backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ပုခုံးကြပ်ခဲ ခြင်း (Frozen shoulder)

ပုခုံးကြပ်ခဲ ခြင်း (Frozen shoulder)
ပုခုံးကြပ်ခဲ ခြင်း (Frozen shoulder)

မနက်မိုးလင်းတာနဲ့ ခြင်ထောင်တင်ဖို့ လက်မမြှောက်နိုင် ဖြစ်နေပါသလား။ ဒါမှမဟုတ် ခေါင်းဖြီးဖို့ လက် မမနိုင် ဖြစ်နေပါသလား။ အမြင့်ကပစ္စည်းတစ်ခုခုယူဖို့ လက်မလှမ်းနိုင်ဘူးလား။ အရင်လို မဟုတ်ဘဲ လက်မြှောက်တာ ခဏလောက် ကြာတာနဲ့ ညောင်းနေပြီလား။ ဒါက  ပုခုံးကြပ်ခဲ လာတာပါ။ ရေခဲရိုက်ထားတာနဲ့ ဆင်တူလို့ ဆေးပညာလို frozen shoulder လို့ ခေါ်ပါတယ်။ ဒါက ဘာလို့ ဖြစ်တာလဲ။ တစ်သက်လုံး လက်ပြန်မမြှောက် နိုင်တော့ဘူးလား စသဖြင့် သိလိုရာတွေကို ရေးပေးသွားမှာပါ။

ပုခုံးကြပ်ခဲ တယ်ဆိုတာ ဘာလဲ။

ပုခုံးကြပ်ခဲတယ်ဆိုတာ ပုခုံးက တဖြည်းဖြည်း နာလာတယ်။ လှုပ်လို့ မရတော့ဘူး။ ဒါက ဖြည်းဖြည်းချင်း စဖြစ်ပြီး ပိုဆိုးလာမယ်။ ပြီးရင်တော့ ပြန်ပျောက်သွားပါတယ်။ ၁နှစ်ကနေ ၃နှစ်အထိ ကြာတတ်ပါတယ်။ တချို့ဆို ၅နှစ်အထိ ကြာတတ်ပါတယ်။

ပုခုံးဆိုတာ အရိုး၃ခု ဆုံရာပါ။ လက်မောင်းရိုးရယ်၊ ညှပ်ရိုးရယ်၊ လက်ပြင်ရိုးရယ်ပါ။ ပြီးတော့ ဒီအရိုးသုံးခုကို ဆက်ထားပေးတဲ့ အဆစ်တွေ ရှိမယ်။ ကြွက်သားတွေ တခြားတစ်ရှူးတွေ  ရှိမယ်။ ဒါကိုမှ စုပေါင်းပြီး ပုခုံးရိုးလို့ ခေါ်တာပါ။

ပုခုံးကြပ်ခဲ လာတယ် ဆိုတာ ပုခုံးဆစ်ထူလာပြီး အရွတ်တွေ တက်လာတာပါ။ ဒါ့ပြင် ရိုးတွင်းခြင်ဆီလည်း နည်းလာပါတယ်။ ဒါကြောင့် လှုပ်ရခက်လာတာပါ။

ဘာလက္ခဏာတွေ ပြမှာလဲ။

ပုခုံးကြပ်ခဲတာက တဖြည်းဖြည်းချင်း ဖြစ်တာပါ။ အဆင့် ၃ဆင့် ရှိပါတယ်။ တစ်ဆင့်ကို လနဲ့ ချီပြီး ကြာပါတယ်။

  • ပုခုံးစကြပ်တဲ့ အဆင့် (Freezing stage) – ပုခုံးက လှုပ်လိုက်တာနဲ့ နာပါတယ်။ လှုပ်ရ ရှားရတာလည်း ခက်လာပါတယ်။
  • ပုခုံးကြပ်တဲ့ အဆင့် (Frozen stage) – အနာတော့ သက်သာလာပါတယ်။ ဒါပေမယ့် ပုခုံးက ပိုတောင့်ပြီး လှုပ်ရ ပိုခက်လာပါတယ်။
  • ပြေလျော့တဲ့ အဆင့် (Thawing stage) – ဒီအဆင့်မှာတော့ လှုပ်ရှားရ ပိုအဆင်ပြေလာပါပြီ။

တချို့ လူတွေမှာ ဆိုရင် ညဘက်မှာ နာလွန်းလို့ အိပ်မရတာတောင် ရှိပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်လဲ။

  • အသက်

အသက်၄၀နဲ့ အထက်တွေ ပိုဖြစ်နိုင်ပါတယ်။

  • လိင်

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်နိုင်ပါတယ်။

  • မလှုပ်တာ ဒါမှမဟုတ် လှုပ်ရှားမှု နည်းတာ

လက်မောင်း သိပ်မလှုပ်တဲ့ သူတွေ ဒါမှမဟုတ် အကြောင်း တစ်ခုခုကြောင့် အကြာကြီး မလှုပ်တဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဥပမာ ပြောရရင်

– လက်မောင်းဆစ် ထိခိုက်မိတာ

လက်မောင်းကျိုးတာ

လေဖြတ်တာ

-ခွဲစိတ်ရာက ပြန်ကောင်းလာတာ

  • တခြား ရောဂါအခံ ရှိတဲ့ သူတွေ

ဥပမာ ပြောရရင်

ဆီးချိုရောဂါ

သိုင်းရွိုက်ရောဂါ (သိုင်းရွိုက်ဟော်မုန်း များတာ/ နည်းတာ)

-နှလုံးရောဂါ

တီဘီရောဂါ

ပါကင်ဆန်ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

ပုခုံးကြပ်ခဲတာကို ဘယ်လို ကုသကြမလဲ။

ပုခုံးကြပ်ခဲတာက ဒီအတိုင်းထားမယ်ဆိုရင် ၃နှစ်လောက် ကြာသွားနိုင်ပါတယ်။ အောက်က နည်းလမ်းတွေနဲ့ ကုသတာက မြန်မြန်သက်သာလာပြီး မကြာခင်မှာ ပြန်လှုပ်ရှားနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်တာက ပုခုံးကြပ်ခဲခြင်းအတွက် အကောင်းဆုံး နည်းလမ်းပါပဲ။ ရည်ရွယ်ရင်းကတော့ ပုခုံးဆစ်ကို ဆွဲဆန့်ပြီး ပြန်လှုပ်ရှားနိုင်အောင် လေ့ကျင့်ပေးတာပါ။ ရက်သတ္တပတ် အနည်းငယ်ကနေ ၉လအထိ ကြာနိုင်ပါတယ်။ အိမ်မှာ ပုံမှန်လုပ်တာကလည်း အရေးကြီးပါတယ်။ ပုံမှန်လုပ်တာတောင် ၆လ အထိ မထူးခြားဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် တခြား နည်းလမ်း ပြောင်းရပါမယ်။

  • ဆေးဝါးများ

အနာသက်သာဖို့နဲ့ အရောင်ကျဖို့ အတွက်ဆိုရင် အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ပုခုံးဆစ်ကြားထဲကို စတီးရွိုက် ထိုးတာကလည်း သက်သာစေနိုင်ပါတယ်။

  • အိမ်တွင်း ကုထုံးများ

အိမ်မှာနေရင်းနဲ့ အနာသက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ ရေခဲ ကပ်ပေးတာပါ။ တစ်ခါကပ်ရင် ၁၅မိနစ်လောက်နဲ့ နာတိုင်း ကပ်ပေးနိုင်ပါတယ်။ ပြီးတော့ လေ့ကျင့်ခန်းလည်း လုပ်ပေးနိုင်ပါတယ်။

တော်တော်များများကတော့ အပေါ်က နည်းလမ်းတွေနဲ့ပဲ သက်သာသွားကြတာပါ။ ဒါနဲ့မှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်တဲ့ နည်းလမ်းရှိပါသေးတယ်။

  • ခွဲစိတ်နည်း

ခွဲစိတ်ပြီးတော့ ပုခုံးဆစ် ပတ်ပတ်လည်မှာ ရှိနေတဲ့ အနာရွတ်တွေကို ဖယ်ရှားရတာပါ။ ဒါက နောက်ဆုံးနည်းလမ်းပါ။ ဒီအဆင့်ထိ လုပ်ရတဲ့ သူက ရှားပါတယ်။

လူတော်တော်များများက မကုဘဲ ထားရင်တောင် ၂နှစ်လောက်နေရင် အလိုလို သက်သာသွားပါတယ်။ လေ့ကျင့်ခန်းတွေလုပ်တာ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုတာက ပိုပြီး မြန်မြန်သက်သာစေပါတယ်။

ဒီလောက်ဆို ပုခုံးကြပ်ခဲတဲ့ ရောဂါအကြောင်း သိသွားလောက်ပါပြီ။ အန္တရာယ်မရှိပေမယ့် နေ့စဥ်အလုပ်တွေ လုပ်တဲ့ နေရာမှာ အခက်အခဲ ရှိတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ကိုယ့်ကိုယ်ကို ဒီရောဂါရှိတယ်လို့ သံသယရှိနေရင် ဆရာဝန်နဲ့ စောစောစီးစီးပြပါ။ စောစောကုတာက ပိုပြီး မြန်မြန် သက်သာစေမှာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/a-to-z-guides/what-is-a-frozen-shoulder#1

https://www.mayoclinic.org/diseases-conditions/frozen-shoulder/symptoms-causes/syc-20372684

https://www.nhs.uk/conditions/frozen-shoulder/

https://www.healthline.com/health/frozen-shoulder

ယခုပုံစံ

13/09/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Phyo Wai Lynn မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement