backup og meta

အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို သက်သာစေဖို့ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို သက်သာစေဖို့ဆိုရင်

    မနိုင်တာ တစ်ခုခုကို အတင်းမရင်းက ခါးထဲကနေ မျက်ခနဲ ဖြစ်သွားပြီး အား …… ခါးနာလိုက်တာဆိုပြီး ဖြစ်နေပြီလား။ ခါးမျက်တာက သွေးပူနေတုန်းမှာ သိပ်မနာဘူးလို့ ထင်ရပေမယ့် အချိန်အတိုင်းအတာ တစ်ခုလောက် ကြာပြီးချိန်မှာ တစ်နေ့တာ အလုပ်တွေကို ထိခိုက်စေလောက်တဲ့အထိ နာကျင်ရပါတယ်။ ဒီလို နေ့စဉ် အလုပ်တွေအပေါ် ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ ခါးမျက်တာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

    ခါးမျက်တာကို ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားဖူးကြပါတယ်။ ဒါပေမယ့် ကံကောင်းတာက ခါးမျက်တာကို သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာပါ။ ခါးမျက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မပြောခင် ဘယ်အခြေအနေတွေက ခါးမျက်တာကို ဖြစ်စေနိုင်လဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။

    သင့်ကို ခါးမျက်မှု ခံစားရစေနိုင်တဲ့ အခြေအနေတွေက ဘာတွေလဲ

    လူတော်တော်များများက အခုလို အခြေအနေတွေကြောင့် ခါးမျက်တာကို ခံစားရနိုင်ပါတယ်။

    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် ခါးအောက်ပိုင်း ကြွက်သားတွေ အားနည်းနေတာ
    • ကြွက်သားတွေ တောင့်တင်းနေတာ
    • ကိုယ်နေဟန်ထား မမှန်တာ
    • ခါးရိုးပေါ်မှာ ဝန်တအား ပိနေတာ
    • ကိုယ်လက်လှုပ်ရှားမှု နည်းနေတာ
    • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာကြောင့်ပါ။

    ဒီလို အခြေအနေတွေ ရှိနေတာကို သတိမထားမိဘဲ အလေးပင်တွေမမိတာ၊ ရုတ်တရက် အထိုင်အထတွေ လုပ်မိတဲ့အခါ ခါးနားတစ်ဝိုက်က အရွတ်တွေ၊ ကြွက်သားတွေ ဒဏ်ရာရပြီး ခါးမျက်တတ်ပါတယ်။

    ခါးနာတာ နဲ့ ခါးမျက်တာ အတူတူပဲလား

    ခါးမျက်တာနဲ့ ခါးနာတာက ခပ်ဆင်ဆင်တူပါတယ်။ ခါးနာတာက ကြွက်သားတွေက နာကျင်တာဖြစ်ပြီး များသောအားဖြင့် ကျောရိုး အောက်ဖက်နားက နာကျင်တာပါ။ ခါးမျက်တာကတော့ ကြွက်သားတွေ နာတာအပြင် လှုပ်ရှားတဲ့အခါ ခါးဆစ်လေးတွေ ကြားထဲကပါ ဆစ်ခနဲ နာကျင်တတ်ပါတယ်။

    ဘယ်လို အခြေအနေကို ခါးမျက်တယ် ဆိုနိုင်လဲ

    ခါးမျက်တာ ပြင်းထန်တဲ့ အခြေအနေကို လိုက်ပြီး ခံစားရတာ ကွာခြားနိုင်ပါတယ်။

  • ခါးထဲက တဆစ်ဆစ်နာတာ
  • ခါးတဝိုက် အထူးသဖြင့် ကျော အလယ်နားလောက်မှာ ခပ်စူးစူး နာကျင်တာ
  • ခါးကြွက်သားတွေ တောင့်တင်းနေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
  • ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင်

    • ခြေထောက်တွေထဲ အထိ တဆစ်ဆစ် နာကျင်တာ
    • ထုံကျဉ်တာ
    • ကိုယ်လက်တွေထဲ အားမရှိသလို ဖြစ်တာ
    • ဆီးဝမ်း မထိန်းနိုင်တာမျိုးတွေပါ ဖြစ်စေနိုင်ပါတယ်။

    ခါးမျက်တာ ဘယ်သူတွေ အဖြစ်များသလဲ

    အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို ခံစားရနိုင်ခြေ အများဆုံးသူတွေကတော့ လူလတ်ပိုင်းတွေပါ။ လူလတ်ပိုင်း ၅ ဦးမှာ ၄ ဦးက ခါးမျက်တာ ခါးနာတာတွေကို ခံစားကြရပါတယ်။ ခါးနာတာ၊ ခါးမျက်တာကို ခံစားရတဲ့ ကျား၊ မ အချိုးကတော့ အတူတူပါပဲ။

    လူလတ်ပိုင်းတွေမှာ ခါးမျက်တာ အများဆုံး ဖြစ်ရတဲ့ အကြောင်းအရင်းက ဒီအသက်အပိုင်းအခြားတွေက ခန္ဓာကိုယ်က အင်အားကို အများဆုံး အသုံးချသူတွေဖြစ်ကြတာကြောင့်ရော သက်လတ်ပိုင်းရောက်လာချိန်မှာ အရိုးတွေ၊ အဆစ်တွေမှာ ပြောင်းလဲမှုလေးတွေ စဖြစ်လာတာကြောင့်ရော ပါပါတယ်။ သက်လတ်ပိုင်း နှောင်းပိုင်း ရောက်လာချိန်မှာ ခါးအောက်ပိုင်းနားက အရိုးအဆစ်တွေကပါ အတူတူအိုမင်းလာပါတယ်။

    ဒါကြောင့် သက်လတ်ပိုင်းတွေ အနေနဲ့ ခါးမျက်တာ အပါအဝင် အရိုးအဆစ်ပြဿနာတွေ ကင်းစေဖို့ဆိုရင် အရိုးနဲ့ ကြွက်သားတွေ သန်မာစေမယ့် နေထိုင်စားသောက်မှုတွေကို မွေးမြူဖို့ လိုပါမယ်။

    သက်လတ်ပိုင်းကျော်လာလို့ လူကြီးတွေကလည်း အရိုးတွေ ကြွက်သားတွေ အားနည်းလာတာကြောင့် နည်းနည်းလောက် လေးတာလေးကို မလိုက်တာနဲ့တင် အလွယ်တကူ ခါးမျက်နိုင်ပါတယ်။

    ကဲ …. မတော်တဆ ခါးမျက်သွားခဲ့ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။

    အလေးအပင်တွေ မမိတာကြောင့် ခါးမျက်တာကို သက်သာစေဖို့ဆိုရင်

    ခါးမျက်တာက ဖြစ်စေတဲ့ အကြောင်းအရင်း နဲ့ ပြင်းထန်မှု အတိုင်းအတာကို လိုက်ပြီး အိမ်တွင်းကုထုံးတွေက ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ခါးမျက်တာကို သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် အထိရောက်ဆုံး ကုထုံးလေးတွေတော့ ရှိနေပါတယ်။ ခါးမျက်တာကို သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းတွေကို အတူလိုက်ပါလုပ်ဆောင်ကြည့်လိုက်ရအောင်နော်။

    • ရေခဲကပ်ပါ

    ရေခဲကပ်တာက ခါးမျက်တာ အပါအဝင် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုပေါ့။ ခါးမျက်တာကြောင့် နာကျင်တာကို သက်သာစေသလို အရောင်ကျစေဖို့လည်း အားဖြည့်ပေးဦးမှာပါ။ ထိခိုက်မိပြီး မြန်နိုင်သမျှ မြန်မြန်ရေခဲ ကပ်ပေးတာက ခါးမျက်တာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းပါ။

    • ရေနွေးကပ်ပါ

    ခါးမျက် သွားသွားချင်းမှာ ရေခဲဝတ်ကပ်ပေးတာက ကောင်းပေမယ့် ခါးမျက်တာက ၄၈ နာရီ ကြာပြီးနောက်မှာတော့ ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်နေတဲ့နေရာတဝိုက်ကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့အတွက် ရေနွေးဝတ် ကပ်ပေးရပါမယ်။ ခါးမျက်တာဖြစ်ပြီး ၁ ပတ်အတွင်း ရေနွေးဝတ် ပုံမှန်လေး ကပ်ပေးတာကလည်း လွယ်ကူရိုးစင်းတဲ့ နည်းလမ်းကောင်း တစ်ရပ်ပါ။

    • အနားယူပါ

    ခါးမျက်သွားချိန်မှာ လှုပ်လှုပ်ရှားရှား လုပ်ဖို့ မပြောနဲ့။ မတ်တတ်ရပ်ဖို့ ထိုင်ဖို့တောင် ခက်လောက်အောင် နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို အချိန်မျိုးမှာ အိပ်ရာထဲမှာ ပက်လက်အနေအထားနဲ့ သက်သောင့်သက်သာ လှဲနေတာက အကောင်းဆုံးပါ။ ဒါက ခါးမျက်တာကို သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပေါ့။ ဒါပေမယ့် သတိထားရမှာက ခါးမျက်တာကြောင့် အိပ်ရာထဲမှာ သက်သောင့်သက်သာ အနားယူမယ်ဆိုရင်တောင် တစ်နေကုန် အလှုပ်အရှား မရှိ လှဲနေတာမျိုး မလုပ်ဖို့ပါ။ ဒီလို လုပ်တာက အခန့်မသင့်ရင် နာကျင်မှုကို ပိုဆိုးသွားစေနိုင်ပါတယ်။

    • အကိုက်အခဲ ပျောက်ဆေး သောက်ပါ

    နာကျင်မှုတွေက အရမ်းပြင်းထန်တဲ့ အချိန်မျိုးမှာ ကျိတ်ခံစားတာမျိုး မလုပ်ဘဲ ဆေးစာမလို ဝယ်ယူလို့ရတဲ့ OTC အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း မှန်မှန်ကန်ကန် လိုက်နာ သောက်သုံးတာကလည်း ခါးမျက်နာအပါအဝင် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ခုပါ။

    • ဆေးလိမ်းပါ

    ခါးမျက်တာကို သက်သာအောင် လုပ်ဆောင်လို့ ရမယ့် ရှေးနည်းဟောင်း တစ်ခု ရှိပါတယ်။ ဒါကတော့ ငယ်ငယ်ကတည်းက နာကျင်မှုတွေ သက်သာအောင် လုပ်ဆောင်နေကျ လက်ဆင့်ကမ်း နည်းလမ်းဖြစ်တဲ့ ဒဏ်ကြေလိမ်းဆေး လိမ်းတာပါ။ နာကျင်နေတဲ့နေရာကို ဒဏ်ကြေလိမ်းဆေး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် လိမ်းပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
  • ခါးမျက်နေတာကို ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ ပြောနေတယ်ဆိုပြီး တွေးနေပြီလား။ ခါးမျက်သွားချိန်မှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်တာမျိုး မဟုတ်ဘဲ အကြောတွေ ပြေလျော့စေနိုင်မယ့် ယောဂ၊ ထိုက်ချိတို့လိုမျိုး အကြောဖြေလျှော့ လေ့ကျင့်ခန်းတွေ လုပ်စေချင်တာပါ။

    ဒီလေ့ကျင့်ခန်းတွေက ကြွက်သားတွေကို သန်မာစေသလို နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။ နောက်တစ်ချက်က ခါးမျက် အပါအဝင် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပြီး နောက်တစ်ကြိမ် ထိခိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်လို့ပါ။

    ဒီနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပေမယ့် ၂ ပတ်ကြာတဲ့အထိ ခါးမျက်တာက မသက်သာဘူး ဖြစ်နေမယ်ဆိုရင် အရိုးအကြောဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုလိုက်ပါရစေ။

    ခါးနာသူတွေ နေ့စဉ် ဘဝမှာ လိုက်နာရမယ့် နေထိုင်မှုပုံစံ

    ခါးနာတတ်သူတွေ ခါးမျက်တတ်သူတွေ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါကတော့
    • ကိုယ်နေဟန်ထား မှန်မှန်နေပါ
    • နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
    • အကြောတွေ ဖြေလျှော့ပါ
    • အလေးအပင် မတဲ့အခါ ခန္ဓာကိုယ်ကို ကိုယ်နေဟန်ထား မှန်မှန်နဲ့ မပါ
    • ကိုယ်အလေးချိန် ထိန်းပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement