backup og meta

အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား

အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား

အရုပ်သေနတ် တွေဟာ သင့်ကလေးကို ပိုမိုကြမ်းတမ်းစေတယ်ဆိုပြီး သင်ပူပန်ဖူးပါသလား။ မိဘအတော်များများဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ဆော့ခွင့်မပြုတတ်ကြပါဘူး။ ဒါပေမယ့် ငယ်ရွယ်စဉ်မှာ အရုပ်သေနတ်နဲ့ ကစားခဲ့ကြတဲ့ ယောက်ျားလေးတွေဟာ အရွယ်ရောက်ချိန်မှာ ပြစ်မှုကျူးလွန်ခြင်း မျိုး မရှိကြပါဘူး။

အရုပ်သေနတ်တွေဟာ ယောက်ျားလေးတွေကို လက်တွေ့ဘဝမှာ အကြမ်းဖက်မှုတွေ ပြုလုပ်စေပါသလား။

ကလေးစိတ်အထူးကု ဆရာဝန် ဒေါက်တာ Michael Thompson က ငယ်ရွယ်စဉ်မှာ စစ်တိုက်တိုင်းကစားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝမှာ ဒေါသကြီးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက် မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကစားနည်းတွေဟာ ကလေးရဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ ယောက်ျားလေးတွေဟာ ပြင်းထန်တဲ့ ဆော့ကစားခြင်းတွေ ဖြစ်တဲ့ လူဆိုးတွေကို တိုက်ခိုက်ခြင်း၊ စစ်တိုက်တိုင်း ကစားတတ်ကြပေမယ့် မိန်းကလေးတွေကတော့ အရုပ်၊ ဟင်းချက်တိုင်း၊ မိသားစုလုပ်တိုင်း ဆော့ကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေရဲ့ ၆၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း လောက်ဟာ အိမ်မှာ ကြမ်းတမ်းတဲ့ ကစားနည်းတွေကို ကစားကြပြီး မိန်းကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဟာလည်း ကစားကြတယ်လို့ ဆိုပါတယ်။ အံ့သြလောက်စွာပဲ လေ့လာမှု အတော်များများက ကလေးတွေ ကစားခြင်းဟာ လူမှုဆက်ဆံရေးနဲ့ မှတ်ဉာဏ်တွေကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ စိတ်ကူးယဉ်ပြီး ဆော့ရတဲ့ ကစားနည်းတွေမှာ ကလေးတွေဟာ မျက်နှာမှာပေါ်တဲ့ သဲလွန်စတွေကို ဘယ်လိုဖတ်ရမယ်၊ ခြေဟန်လက်ဟန်တွေကို ဘယ်လိုနားလည်အောင်လုပ်ရမယ်၊ အုပ်စုထဲမှာ သူတို့ရဲ့ နေရာကို ဘယ်လိုယူရမယ်၊ လူမှုဆက်ဆံရေးမှာ ဘယ်လိုပြုမူရမယ်ဆိုတာတွေကို သင်ယူလာနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ကြောက်ရွံ့မှုကို ရင်ဆိုင်လာနိုင်စေပါတယ်။

ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာတော့ အရုပ်သေနတ်နဲ့ ဆော့ကစားခြင်းဟာ လူကြီးတွေ ထင်သလို အကြမ်းဖက်ခြင်းမဟုတ်ပဲ ပျော်စရာ ဆော့ကစားနည်းတစ်ခုသာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ရတဲ့ ဆော့ကစားမှုဟာ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း၊ တီထွင်မှုနဲ့ ဖော်ပြနိုင်ခြင်းတွေကို တိုးတက်စေပါတယ်။

အခြားတစ်ဖက်မှာလည်း စိတ်ရောဂါအထူးကု ဆရာဝန်တွေက ကြမ်းတမ်းတဲ့သူတွေဟာ ယေဘုယျအားဖြင့် တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်ခြင်း၊ လွန်စွာ အထီးကျန်ခြင်း၊ ငြင်းပယ်ခံရခြင်း၊ အထင်လွဲခံရခြင်း အစရှိတဲ့ လက္ခဏာတွေ ရှိတတ်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အရုပ်တွေ၊ စိတ်ကူးယဉ်ပြီး ဆော့ကစားရတဲ့ ဂိမ်းတွေဟာ ပြောင်းပြန်အကျိုးကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ကလေးရဲ့ အရုပ်ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။

သင့်ကလေးဆော့နေတဲ့ အရုပ်ကို မိဘတွေ ကိုင်တွယ် ဖြေရှင်းနိုင်စေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • ပြောတဲ့စကားကို ဂရုစိုက်ပါ။ သင့်ကလေး (ယောက်ျားလေး) ရဲ့ ဆော့ကစားတဲ့ပုံစံကို မဝေဖန်သင့်ပါဘူး။ ကလေးတွေဟာ အလွယ်တကူ စိတ်ဒဏ်ရာရနိုင်တာကြောင့် စကားတွေကို ဂရုစိုက်သင့်ပါတယ်။
  • ရှင်းပြပါ။ ဆော့ကစားမှုကို ပိတ်ပင်ခြင်းဟာ အကျိုးမရှိပါဘူး။ ဒီလိုလုပ်မယ့်အစား ကလေးကို သူတို့ဘာကိုကြိုက်တယ်ဆိုတာ ပြောပြသင့်ပါတယ်။
  • ခိုင်ခိုင်မာမာ ပြောပါ။ ကလေးငယ်ဟာ ဆော့ကစားစဉ်မှာ ဆူညံသံတွေ ဖြစ်စေပြီး ဒါဟာ အိမ်နီးချင်းတွေကို ထိခိုက်စေတယ်ဆိုရင် မိဘတွေဟာ ကလေးကို အသံတိုးစေသင့်ပါတယ်။

အခြားကစားနည်းတွေကို အကြံပြုပါ။ မိဘတွေဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ကစားတာကို မကြိုက်ဘူးဆိုရင် အခြားကစားနည်းတွေကို အကြံပြုနိုင်ပါတယ်။ ဒီနည်းတွေကတော့ ဘောလုံးကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း၊ ရေကူးခြင်းတွေ ပါဝင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Toys guns: Do they lead to real life violence? http://www.webmd.com/parenting/features/toy-guns-do-they-lead-real-life-violence#1. Accessed April 15, 2017

Violence in children. http://www.mamamia.com.au/violence-in-children/. Accessed April 15, 2017

Gun violence: is there a link to childhood toy guns? https://www.usacarry.com/gun-violence- link-childhood-toy-guns/.Accessed April 15, 2017

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement