home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ

ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ

သားလေးက ချူချာတယ်၊ နေမကောင်း ခဏခဏ ဖြစ်လို့ ဆေးခန်းပဲ ပြေးနေရတာပဲ လို့ မေမေတွေရဲ့ စိတ်မကောင်းဖြစ်နေတဲ့ ညည်းသံလေးတွေ ကြားဖူးမှာပေါ့။ ငယ်ငယ်က ကျန်းမာရေး ချူချာခဲ့တဲ့ ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေမှာ သူများတွေထက် နှေးကွေးတာ၊ မပြည့်မီတာလေးတွေ ရှိတတ်တာလည်း သိကြပြီး ဖြစ်ပါလိမ့်မယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ

အဓိက အကြောင်းရင်းခံကတော့ ကလေးရဲ့ကိုယ်ခံအားစနစ် က မကြံ့ခိုင်လို့ပါပဲ။ ကိုယ်ခံအား နည်းတဲ့အခါ ရောဂါဝင်လွယ်မယ်၊ နေမကောင်းဖြစ်ရတဲ့အခါ အားပိုနည်းမယ်၊ ဖွံ့ဖြိုးဆဲအရွယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝ မရယူနိုင်တော့ဘူး၊ ဒီလိုကနေ ဖွံ့ဖြိုးသင့်သလောက် ဖြစ်မလာတော့ဘဲ ရွယ်တူတွေကြား နောက်ကောက်ကျသွားရနိုင်ပါတယ်။

ကလေးရဲ့ကိုယ်ခံအားစနစ် ကို ဘာတွေက သက်ရောက်မှုရှိနေသလဲ

ကလေးရဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေရှိသလို အားနည်းစေနိုင်တဲ့ အချက်တွေလည်း အများကြီး ရှိတာပေါ့။ သားသားမီးမီးတွေရဲ့ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိနေတာ ဘယ်အရာတွေလဲဆိုတာ မေမေတို့ သိထားပြီးပြီလား။

() အစာအာဟာရ

ဒါဟာ ကျန်းမာရေးအတွက် နံပါတ်တစ် အရေးကြီးဆုံး အချက်ပါ။ ကလေးကို ကိုယ်ခံအား ကောင်းပြီး ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစာအာဟာရတွေထဲမှာ ကိုယ်ခံအား ကောင်းစေနိုင်တဲ့ အာဟာရဓာတ်​တွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

ဒီတော့ ကလေး နေ့စဉ် စားသုံးမယ့် အစားစာတွေထဲမှာ ပရိုတင်း၊ ဇင့်ဓာတ်၊ ဗီတာမင်အေ၊ဗီတာမင်စီလို ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ သံဓာတ်၊ အကျိုးပြုအဆီဓာတ် DHA (Omega-3 fatty acids) စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသင့်ပါတယ်။

အသား၊ ငါး၊ အသီးအရွက် နဲ့ အသီးအနှံတွေကို အလျဉ်းသင့်သလို စုံလင်အောင် စီစဉ်ကျွေးမွေးသင့်သလို ဒိန်ချဉ် လိုမျိုး အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့အစားအသောက်ကိုလည်း ထည့်သွင်းပေးဖို့ အရေးကြီးပါတယ်။
အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အာဟာရဖြစ်စေမယ့် ပရီဘိုင်အိုးတစ် အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းသီး နဲ့ ပရီဘိုင်အိုးတစ်အားဖြည့်နို့ စတာတွေလည်း ကျွေးဖို့လိုပါတယ်။

() အိပ်စက်ချိန်

ကလေးက အိပ်စက်ချိန် လုံလုံလောက်လောက် ရှိမှ ခွန်အားပြည့်ပြီး ကိုယ်ခံအားစနစ် ကျန်းမာနိုင်မှာပါ။ အိပ်ချိန်သိပ်မရှိဘဲ တီဗီကြည့်၊ ဖုန်းကြည့်၊ ဂိမ်းဆော့နေတတ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းပြီး နေမကောင်းဖြစ်လွယ်တတ်ပါတယ်။

ဒါကြောင့် ကလေးတွေကို ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပေးပါ။ ကလေးတွေဟာ အသက်အရွယ်ကို လိုက်ပြီး တစ်နေ့ကို အိပ်စက်ချိန် ၈ နာရီ ကနေ ၁၄ နာရီအထိ ရှိဖို့ လိုအပ်ပါမယ်။

() ကိုယ်လက်လှုပ်ရှားမှု

ကလေးတွေဟာ ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှု ရှိမှ ကျန်းမာမှာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားဆော့ကစားတဲ့ ကလေးတွေ ပိုကျန်းမာတာ၊ ပိုကြံ့ခိုင်တာ တွေ့ဖူးကြမှာပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိစေပြီး ကလေးရဲ့ကိုယ်ခံအားစနစ် ကိုကြံ့ခိုင်အောင် မွေးမြူပေးပါ။

() တစ်ကိုယ်ရေသန့်ရှင်းမှု

ကလေးတွေကို ငယ်စဉ်ကတည်းက လက်ဆေးတာကနေ စလို့ ရေချိုးသန့်စင်တာ အထိ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို သင်ကြားပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ခန္ဓာကိုယ်ကျန်းမာဖို့ တော်တော်လေး အရေးပါတဲ့ အချက်ပါ။

() နေထိုင်မှုပတ်ဝန်းကျင်

ကလေးနဲ့ အနီးဆုံးပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အနေအထား ဖြစ်စေဖို့ ဖန်တီးပေးပါ၊ ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ ကလေးငယ်ရှိနေတဲ့ အနီးတဝိုက်မှာ အနံ့အသက်ဆိုးတွေ၊ ပိုးသတ်ဆေးနဲ့ ဆေးလိပ်ငွေ့လိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အငွှေ့အသက်တွေ မရှိအောင် ဂရုစိုက်ပေးပါ။

လေထုညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေနဲ့ အမှုန်တွေက ကလေးရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပါတယ်။

() ကာကွယ်ဆေး

ကလေးတွေကို အသက်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးဖို့လည်း မမေ့ပါနဲ့။ ရာသီအလိုက် ကာကွယ်ဆေးတွေရောပေါ့။ ဒါမှ ကလေးတွေက ရောဂါတွေမဖြစ်အောင် ခုခံနိုင်မှာပါ။

ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ မေမေတို့ရဲ့ ကလေးတွေ ကိုယ်ခံအားစနစ်ကောင်းမွန်လို့ ပြင်ပကရောဂါတွေ လွယ်လွယ်ဝင်မှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် ကလေးတွေလည်း အနှောင့်အယှက်ကင်းကင်းနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်တိုးတက်လာမှာပါ မေမေတို့ရေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 10/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။