက်ပြီး ကျောကော့တာ၊ လက်သီးဆုပ်တာ၊ လက်တွေ ခြေတွေ တောင့်တာတွေ ဖြစ်လာပါတယ်။

    တစ်ခါတစ်လေ ကလေးက လေလည်လိုက်ရင် သက်သာသွားပါတယ်။ ဒီလေဘယ်ကရောက်လာလဲဆိုတော့ ငိုတုန်းက လေတွေအများကြီး မျိုချမိလို့ပါပဲ။

    ဘာလို့ဖြစ်ရတာလဲ။

    ဖြစ်ရတဲ့ အကြောင်းရင်းကို ခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒါတွေရှိနေရင်တော့ လေနာရောဂါပိုဖြစ်နိုင်ပါတယ်။

    အစာခြေစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးရင်

    -အစာခြေလမ်းကြောင်းမှာ ကောင်းကျိုးပြု ဘတ်တီးရီးယား နည်းနေရင်

    -အစာဓာတ်မတည့်တာရှိရင်

    -နို့စို့များတာ၊ နည်းတာ၊ နို့တိုက်ပြီး လေမထုတ်ပေးတာ

    -ကလေးစိတ်ဖိစီးမှုများတာ စတာတွေပဲ ဖြစ်ပါတယ်။

    မိန်းကလေး၊ယောကျ်ားလေးဖြစ်တာ၊ လမစေ့တာ၊ လစေ့တာ၊ မိခင်နို့တိုက်တာ၊ နို့ဘူးတိုက်တာနဲ့ ပတ်သတ်ပြီးတော့ ထူးထူးခြားခြားသက်ဆိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ကလေးမိခင်က ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မွေးပြီးမှာ ဆေးလိပ်သောက်မယ်၊ ဆေးလိပ်ငွေ့ရှူမိမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    ကလေးအတွက် ရေတိုရော ရေရှည်ရော နောက်ဆက်တွဲ ဆိုးကျိုးမရှိပါဘူး။ ဒါပေမယ့် မိဘတွေကတော့ ကိုယ့်ကလေး ချော့မရအောင် ငိုနေတာ ဖြစ်တဲ့အတွက် ကြာလာရင်

    -မိခင်တွေမှာ မီးတွင်းစိတ်ကျဝေဒနာ ဖြစ်လာနိုင်ပါတယ်။

    -တချို့ မိခင်တွေက အမေနို့ကြောင့် လေနာတယ်ထင်ပြီး နို့ဖြတ်စောတာ

    -မိမိကိုယ်ကို အပြစ်တင်တာ၊ဒေါသထွက်တာမျိုးတွေရှိတတ်ပါတယ်။

    -တစ်ခါတစ်လေ ကလေးက ချော့မရတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းလုပ်မိပြီး Shake baby syndrome (ကလေးအား ကိုင်လှုပ်ရာမှ ဦးနှောက်ထိခိုက်ခြင်း) ရတတ်ပါတယ်။

    ကုသနည်းတွေက ဘာတွေလဲ။

    လေနာရောဂါက ကလေး၃-၄လလောက်ဆိုရင် သူ့ဟာသူ အလိုလို ပျောက်သွားပါတယ်။ ဒါကြောင့် ထူးထူးခြားခြားကုသဖို့ မလိုပါဘူး။ အဲ့ဒီအချိန်မတိုင်ခင်တော့ နည်းလမ်းပေါင်းစုံသုံးပြီး ကလေးကို သက်သာအောင်လုပ်ပေးရမှာပါ။

    ချော့မြူနည်းများ

    ကိုယ့်ကလေးကို နည်းအမျိုးမျိုးသုံးပြီး ချော့မြူပေးပါ။ ဘယ်နည်းက အလုပ်ဖြစ်လဲဆိုတာကို မှတ်ထားပါ။ အသုံးများတဲ့ နည်းတွေကတော့

    -အရုပ်တွေနဲ့ ချော့တာ

    -ကားပတ်မောင်းတာ၊ လမ်းထွက်လျှောက်တာ

    -ကလေးကို လမ်းလျှောက်ရင် ချော့မြူတာ

    -ပုခက်လွှဲပေးတာ

    ရေနွေးလေးနဲ့ ရေချိုးပေးတာ

    -ဝမ်းဗိုက်ကို ပွတ်ပေးတာ၊ မှောက်ပြီး နောက်ကျောကို ပွတ်ပေးတာ

    -တိုးတိတ်ငြင်သာတဲ့ သီချင်းဖွင့်ပေးပါ။

    -ဘေးအခန်းမှာ အာရုံစိုက်စရာ အသံဆူဆူတစ်ခုဖွင့်ထားပါ။ (ဥပမာ အင်္ကျီအခြောက်ခံစက်၊ ဖုန်စုပ်စက်)

    -မီးမှိန်မှိန်ချထားပါ။ ကလေးမျက်စိမစူးပါစေနဲ့။

    အစားကျွေးနည်း

    အစားကျွေးတဲ့ပုံစံပြောင်းလိုက်တာကလည်း အထိုက်အလျောက်သက်သာစေပါတယ်။ နို့ဘူးတိုက်တဲ့ကလေးဆိုရင် ကလေးကို ထောင်တိုက်ပါ။ နို့တိုက်နေစဉ်နဲ့ တိုက်ပြီးစမှာ မကြာမကြာ လေထုတ်ပေးပါ။

    ချော့မြူတာလည်းမရ၊ နို့ထောင်တိုက်တာလည်း အဆင်မပြေဘူးဆိုရင် ရေတိုအစားပုံစံပြောင်းကျွေးကြည့်ပါ။ ဥပမာ ကလေးက အစာဓာတ်မတည့်တာ ရှိမယ်ဆိုရင် တခြားလက္ခဏာတွေဖြစ်တဲ့ အနီပြင်ထွက်တာ၊ တရွှီရွှီကြပ်တာ၊ အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်

    -နို့မှုန့်ပြောင်းတိုက်ကြည့်ပါ။ ကလေးက အခုလက်ရှိနို့မှုန့်နဲ့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားနို့မှုန့်တစ်မျိုးမျိုး (ပရိုတင်းတွေကို အသေးဆုံးဆိုဒ်အဖြစ် ချေဖြတ်ပေးနိုင်တဲ့ နို့မှုန့်မျိုး)ကို တစ်ပတ်လောက် ပြောင်းတိုက်ကြည့်ပါ။

    – နှို့မှုန့်တိုက်တဲ့အခါမှာ ကလေးအူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူပြုစေမယ့် အကျိုးပြုဘက်တီးရီးယား (Probiotics) ပါဝင်တဲ့ နှို့မှုန့်အမျိုးအစားတွေ ရွေးချယ်တိုက်လို့ရပါတယ်။ ဥပမာအားဖြင့် Lactobacillus အမျိုးအစား အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ နို့မှုန့်အမျိုးအစားတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားတွေကို ကလေးရဲ့ အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပြီး ဝမ်းမှန်စေတယ်၊ ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး လေနာတာကိုလည်း သက်သာစေပါတယ်။

    -အမေအစားအသောက်ပုံစံပြောင်းပါ။ အမေနို့သောက်တဲ့ကလေးဆိုရင် အမေစားသမျှက ကလေးမှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဓာတ်မတည့်တာကိုဖြစ်စေတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဥတွေ၊ အစေ့အဆန်တွေ၊ ဂျုံတွေကို ခဏရှောင်ထားပါ။ ဒါ့ပြင် အစာအိမ်ကို မအီမသာဖြစ်စေတဲ့ ဂေါ်ဖီ၊ ကြက်သွန်နီနဲ့ ကဖင်းပါတဲ့ သောက်စရာတွေကိုပါ ရှောင်ထားပါ။

    လေနာထတဲ့ ကလေးကို ထိန်းရတာ အတွေ့အကြုံရှိတဲ့ မိဘတွေအတွက်တောင် မလွယ်ပါဘူး။ ကလေးထိန်းရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့်

    -ခင်ပွန်း/ဇနီး အလှည့်ကျကလေးထိန်းပါ။ လိုအပ်ရင် မိသားစုဝင်တွေကို အကူအညီတောင်းပါ။

    -ပုခက်ထဲမှာလည်း ချော့လို့ရပါတယ်။ ဆက်တိုက်ချီထားရတာကြာရင်ညောင်းပြီး ပင်ပန်းလာပါလိမ့်မယ်။ ဒါကြောင့် ပုခက်ထဲမှာလည်းထားပြီးချော့ပါ။

    -သင်ခံစားရတဲ့ ဒေါသဖြစ်တာတွေ၊ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်စိတ်တွေ၊ ဝမ်းနည်းတာတွေကို မိသားစုဝင်တွေ၊ ဆရာဝန်နဲ့ မျှဝေခံစားလို့ရပါတယ်။

    -ကလေးမငိုအောင်ထားနိုင်တာ တစ်ခုတည်းနဲ့ မိဘကောင်းလို့ သတ်မှတ်လို့မရပါဘူး။ လေနာတာ ကလေးထိန်းညံ့လို့ မဟုတ်ပါဘူး။ ဒီလိုမျိုးတွေ မတွေးလိုက်ပါနဲ့။

    -ကလေးထိန်းနေတဲ့တစ်လျှောက်လုံး သင်ကိုယ်တိုင်လည်း ကျန်းမာပြီး အာဟာရပြည့်ဖို့ လိုပါတယ်။ ဒါကြောင့် အာဟာရရှိအောင်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။

    -လေနာတာ ခဏပဲဆိုတာ မှတ်ထားပါ။ လေနာတာက ၃-၄လနေရင် သူ့အလိုလိုပျောက်ပါတယ်။ ဒါကြောင့် ဒီကာလလေးကို တောင့်ခံထားပါ။

    ကလေးလေနာတာက မရှားပါဘူး။ ဒါပေမယ့် တကယ်တမ်း ကြုံရပြီဆိုရင်တော့ မိဘတိုင်းက စိတ်ညစ်ကြပါတယ်။ ဒီမှာပေးထားတဲ့ နည်းလမ်းတွေကိုသုံးပြီး မိဘတွေလည်း စိတ်ချမ်းသာ၊ ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးထွားလာကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement