ကလေးတွေကိုအုပ်ထိန်းရတာ လွယ်ကူတော့ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကလေးတွေလူမှုဆက်ဆံရေးကောင်းမွန်အောင် တစ်နေ့တာလုံးမှာ မရေမတွက်နိုင်လောက်အောင် ထိန်းသိမ်းပြုပြင်နေရတာတောင် တစ်ခါတစ်ရံမှာ ကလေးတွေဟာ ရိုင်းပြတဲ့အပြုအမူတွေ၊ မကောင်းတဲ့အမူအကျင့်တွေ ပေါ်လာတတ်တာကြောင့် ပိုပြီးအခက်တွေ့ကြရပါတယ်။ ကလေးတွေရဲ့ မကောင်းတဲ့အမူအကျင့်တွေကို ထိန်းသိမ်းနိုင်မယ့် ထိရောက်တဲ့အုပ်ထိန်းနည်းလေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။
စိတ်ကိုထိန်းပါ။
ဒေါသကိုငြိမ်အောင်ထိန်းတာက ကလေးတွေရဲ့ရိုင်းပြတဲ့အပြုအမူတွေ ထိန်းချုပ်နိုင်မယ့် သော့ချက်ပါ။ အော်ဟစ်တာနဲ့ စိတ်ဆိုးတာကိုထင်ရှားစေတဲ့အပြုအမူမျိုးပြတာက သူတို့ကိုပိုဆိုးသွားစေပါတယ်။ သူတို့ဟာ သင်ပြောတဲ့စကားတွေကို မကြားရတာ သို့မဟုတ် တစ်လုံးတစ်လေမှ နားမလည်တာကြောင့် စိတ်ထွက်လွယ်ကြပါတယ်။ မိဘတွေဟာ သူတို့ရဲ့တစ်နေ့တာမှာ စိတ်ရှု့ပ်စရာ စိတ်ဖိစီးစရာတွေအများကြီးကိုလည်း ရင်ဆိုင်နေရသေးတာကြောင့် ဒီအချက်ကိုလိုက်နာဖို့ရာ ပြောသလောက်တော့လွယ်မှာမဟုတ်ပါဘူး။ ပင်ပန်းခြင်းဟာ သူတို့ရဲ့ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့ပိုပြီးခက်ခဲစေပါတယ်။ မိဘတွေဟာ အသက်ပြင်းပြင်းရှူသင့်ပြီး ကလေးတွေကိုစကားမပြောခင်မှာ သေချာဂရုတစိုက်စဉ်းစားပြီးပြောသင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့နေရာမှာ အေးချမ်းကြည်လင်ပြီး တည်ငြိမ်တဲ့အသံနဲ့ပဲပြောပါ။ ကလေးတွေရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ မျှတခိုင်မာပြီးတင်းကြပ်တဲ့နည်းလမ်းတွေနဲ့ကိုင်တွယ်သင့်ပါတယ်။ ဘာတွေကိုဘယ်လိုလုပ်ရမယ်မှန်းမသိတော့တဲ့အခါတွေ သို့မဟုတ် ဒီအခြေအနေတွေကို လက်မြှောက်အရှုံးပေးချင်တဲ့အခါမျိုးတွေမှာ ဒေါသနဲ့ သို့မဟုတ် အပြုသဘောမဟုတ်တော့တဲ့တုံ့ပြန်မှုတွေကို မြင်တွေ့ရလေ့ရှိပါတယ်။
သင့်လျော်တဲ့စည်းကမ်းထားပေးပါ။
သင့်လျော်တဲ့စည်းကမ်းဆိုတာ ကလေးတွေရဲ့ အသက်အရွယ်နဲ့ အခြေအနေရဲ့ပြင်းထန်မှုအပေါ်မူတည်ပါတယ်။ ပထမဆုံးအကြိမ် အမှားလုပ်မိတဲ့ကလေးတွေအတွက် မိဘတွေဟာ မကြာခဏဒီလိုအပြုအမူတွေလုပ်လေ့ရှိတဲ့ ကလေးတွေနဲ့ တန်းတူ အပြစ်ပေးမယ့်အစား အခြေအနေကို ရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိကျကျ လက်ခံနိုင်အောင် ရှင်းပြသင့်ပါတယ်။ ကလေးတွေဟာမကြာခဏသတိမေ့တတ်တာကြောင့် တစ်ခါတလေမှာ သူတို့လုပ်လိုက်တဲ့အပြုအမူတွေဟာ တစ်ပါးသူကိုစိတ်ရှုပ်စေအောင်တမင်လုပ်လိုက်တာမဟုတ်ဘူးဆိုတာကို မိဘတွေက သတိပြုသင့်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ သူတို့ကောင်းကောင်းမှတ်မိမယ့်အချိန်ထိ အချိန်တိုင်းသတိပေးနေကြတာပေါ့။
ကလေးတွေဟာ သူတို့ကိုဘာပြောထားတာလဲဆိုတာမှတ်မိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လက်တွေ့ဘဝမှာ သူတို့ရဲ့အပြုအမူကြောင့်ဖြစ်လာတဲ့ ရလဒ်တွေကို သူတို့ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းခိုင်းလိုက်တာပါပဲ။ ဥပမာ- သူတို့ပန်းကန်ထဲက စားစရာတွေကို လွှင့်ပစ်တယ်ဆိုရင် ဖြစ်လာတဲ့အမှိုက်တွေကို သူတို့ကိုပြန်ရှင်းလင်းခိုင်းလိုက်ပါ။ နောက်ထပ်စားစရာတွေထပ်မပေးဘဲနေလိုက်ပြီး ခဏတာတော့ ဆာလောင်နေပါစေ။
မိဘတွေဟာ ကလေးတွေကို ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းတွေမလုပ်သင့်ပါဘူး။ (လက် သို့မဟုတ် အခြားပစ္စည်းတွေနဲ့ ရိုက်နှက်တာမျိုးပေါ့)။ ဒီနည်းလမ်းဟာ ကလေးတွေကို ပုန်ကန်လိုစိတ်ဖြစ်ပေါ်စေပြီး အနာဂတ်မှာမိဘတွေကိုမုန်းတီးနေမှာမျိုးကလွဲလို့ အခြားဘာကိုမှ ရရှိနိုင်မှာမဟုတ်ပါဘူး။ ကလေးတွေကိုအပြစ်ပေးတဲ့အခါမှာ စိတ်ထဲမှာစွဲစွဲမြဲမြဲသတိထားရမှာက ဒါဟာကလေးတွေကို သင်ကြားပေးနေတာဖြစ်ပြီး သင့်ရဲ့ဒေါသတွေကိုဖွင့်ထုတ်နေတာမဟုတ်ဘူးဆိုတာပါပဲ။
ဘာကြောင့်လုပ်သလဲဆိုတာ နားလည်ပါ။
ဘယ်ပြဿနာကိုမဆို ပြင်ဆင်နိုင်ဖို့နဲ့ မဖြစ်အောင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပြဿနာရဲ့နောက်ကွယ်က အကြောင်းရင်းအစစ်အမှန်ကို အပြည့်အဝနားလည်ဖို့ပါပဲ။ ဒါကြောင့် မိဘတွေဟာ ကလေးတွေရိုင်းစိုင်းတဲ့အပြုအမူတွေလုပ်ရင် အလျင်စလို ထင်မြင်ယူဆ ဆုံးဖြတ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ သူတို့ဟာ ကလေးတွေရဲ့ အပြုအမူကို ဂရုတစိုက်လေ့လာသင့်ပြီး ဖြစ်နိုင်ရင် သင့်လျော်တဲ့နေရာတစ်ခုမှာ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာကိုမေးကြည့်ပါ။ ဒါမှမဟုတ် ကလေးတွေဟာ ဒီအခြေအနေကိုထိန်းချုပ်ဖို့မဖြစ်နိုင်ဘူးလို့ယူဆနေရင် ဆရာဝန်နဲ့ဆွေးနွေးပါ။
ကလေးတွေက ရိုင်းစိုင်းတဲ့အပြုအမူတွေ မကောင်းတဲ့အမူအကျင့်တွေ လုပ်ရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းပြချက်တွေကို ဖော်ပြထားပါတယ်။
- သူတို့ကိုဂရုစိုက်တာလိုချင်လို့ပါ။
- သူတို့ကစည်းကမ်းတွေကို နားမလည်လို့ပါ။
- သူတို့ဟာ ပိုပြီးလွတ်လပ်ချင်ပါတယ်။
- သူတို့ဒေါသထွက်တဲ့အခါ လူကြီးတွေကချော့ပေးကြလို့ပါ။
- သူတို့က လူကြီးတွေရဲ့အပြုအမူတွေကို အတုခိုးတာပါ။
[embed-health-tool-baby-poop-tool]