backup og meta

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ

အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာ ဖော်ပြချက်အရ အမျိုးသားများရဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးများရဲ့ ၄၇ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ အဆစ်ရောင်ခြင်းဝေဒနာကို ခံစားရတယ်လို့ သိရပါတယ်။

သုတေသနတွေအရ အဆစ်ရောင်ခြင်းဟာ နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ အထူးသဖြင့် အစားအသောက်ကို သတိပြုစားသုံးရင် ဝေဒနာခံစားရခြင်းကနေ သက်သာစေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

သကြား

ဒီနေရာမှာ ထပ်ပေါင်းသကြား (added sugar) ကို ဆိုလိုပါတယ်။ အစားအစာတချို့မှာ စားကောင်းအောင် ပုံမှန်ရှိသင့်တဲ့ပမာဏထက် ကျော်လွန်ပြီး အချိုကဲအောင် သကြားထပ်ဖြည့်ထားတတ်ကြပါတယ်။ ဆိုဒါ၊ ရေခဲမုန့်၊ သကြားလုံး စသဖြင့် သရေစာမျိုးစုံမှာ သကြားဓာတ်ကို ပိုမိုထည့်သွင်းထားကြပါတယ်။ သကြားဓာတ်ဟာ အရိုးအဆစ်ရောင်ခြင်းဝေဒနာကို ပိုဆိုးစေပါတယ်။ ဆိုဒါရည်လို သကြားဓာတ်ကဲတဲ့ အချိုရည်တွေဟာ အဆစ်ရောင်ခြင်းကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။

အဆင့်ဆင့်ပြုပြင်ထားသော အသားများ

အစားအစာတချို့ကို ကြာရှည်ခံအောင် ပြုပြင်ခြင်းဟာ တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အထူးသဖြင့် အနီရောင်အသားတွေဖြစ်တဲ့ ဝက်သား၊ အမဲသား၊ သိုးသား၊ ဆိတ်သား စတာတွေ ဖြစ်ပါတယ်။

အဆင့်ဆင့်ပြုပြင်ထားတဲ့ အသားတွေမှာ ရောင်ရမ်းမှုကို ပိုမိုအားပေးတဲ့ IL-5၊ CRP စတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်သူတွေကို ဝေဒနာပိုဆိုးစေနိုင်ပါတယ်။

ဂလူတန် (Gluten) ပါသော အစားအစာများ

ဂလူတန်ဆိုတာဟာ ဂျုံ၊ ဘာလီ စတာတွေမှာပါဝင်တဲ့ ပရိုတိန်းအုပ်စုတမျိုး ဖြစ်ပါတယ်။ သုတေသနတွေအရ ဂလူတန်မြင့်မားတဲ့ အစားအသောက်တွေဟာ အဆစ်ရောင်ခြင်းကို ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။

လေးဖက်နာကြောင့် အဆစ်ရောင်ရောဂါ ခံစားနေရသူတချို့ကို ဂလူတန် ပါဝင်ခြင်းမရှိတဲ့ စားသောက်ပုံကို ပြောင်းလဲစေရာမှာ ရောဂါဝေဒနာကို သက်သာစေတယ်လို့ ဖော်ပြထားပါတယ်။

အသင့်စား သရေစာများ

အသင့်စား သရေစာများကို စားချင်စဖွယ်ဖြစ်အောင် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားကြပါတယ်။ အဆိုပါ သရေစာတွေမှာ သကြားဓာတ်ကဲတဲ့အပြင် တာရှည်ခံဓာတုပစ္စည်းများနဲ့ ရောင်ရမ်းခြင်းကို အားပေးတဲ့ အခြားပစ္စည်းများ ပါဝင်နေပါတယ်။ ဒါ့အပြင် သရေစာများဟာ အဝလွန်ခြင်းကို အားပေးပါတယ်။ အဝလွန်သူတွေ၊ ကိုယ်အလေးချိန်ထိန်းရခက်သူတွေမှာ အဆစ်ရောင်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ ပိုမိုခံစားရပါတယ်။

အယ်လ်ကိုဟော

အရက်သောက်ခြင်းဟာ အဆစ်ရောင်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် အရက်ကို နှစ်နဲ့ချီပြီး စွဲမြဲစွာ သောက်သုံးခဲ့သူတွေမှာ အရိုးအဆစ်ရောင်နိုင်ခြေ ပိုများပါတယ်။

ဟင်းသီးဟင်းရွက်မှထုတ်လုပ်ထားသော အဆီတချို့

Omega 6 နဲ့ Omega 3 ဟန်ချက်မညီခြင်းဟာ လေးဘက်နာအဆစ်ရောင်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် Omega 6 မြင့်မားခြင်းဟာ အဆစ်ရောင်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် Omega 6 ပါဝင်မှုများပြားတဲ့ ဟင်းသီးဟင်းရွက်ဆီများကို အဆစ်ရောင်သူများမှာ ရှောင်ကြဉ်သင့်ပါတယ်။

ဆားများသော အစာများ

အဆစ်အမြစ်ရောင်သူတွေဟာ ဆားကိုလျှော့စားသင့်ပါတယ်။ ဆားနယ်ထားတဲ့ အသားတွေ၊ အသားဘူးတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သုတေသနအချို့အရ ဆားနည်းတဲ့ အစားအသောက်ကို စားသုံးသူတွေဟာ အရိုးနုများပျက်စီးတာ နည်းတယ်လို့ ဆိုပါတယ်။

………………………………………………………

အဆစ်ရောင်သူများအနေနဲ့ ဖော်ပြပြီး အစားအစာများကို ရှောင်ကြဉ်တဲ့အပြင် မိမိအတွက် သင့်တော်မည့် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း၊ လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးခြင်း စတဲ့ နေထိုင်စားသောက်ပုံတွေနဲ့ နေထိုင်သင့်ပါတယ်။ နေထိုင်စားသောက်မုှပုံစံကို ပြောင်းလဲခြင်းဟာ အဆစ်ရောင်ခြင်းဝေဒနာကို လျော့ပါးစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/foods-to-avoid-arthritis Accessed Date 29 September 2020

ယခုပုံစံ

05/07/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အကျိုးရှိတဲ့ ကာယလေ့ကျင့်ခန်းများ

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement