backup og meta

သင့်ကလေးရဲ့ ကာကွယ်ဆေးတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုပါ ဘာကြောင့်ဦးစားပေးထိုးသင့်တာလဲ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးရဲ့ ကာကွယ်ဆေးတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုပါ  ဘာကြောင့်ဦးစားပေးထိုးသင့်တာလဲ

    ခုခံအားကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေကို ရောဂါပိုးဒဏ်တွေကနေ ကာကွယ်နိုင်မယ့် ထိရောက်တဲ့နည်းလမ်းက ကာကွယ်ဆေးထိုးတာပါပဲ။ ကလေးငယ်တွေဟာ နေရာပေါင်းစုံ၊ လူပေါင်းစုံကနေ ရောဂါပိုးကူးစက်နိုင်တာကြောင့် မွေးစကတည်းက ကာကွယ်ဆေးတွေကို စနစ်တကျထိုးထားပေးသင့်ပါတယ်။ ကလေးတွေကို ကာကွယ်ဆေးတွေ အများကြီးထိုးပေးတဲ့အတွက် ဒီဆေးတွေက ကလေးအတွက် လိုအပ်လို့လားလို့ မေမေတို့ တွေးမိမှာပါ။ အထူးသဖြင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးပေါ့။

    ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ဘာကြောင့် မဖြစ်မနေထိုးပေးသင့်တာလဲ။

    • အဖြစ်များလို့

    ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။

    ဒီရောဂါပိုးက ကလေးကိုရော လူကြီးကိုပါ ကူးစက်နိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။

    မြန်မာနိုင်ငံမှာဆိုရင် ခြင်တွေသဘောကျတဲ့ စပါးခင်းရှိတဲ့ နေရာတွေ၊ ဝက်ခြံ၊ ဘဲခြံတို့ အနီးအနားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ပြောင်းလဲလာတဲ့ လူနေမှုစနစ်အရ မြို့ပေါ်မှာလည်း တွေ့လာရပါပြီ။ ရောဂါအဖြစ်ဆုံး အချိန်ကတော့ ခြင်ပေါက်ပွားမှုများတဲ့ မိုးတွင်း (ဧပြီနဲ့ ဒီဇင်ဘာကြား)မှာ ပိုအဖြစ်များပါတယ်။

    • ရောဂါလက္ခဏာတွေ ပြင်းထန်ပြီး သေနှုန်းများလို့

    အများစုက မပြင်းထန်တဲ့ လက္ခဏာ ဒါမှမဟုတ် လုံးဝလက္ခဏာ မပြတာလည်း ဖြစ်နိုင်ပါတယ်။  ရောဂါပြင်းထန်တဲ့ သူဆိုရင်တော့ ရုတ်တရက် အဖျားတွေ တက်လာတာ၊ နုံးတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာတွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ ဆိုရင်တော့ ဗိုက်အောင့်တာ၊ အန်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ လက္ခဏာတွေ ပိုပြပါတယ်။

    ဒီလို လက္ခဏာတွေပြပြီး မကြာခင်မှာပဲ လူနာက ဦးနှောက်ရောင်တာကြောင့် အပြုအမူပြောင်းလာတာ၊ စကားပြောလို့ မရတာ၊ ခြေလက် လှုပ်မရတာ၊ ဇက်တောင့်တာ စတဲ့ ဦးနှောက်နဲ့ အာရုံကြော လက္ခဏာတွေ ပြလာပါတယ်။

    ဒီလို လက္ခဏာတွေ ပြလာပြီဆိုရင် မကြာခင်မှာ ကယောင်ကတမ်းတွေ ပြောတာ၊ တက်တာ၊ သတိကောင်းကောင်း မရတာ၊ ကိုမာ(Coma) ဝင်သွားတာတွေ ဖြစ်လာနိုင်ပါတယ်။ ကံမကောင်းရင် အသက်ပါ သေဆုံးနိုင်ပါတယ်။ WHOအဆိုအရ ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် သေနှုန်းက ၃၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်တဲ့။

    အသက်ရှင်ခဲ့ရင်တောင်မှ ၂၀က ၃၀ ရာခိုင်နှုန်းလောက်က ရာသက်ပန် အသိဉာဏ်ချို့ယွင်းတာ၊ စကားမပြောနိုင်တာ၊ မလှုပ်ရှားနိုင်တာ၊ တက်တာ စတဲ့ ဆိုးကျိုးတွေကို ခံစားရပါတယ်တဲ့။ ဒါကြောင့် ဒီရောဂါဟာ သိပ်ကို ကြောက်စရာ ကောင်းပါတယ်။

    • ကုသစရာဆေးမရှိလို့

    ဒီလို ပြင်းထန်တဲ့ ဆိုးကျိုးတွေ ရှိပြီး သေနှုန်းတွေ မြင့်နေပေမယ့် ခုထက်ထိ ဒီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ မတော်တဆ နောက်ဆက်တွဲ ဦးနှောက်ရောင်ပြီး တက်တာ၊ အသိဉာဏ်ချို့ယွင်းတာ၊ မလှုပ်ရှားနိုင်တာတွေ ဖြစ်လာရင်တောင် လက္ခဏာသက်သာရုံပဲ ကုသလို့ ရပါတယ်။ အရင်အတိုင်း ပြန်ကောင်းအောင် ကုသပေးဖို့ မလွယ်ပါဘူး။

    ဒီလို ကြောက်စရာကောင်းတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကို ဘယ်လိုရင်ဆိုင်ကြမလဲ။

    အဖြစ်များတဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါကို ရင်ဆိုင်နိုင်ဖို့ကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ ဒါကြောင့် အစိုးရရဲ့ ကာကွယ်ဆေးထိုး အစီအစဉ်မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ထည့်သွင်းထားတာပါ။

    အစိုးရအစီအစဉ်နဲ့ မမီလိုက်ဘူးဆိုရင်လည်း ပြင်ပဆေးရုံတွေမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို အလွယ်တကူ ဝယ်ထိုးလို့ရပါတယ်။ ဘယ်မှာပဲ ထိုးထိုး ကလေးကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးဖြစ်ဖို့က အရေးကြီးပါတယ်။

    ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးဆိုတာ

    ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးဆိုတာ ပိုးကို အားပျော့အောင် လုပ်ပြီး တီထွင်ထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး တစ်နှစ်ပတ်လုံးရောဂါဖြစ်နိုင်ခြေများတဲ့ နိုင်ငံမှာ ကလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးပါ။

    ဒီဆေးကို အသက်၉လကစပြီး ထိုးထားလို့ရပါတယ်။ တစ်လုံးထိုးရင် ခုခံအားစရပြီဆိုပေမယ့် အဖြစ်များတဲ့ နိုင်ငံမှာ နေနေရတဲ့အတွက် စိတ်ချရအောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်နေရင် ထပ်ဆောင်းကာကွယ်ဆေးထပ်ထိုးထားသင့်ပါတယ်။

    ဂျပန်ဦးနှောက်ရောင် ရောဂါက ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတာကြောင့် ဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားတာ အသင့်တော်ဆုံးနည်းလမ်းပါပဲ။ အထူးသဖြင့် တစ်နှစ်ပတ်လုံးရောဂါဖြစ်နိုင်ပြီး အရှေ့တောင်အာရှနိုင်ငံထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ ကာကွယ်ဆေးထိုးထားဖို့ အကြုံပြုလိုပါတယ်။  ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအကြောင်းပိုမိုသိရှိလိုပါက ဆရာဝန်ထံသွားရောက်မေးမြန်းနိုင်ပါတယ်။

    MAT-MM-2100007

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement