backup og meta

ကလေးဆံသားကျန်းမာစေဖို့ ဘယ်လိုအစားအစာတွေကျွေးဖို့လိုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဆံသားကျန်းမာစေဖို့ ဘယ်လိုအစားအစာတွေကျွေးဖို့လိုမလဲ

    ကလေးငယ်လေးတွေဟာ မမွေးဖွားခင်မိခင်ဝမ်းထဲမှာနေစဉ် ကိုယ်ဝန် ၅ လလောက်မှာကတည်းက ဆံပင်တွေက စထွက်လာနေတာပါ။ ကလေးမွေးဖို့ ၄ ပတ်လောက်အလိုမှာကတည်းက ကလေးဆံသားတွေကတော်တော့်ကိုထူထူထဲထဲဖြစ်နေပါပြီ။ ကလေးကမွေးစကနေ ၆ လအရွယ်လောက်ရောက်လာတဲ့အခါ မှာဆံပင်ကျွတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကဖြစ်နေကျမို့ စိုးရိမ်စရာမရှိပါဘူး။ ကလေးကအမြဲ အိပ်နေရတာ၊ ပက်လက်အနေအထားနေရတာတွေကြောင့် ဆံပင်ကျွတ်တာက မလွဲမသွေဖြစ်မှာပါပဲ။

    ဆံသားကျန်းမာလှပတာက အလှတိုးစေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးတွေကို ငယ်စဉ်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ မီးမီးလေးတွေဆိုရင်တော့ ဆံသားလှပဖို့ ပိုလိုအပ်မှာသေချာပါပဲ။ ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်း အစားအသောက်တွေကို မျှတအောင်ကျွေးမယ်ဆိုရင် ကျန်းမာလှပတဲ့ ဆံသားပိုင်ရှင်ဘေဘီလေးတွေအဖြစ်ကြီးပြင်းလာမှာပါ။ ဘယ်လိုအစားအစာတွေကျွေးရင်ဘေဘီလေးတွေရဲ့ ဆံသားကျန်းမာလှပစေမှာလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

    ဆံသားလှပဖို့ အရေးကြီးဆုံးက ဘာများလဲ

    ဆံသားလှပစေဖို့ အရေးအကြီးဆုံးအချက်က အာဟာရပြည့်ဝအောင်ကျွေးမွေးတာပါ။ အာဟာရမျှတအောင်စားသုံးမှုက ခန္ဓါကိုယ်အစိတ်အပိုင်းအားလုံး ကျန်းမာစေဖို့အတွက်တော်တော့်ကိုအရေးပါပါတယ်။ ဒါပေမယ့် လူတော်တော်များများက အာဟာရပြည့်ဝအောင်စားသုံးရမယ်ဆိုတဲ့ အချက်ကိုမေ့နေတတ် ကြပါတယ်။ ကလေးတွေအတွက်အာဟာရပြည့်ဝစေမယ့် အကောင်းဆုံးအစားအသောက်တွေကတော့ အိမ်မှာပြင်ဆင်ချက်ပြုတ်ထားတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ အစားအသောက်တွေက ကလေးတွေ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်သာမက ဆံသားအတွက်ရော၊ အသားအရေအတွက်ပါ အကျိုးထူးစေမှာဖြစ်ပါတယ်။ ဥပမာပြောပြရရင် ဗီတာမင် B ကြွယ်ဝတဲ့အစားအသောက်တွေက ဆံပင်သန်စွမ်းအောင်အထောက်အပံ့ပေးပါတယ်။Omega-3 နဲ့ omega-6 fatty acidsတွေကလည်း ဆံသားအတွက် အထောက်အပံ့ပေးတဲ့ အာဟာရဓါတ်တွေပါပဲ။ ဒါကြောင့် ကလေးဆံသားကျန်းမာသန်စွမ်းစေချင်ရင် ဒီဗီတာမင်ဓါတ်တွေကြွယ်ဝတဲ့ အစားအသောက်တွေကို မဖြစ်မနေကျွေးဖို့လိုပါမယ်။

    ကလေးဆံသားကျန်းမာ သန်စွမ်းအောင် ဒါလေးတွေကျွေးပေးပါ

    ဆယ်လ်မွန်

    ဆယ်လ်မွန်က ကလေးငယ်တွေမှာ ဆံသားကျန်းမာသန်စွမ်းအောင်လှုံ့ဆော်ပေးနိုင်တဲ့Omega-3 နဲ့ omega-6 fatty acidsတွေပါဝင်နေပါတယ်။ ဒီ fatty acidsတွေက ဆံသားအတွက်တင်မကဘဲ အသားအရေအတွက်ပါ အထောက်အကူပြုပါတယ်။

    ဥအမျိုးမျိုး

    ဘဲဥ၊ကြက်ဥ၊ငုံးဥ လိုမျိုး ဥအမျိုးမျိုးက ကလေးငယ်တွေရော အရွယ်ရောက်ပြီးသူတွေအတွက်ပါ ကျန်းမာစေနိုင်တဲ့ အစားအစားတစ်မျိုးပါ။ ကလေးငယ်ကို တစ်နေ့ကို ကြက်ဥပြုတ်တစ်လုံး ပုံမှန်ကျွေးမယ်ဆိုရင် ဆံသားကျန်းမာသန်စွမ်းစေအောင် အထောက်အကူဖြစ်မှာသေချာပါတယ်။

    ငှက်ပျောသီး

    ငှက်ပျောသီးမှာ ဗီတာမင် B ပါဝင်တာကြောင့် ဆံသားကျန်းမာသန်စွမ်းအောင် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ ငှက်ပျောသီးက အစာခြေစနစ်အတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။

    ဟင်းနုနွယ်

    အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ ဗီတာမင် E က ကလေးဆံသားကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ လူကြီးတွေလည်း ဆံသားကျန်းမာသန်စွမ်းစေဖို့ ဗီတာမင် E ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို စားသုံးပေးလို့ရပါတယ်။

    ဗီတာမင် စီပါဝင်တဲ့ အသီးတွေ

    ရှောက်ချိုသီး၊ လိမ္မော်သီးတို့လိုမျိုး ဗီတာမင် C နဲ့ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့အစားအသောက်တွေက ဆံသားကိုကျန်းမာအောင် လုပ်ဆောင်ပေးပါတယ်။ဖောလစ်အက်ဆစ်က ဆံပင်ကို အဖျားကနေ အရင်းထိကျန်းမာသန်စွမ်းစေနိုင်ပြီး ဆံပင်ကျွတ်တာကနေလည်း ကာကွယ်ပေးပါတယ်။

    စတော်ဘယ်ရီ

    စတော်ဘယ်ရီက ကလေးတွေမှာ ဆံသားသန်စွမ်းမှုကို တိုးမြှင့်ပေးနိုင်တဲ့ ကယ်လ်ဆီယမ် နဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။

    နို့

    နို့မှာ ဆံပင်သန်စွမ်းစေဖို့အတွက် အဓိကကျတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ဆံသားကျန်းမာသန်စွမ်းတဲ့ဘေဘီလေးဖြစ်စေချင်တယ်ဆိုရင်တော့ ရင်သွေးလေးကို အနည်းဆုံး တစ်နေ့ကို နို့ နှစ်ခွက်တိုက်ပေးပါ။

    ဒိန်ချဉ်

    နို့ထွက် ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က ကလေးငယ်တွေရဲ့ အစာခြေစနစ်ကိုတင်မဟုတ်ဘဲ အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒိန်ချဉ်က ဆံသားတွေကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါသေးတယ်။

    ရေ

    ကလေးကို တစ်နေ့တာမှာရေများများတိုက်ပေးတာက ဆံသားရော အသားအရေကိုပါ အစိုဓါတ်ထိန်းပေးနိုင်မှာဖြစ်ပါတယ်။ရေသောက်တာက ဆံသားနဲ့အရေပြားကိုတင် အကျိုးရှိစေတာမဟုတ်ပါဘူး။ ကျန်းမာဖို့အတွက် အရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့ ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ကောက်နှံတစ်ခုလုံး

    ကောက်နှံတွေက အစာကြေလွယ်သလို အာဟာရဓါတ်တွေနဲ့ ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကလည်း ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ အစားအသောက်တစ်ခုပါ။

    ထမင်း

    ထမင်းမှာKeratin ထုတ်လုပ်မှုကိုတိုးမြင့်စေနိုင်တဲ့ ဗီတာမင် B ကြွယ်ဝစွာပါဝင်နေပါတယ်။Keratin ကဆံသားအိတ်လေးတွေကို ကျန်းမာစေနိုင်ပြီး ဆံပင်အရှည်မြန်စေနိုင်တဲ့ ပရိုတင်းတစ်မျိုးပါ။

    ပဲစေ့

    အစိမ်းရောင်ပဲစေ့သေးသေးလေးတွေမှာ ကလေးလေးတွေရဲ့ ဆံသားကျန်းမာသန်စွမ်းမှုကိုမြှင့်တင်ပေးနိုင်တဲ့ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်နေပါတယ်။

    ကိုယ့်ရင်သွေးလေးအတွက်ပြင်ဆင်ပေးတဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အခုဖော်ပြပေးခဲ့တဲ့ အစားအသောက်လေးတွေထည့်သွင်းပြင်ဆင်ပေးပြီး ဆံသားကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement