၉ လလုံးလုံး သားအိမ်ထဲမှာနေရင်း အခြားသူတစ်ယောက်ရဲ့ စားသုံးတဲ့အစားအသောက်တွေ၊ ကာကွယ်ပေးမှု နဲ့ အနွေးဓါတ်ပေါ်မှာ မှီခိုနေခဲ့တာပါ။ လူတစ်ယောက်အပေါ်မှာမှီခိုနေရင်း အသက်ရှင်ခဲ့ရမှုကနေတဆင့်ပြောပြဖို့မလွယ်တဲ့ သံယောဇဉ်တစ်ခုတည်ဆောက်နိုင် ခဲ့သလို ရိုသေလေးစားချစ်ခင်မှုတွေပေါက်ဖွားလာခဲ့ပါတယ်။ ဒီလိုမှီခိုနေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးရင်းစောင့်ရှောက်ပေးခဲ့သူက အခြားသူမဟုတ်ပါဘူး မေမေပါ။ ဘဝမှာတွေ့ကြုံရတဲ့ အကောင်းအဆိုးတွေမှန်သမျှကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူက မိခင်ပါ။ ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးမားဆုံးသူတွေကိုပြပါဆိုရင် မိခင်တွေပဲဖြစ်မှာပါ။ မေမေကတော့ အရွယ်ရောက်ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး တွေ့ဆုံခဲ့ရသူတွေထဲမှာ အနွေးထွေးဆုံးသူပါ။
သားသမီးတွေပျော်ရွှင်နေလား၊ စိတ်ညစ်နေလား၊ အခက်အခဲဖြစ်နေလားဆိုတာနဲ့ နှစ်သိမ့်အားပေးမှုကိုလိုအပ်နေလားဆိုတာကို မပြောဘဲသိရှိနိုင်သူကမေမေတွေပါ။ စိတ်ဓါတ်ကျစရာတွေနဲ့တွေ့တိုင်း နှစ်သိမ့်အားပေးရင်းရှေ့ဆက်လျှောက်ဖို့ အင်အားတွေဆောင်ကြဉ်းပေးတာ လုံခြုံနွေးထွေးမှုကို ခံစားရအောင်လုပ်ဆောင်ပေးနိုင်သူက မေမေအပြင်အခြားမရှိပါဘူး။ အူဝဲလို့အော်ရင်း ငိုယိုပြီး လူ့လောကထဲကို ဝင်လာနိုင်ဖို့ ခက်ခက်ခဲခဲမွေးထုတ်ပေးခဲ့ရသူတွေကမေမေတွေပေါ့။
မွေးဖွားသန့်စင်ပြီးချိန်မှာ ကိုယ့်ကိုနွေးနွေးထွေးထွေးလေးပွေ့ဖက်ပြုစုစောင့်ရှောက်ပေးတဲ့ လက်တစ်စုံ ပိုင်ရှင်ကို ဘယ်သူဘယ်ဝါဆိုတာမသိသေးပေမယ့်မေမေကတော့မွေးလာတဲ့သားသားမီးမီးလေးတွေကို ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပေးတဲ့ လက်ဆောင်အဖြစ်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။ ကိုယ်ကမရင်းနှီးပေမယ့် အနွေးထွေးဆုံးမေတ္တာနဲ့ လူ့လောကထဲ ဝင်လာတဲ့ သားသားမီးမီးလေးတွေကို ကြိုဆိုနေတတ်သူတွေပေါ့။
မွေးဖွားပြီးချိန်ကနေစလို့ လူတစ်ယောက်အဖြစ်ရှင်သန်မယ်ဆိုရင် သိသင့်တဲ့အရာတွေ၊ လက်တွေ၊ခြေတွေကို ဘယ်လိုသုံးမယ်၊ စိတ်ခံစားမှုတွေကို မျက်နှာအမူအရာနဲ့ ဘယ်လိုဖော်ပြရမယ်ဆိုတာတွေကို လက်ဦးဆရာအနေနဲ့ မေမေတွေကသင်ပေးတာပါ။ စကားတတ်လာချိန်မှာတော့ မေမေပြောတာတွေထဲကနေသင်ယူရင်း မေမေတွေအကြားချင်ဆုံး စကားသံလေးဖြစ်တဲ့ မပီကလာပီကလာနဲ့မေမေလို့စခေါ်ပါပြီ။ မေမေလို့ ခေါ်သံကြားရုံနဲ့ ပင်ပန်းသမျှတွေကို မေ့သွားပြီး သားသမီးကို အကောင်းဆုံးဆိုတာတွေပဲပေးဖို့ စဉ်းစားနေတတ်ကြပါတယ်။ ကလေးတစ်ယောက်အရွယ်ရောက်လာဖို့ စလယ်ဆုံး အနားမရအောင် ပင်ပန်းကြသူတွေကမေမေတွေပါ။
အခြေခံ လူ့ကျင့်ဝတ်တွေကိုမေမေဆီက သင်ယူပြီးရင်တော့လောကအလယ်မှာ တင့်တယ်စေဖို့ ပညာသင်ယူနိုင်စေဖို့ သင့်တော်မယ့် မူကြိုကို ထားဖို့ပြင်ရပါပြီ။ ကလေးငယ်တစ်ယောက်အတွက် မျက်နှာစိမ်းတွေနဲ့ စဆက်ဆံရချိန်ပေါ့၊ ဝန်းကျင်သစ်မှာ အဆင်မပြေတဲ့အခါကျောင်းမတက်ချင်ဘူးဆိုပြီး ဂျီကျတဲ့အချိန်ရောက်လာပါပြီ။ ဒီလိုအချိန်မှာ မရင်းနှီးတဲ့ မျက်နှာပိုင်ရှင်တွေကချော့ပေမယ့် တကယ်လိုချင်မိတာတော့မေမေ့ရဲ့ နှစ်သိမ့်မှုပါ။ တစ်နေ့တာလုံး မူကြိုမှာနေရတာကြောင့် စိတ်မသက်မသာဖြစ်ပေမယ့် တံခါးဝမှာနွေးထွေးတဲ့ လက်တစ်စုံနဲ့စောင့်ဆိုင်းနေတဲ့မေမေ့ကိုမြင်ရချိန်မှာတော့ တစ်နေ့တာ အဆင်မပြေသမျှကိုမေ့ပြီးပျော်ရွှင်မှုကို ခံစားရပါပြီ။
တဖြည်းဖြည်းအရွယ်ရောက်လာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်တက်ရချိန်ရောက်လာပါပြီ။ မူလတန်း၊ အလယ်တန်းလောက်မှာတစ်ကိုယ်ရေ သန့်ရှင်းရေးကစလို့၊ စားရေးသောက်ရေးပြင်ဆင်ပေးတာနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတာအဆုံး အကုန်လုံးကို အမြဲလုပ်ပေးနေသူကမေမေပါ။ကျောင်းသွားခါနီး ခေါင်းအစခြေအဆုံးပြင်ဆင်ပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထမင်းဗုူးပါထည့်ပေးဖို့ မပျက်မကွက် လုပ်ပေးနေသူပေ့ါ။ ဒါတင်မဟုတ်သေးပါဘူး။ ကျောင်းကပြန်လာတဲ့အခါ တစ်နေ့တာလုံးကျောင်းမှာတွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကိုစိတ်ရှည်လက်ရှည် နားထောင်ပေးပါသေးတယ်။
အထက်တန်းရောက်လာချိန်မှာတော့ ကိုယ်တိုင် အဝတ်လဲတတ်ပြီ။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တတ်ပါပြီ။မေမေကတော့ဘေးကနေ လိုအပ်တာတွေကို လုပ်ပေးနေဆဲပါ။ အထက်တန်းကျောင်းတက်တဲ့အချိန်မှာ စာတွေက များလာသလို သင်ရတဲ့စာတွေထဲမှာလည်း ဘာသာရပ်အသစ်တွေပါလာပါပြီ။ အိမ်ရောက်လို့ စာပြန်လုပ်မိတဲ့အခါ အိမ်စာနားမလည်ရင် ကူလုပ်ပေးတဲ့သူငယ်ချင်းကလည်း အခြားသူမဟုတ်ပါဘူး၊မေမေပါပဲ။ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ရင်သွေးတွေကို လူ့လောကအကြောင်းနားလည်အောင်သင်ကြားပေးသလို အခြေခံလူ့ကျင့်ဝတ်တွေကိုလည်း သင်ကြားပေးပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ လမ်းမှားမရောက်အောင် မျက်ခြည်မပြတ်စောင့်ကြည့်ပေးတာ၊ သတိပေးဆုံးမတာ၊ အမုန်းခံပြီးပြောတာတွေကို ကလည်း မိခင်တွေရဲ့ တာဝန်လို့တော်တော်များများက မှတ်ယူထားပါတယ်။ ဖခင်တွေက သားသမီးကိုချစ်ကြပေမယ့်မေမေတွေလောက်တော့ အသေးစိတ် ဂရုမစိုက်နိုင်ကြပါဘူး။
တက္ကသိုလ်တက်ချိန်ရောက်လို့အရွယ်ရောက်လာပြီဆိုရင်တောင်မှာမေမေတွေကတော့ သားသမီးတွေရဲ့ တီးတိုးတိုင်ပင်ဖော် သူငယ်ချင်းလိုမျိုးဖြစ်နေဆဲပါ။ တက္ကသိုလ်မှာတွေ့ရတဲ့ သူငယ်ချင်းအသစ်တွေ၊အတွေ့အကြုံအသစ်တွေနဲ့ ကြုံဆုံရသမျှ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းလင်းတိုင်ပင်ရင်းမေမေ့ဆီက အကြံဉာဏ်ယူနေရဆဲပါ။ ဘဝတစ်လျှောက်မေမေတွေရဲ့ ဆုံးမသွန်သင်မှုနဲ့ လွတ်ကင်းပြီးကြီးပြင်းဖို့ဆိုတာက တကယ်တော့ မလွယ်ကူလှပါဘူး။ မိခင်ရဲ့ကောင်းမွန်စွာ အုပ်ထိန်းသွန်သင်မှုရတဲ့ ကလေးငယ်တွေက လိမ္မာရေးခြားရှိတဲ့ သားသားမီးမီးလေးတွေအဖြစ် အရွယ်ရောက်ကြီးပြင်းလာကြတာများပါတယ်။ ကြမ်းတမ်းတဲ့လောကကြီးရဲ့ ခက်ထန်မှုတွေကနေ လုံခြုံမှုပေးနိုင်ဆုံးက မိခင်ရဲ့ ရင်ခွင်ပါ။ ဘယ်လောက်အရွယ်ရောက်ရောက် မိခင်တွေရဲ့ မျက်လုံးထဲမှာတော့ သားသမီးတွေကို ကလေးတွေလို့ပဲမြင်ပြီး လိုလေသေးမရှိ ဂရုစိုက်ပေးကြပါတယ်။ သားသမီး စိတ်ချမ်းသာဖို့ဆိုရင် ဘာကိုမဆိုပေးဆပ်ရဲတာကလည်း မိခင်တွေပါပဲ။
မေမေဆိုသူက သူ့ရဲ့ရင်သွေးလေးကို အကောင်းဆုံးသော ဘဝအတွေ့အကြုံတွေကိုပေးစွမ်းနိုင်ဖို့အတွက် သူ့ရဲ့ဘဝတစ်ခုလုံးကိုပေးဆပ်ထားသူပါ။ မိဘဆိုတာမျိုးက သားသမီးကို အမှားမလုပ်မိအောင်နဲ့ လမ်းမှားမရောက်အောင် ကာကွယ်ပေးချင်သူတွေပါ။ ဘဝတစ်လျှောက်လုံးမှာမေမေကပဲဘေးက အစစအရာရာကိုဖေးမကူညီခဲ့တာပါ။ ဒါကြောင့် မိခင်တိုင်းက သားသားမီးမီးတွေရဲ့ လမ်းပြကြယ်လို့ပြောရတာပါ။ သားသားမီးမီးလေးတွေလည်း သူတို့ရဲ့ လမ်းပြကြယ်ဖြစ်တဲ့မေမေတွေရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ အတူ လိမ္မာရေးခြားရှိတဲ့ ကလေးတွေအဖြစ် အရွယ်ရောက်ကြီးပြင်းနိုင်ကြပါစေကြောင်း
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]