backup og meta

သင့်ကလေးကို အစားကောင်းကောင်းစားစေရန် နည်းလမ်းများ

သင့်ကလေးကို အစားကောင်းကောင်းစားစေရန် နည်းလမ်းများ

သင့်ကလေးကို ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားစေရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းသည် သင့်ကလေးကို ကျန်းမာစေမည့် နည်းလမ်းဖြစ်ပါသည်။ အောက်ပါ ၁၀ ချက် သည် သင့်ကလေးကို ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်သော အစားအစာများကိုစားအောင် ပြုလုပ်ပေးသည့် နည်းလမ်းများဖြစ်ပါသည်။

အစားအစာများကို မစားရန် ကန့်သတ်ထားခြင်းကို ရှောင်ကြဉ်ပါ။

ထိုသို့ပြုလုပ်ခြင်းဖြင့် အစားအစာများကို လွန်ကျူးစွာစားခြင်း၊ မည်သည့်အစာကိုမှ ခံတွင်းမတွေ့တော့ခြင်း စသည့် ကျန်းမာရေးပြသနာများ ဖြစ်လာစေနိုင်ပြီး သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။

ထို့ကြောင့် အစားအစာမျာကို မစားရန် ကန့်သတ်မည့်အစား ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော အသားများ၊ နို့များ၊ ကောက်ပဲသီးနှံများ စသည့် ကျန်းမာရေးနှင့် ညီညွတ်စေမည့်အစားအစာများကို ပြောပြပြီး စားသုံးရန်တွန်းအားပေးခြင်းတို့ ပြုလုပ်သင့်ပြီး အရည်အသွေးနိမ့်သော သရေစာများနှင့် စီမံပြုလုပ်ထားသော အစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကို သင့်လက်တကမ်းတွင် ထားပါ။

ကလေးများသည် သူတို့ လက်တကမ်းတွင်ရှိသော အစားအစာများကို ယူစားလေ့ရှိပါသည်။ သင့်အနီးကောင်တာပေါ်တွင် ရေခဲသေတ္တာထဲတွင်ရှိသော မုန့်ကြွပ်များကို ထားမည့်အစား သစ်သီးများထည့်ထားသော ပန်းကန်လုံးကိုထားပါ။ ထို့ပြင် သရေစာအနေနှင့် အခြားသော အစားအစာများစားခြင်းထက် ပန်းသီး စသော အသီးများကို စားပေးပါ။ သင့်အပြုအမူ စားသောက်ပုံများကို ကြည့်ခြင်းဖြင့် ကလေးများလည်း အတုခိုးလာပါလိမ့်မည်။

အစားအစာများကို ကောင်းသည် ဆိုးသည် အမည်မတပ်ပါနှင့်။

ထိုသို့ပြုလုပ်မည့်အစား သင့်ကလေးသတိပြုမိစေနိုင်မည့် အမှတ်အသားများပြုခြင်း ပြုလုပ်ပါ။ ဥပမာအားဖြင့် အသားများနှင့် နို့ထွက်ပစ္စည်းများတွင် ပါဝင်သော ကယ်လ်စီယံဓာတ်များသည် အားကစားလုပ်ရာတွင် အထောက်အကူဖြစ်စေကြောင်း သိရန် ထိုအစားအစာများတွင် “အားကစား” ဟုအမည်တပ်ထားခြင်းမျိုးပြုလုပ်ပါ။ အသီးအနှံများနှင့် ဟင်းရွက်များတွင် ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ဓာတ်များသည် အရေပြားများကို စိုပြေစေပြီး ဆံပင်များကို သန်စွမ်းစေသည်။ ထို့ပြင် ကျန်းမာ အာဟာရပြည့်သော မနက်စာကို စားသုံးခြင်းဖြင့် သင့်ကလေးကို အတန်းထဲတွင် အာရုံစူးစိုက်မှု ပိုကောင်းစေပါသည်။

ကျန်းမာစေသော အစားအစာများကို သင့်ကလေးက ရွေးချယ်လျှင် သူ့ကို ချီးကျုးပေးပါ။

ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော အသားများ၊ နို့များ၊ ကောက်ပဲသီးနှံများ စသည့် ကျန်းမာရေးနှင့် ညီညွတ်စေမည့်အစားအစာများကို သင့်ကလေးက ရွေးချယ်လျှင် အပြုံးဖြင့် ချီးမြှောက်ပါ။ သူ့ကို ချီးကျုးပေးပါ။

သင့်ကလေးက ကျန်းမာရေးနှင့် မသင့်တော်သော အစားအသောက်များကို ရွေးချယ်လျှင်လည်း ဆူပူခြင်း မပြုပါနှင့်။

သင့်ကလေးသည် အဆီများသောအစာများ၊ အကြော်များ စသည့် ကျန်းမာရေးနှင့် မသင့်တော်သော အစားအသောက်များကို ရွေးချယ်လျှင်လည်း ဆူပူခြင်း မပြုဘဲ ကျန်းမာစေသော အစားအစာများကို စားသင့်ကြောင်း အကြံပေးပါ။ အာလူးကြော်အချောင်းများကို စားမည့်အစား ဆီနည်းသော ဖုတ်ထားသည့်အစာများကို စားရန် အကြံပေးပါ။ သင့်ကလေးသည် သကြားလုံး၊ စတော်ဘယ်ရီယိုနှင့် ချောကလက်ကဲ့သို့ ချိုသော အစားအစာများကို ပူဆာပါက အိမ်တွင်ပင် သဘာဝအတိုင်းပြုလုပ်ထားသော အခြောက်ခံထားသော အသီးများကို ကျွေးနိုင်ပါသည်။

သင့်ကလေးကို မုန့်ကျွေးခြင်းဖြင့် ဆုမချပါနှင့်။

ထိုသို့ပြုလုပ်ခြင်းသည် ရေရှည်တွင် ကိုယ်အလေးချိန်မြင့်မားခြင်းကိုဖြစ်စေပါသည်။ ထိုသို့ပြုလုပ်မည့်အစား ကိုယ်လက်လှုပ်ရှားမှုများကို ပိုအားပးသည့် ပန်းခြံများသို့ အလည်ပို့ခြင်း၊ သူတို့ကြိုက်နှစ်သက်သော အားကစားများကို ပြုလုပ်စေခြင်းများ ဖြင့် ဆုချနိုင်ပါသည်။

ညဘက် မိသားစုညစာစားချိန်တွင် သင့်ကလေးကိုပါ တပါတည်း စားခိုင်းပါ။

သင့်မိသားစုသည် ညစာအတူစားတတ်သော အလေ့အကျင့်မရှိပါက ထိုသို့အလေ့အထကို ပြုလုပ်ပေးပါ၊ မိသားစုနှင့် အတူ ညစာအတူစားခြင်းသည် အာဟာရဓာတ်များစုံလင်စွာ စားဖြစ်စေသကဲ့သို့ ဆယ်ကျော်သက်များတွင် ဖြစ်တတ်သည့် အစားအသောက်မူမမှန်ခြင်းပြသနာများကိုလည်း လျော့ကျစေပါသည်။ ထို့ကြောင့် မိသားစုညစာအတူစားခြင်း အလေ့အထကို တစ်လျှင် တစ်ခါ၊ သုံးခါ လေးခါ စသဖြင့် တိုးတိုးပြီး အချိန်ပေးနိုင်အောင် ကြိုးစားပါ။

ဟင်းပန်းကန်များကို မီးဖိုချောင်ထဲတွင် တစ်ခါတည်းပြင်ဆင်ပါ။

တစ်ဦးချင်းစီ၏ ပန်းကန်များထဲတွင် အစားအစာများကို အချိုးညီမျှစွာ ထည့်ထားပေးခြင်းသည် ကိုယ်တိုင်ယူစနစ်ဖြင့် စားသုံးခြင်းထက်ပိုပြီး အာဟာရဓာတ်မျှတစေပါသည်။ ထိုနည်းအားဖြင့် သင့်ကလေးသည် ကျန်းမာရေးအတွက် လိုအပ်မည့် အစာပမာဏကို သိရှိလာမည်ဖြစ်သည်။ ထို့ပြင် သင်ပိုင်းခြားထားသော အစာပမာဏသည် နည်းနေသည်ဟုမထင်ရအောင် သူ့ပမာဏနှင် သင့်တော်သော ပန်းကန်အရွယ်အစားကို အသုံးပြုသင့်ပါသည်။

ကလေးငယ်များကို ထိန်းချုပ်မှုအချို့ ပြုလုပ်ပါ။

သင့်ကလေး၏ ပန်းကန်ထဲတွင်ရှိသော အစားအစာများကို စားစေခြင်းဖြင့် သင့်ကလေးတစ်ယောက်စီကို A,B,C,D,E စသဖြင့် အဆင့်များသတ်မှတ်ပါ။ ဟင်းသီးဟင်းရွက်ကဲ့သို့သော ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားလျှင် အမှတ်များများပေးခြင်း၊ ပိုထည့်ပေးခြင်းနှင့် သင့်ကလေးမကြိုက်သော ဟင်းများကို အတင်းကာရော ထည့်မပေးခြင်းတို့ပြုလုပ်ပေးပါ။

သင့်ကလေးဆရာဝန်နှင့် တိုင်ပင်ပါ။

သင့်ကလေးကို ကိုယ်အလေးချိန်နဲ့ ပတ်သတ်ပြီး စားသောက်မှုပုံစံများ မပြောင်းလဲမီ ကလေးဆရာဝန်နှင့် အရင်တိုင်ပင်ပါ။ သင့် ကိုယ်ပိုင်အမြင်တစ်ခုတည်းနှင့် ကလေးကို ဝသည် ပိန်သည် မဆုံးဖြတ်သင့်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://fit.webmd.com/jr/food/article/parents-food-smart-kids

http://www.parents.com/kids/nutrition/healthy-eating/get-your-kids-to-eat-better/

ယခုပုံစံ

10/08/2022

Dr. K Zin Thwe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင်ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ



Dr. K Zin Thwe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement