backup og meta

ကိုယ့်ကလေး ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ


Ye Zon Aung မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေး ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ

    ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးဝလံတွေဟာ အာဟာရဓာတ်တွေကြွယ်ဝပြီး ကျန်းမာစေတဲ့ သဘာဝအစားအစာတွေဖြစ်ကြပါတယ်။ အသက်အရွယ်မရွေး လူကြီး၊ လူငယ်နဲ့ ကလေးတိုင်းအတွက် အကျိုးကျေးဇူးဖြစ်စေနိုင်တဲ့ အရာတွေပေါ့။ ဒါကြောင့် မိဘတိုင်း ကိုယ့်ကလေး အသီးအရွက်တွေကိုကြိုက်လာတာမျိုးကို အလိုရှိကြပါတယ်။

    ဒါပေမယ့် လူတိုင်းကတော့ ဟင်းသီးဟင်းရွက်တွေကို သဘာဝအလျောက် ကြိုက်နှစ်သက်သွားတတ်ကြတာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့ စီမံကျွေးမွေးမှုတွေကြောင့်သာ တဖြည်းဖြည်းချင်းကြိုက်နှစ်သက်သွားတတ်တာလေ။

    မိဘလုပ်သူတွေရဲ့ စီမံကျွေးမွေးမှုကောင်းမွန်ရင် ကလေးတွေက သစ်သီးဝလံတွေ၊ အရွက်တွေကို ပိုမိုနှစ်ခြိုက်လာကြမှာဖြစ်ပြီးတော့ ကျန်းမာရေးကိုလည်း ပိုပြီး အကျိုးရှိစေမှာပါ။

    ငယ်ရွယ်စဉ်မှာကတည်းက ဟင်းသီးဟင်းရွက်များများမှီဝဲတဲ့ကလေးတွေဟာ ကြီးလာချိန်မှာ အဝလွန်တာ၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ခြေနည်းပါးနိုင်တယ်လေ။ ဒါကြောင့် ရင်သွေးတွေကို ဟင်းသီးဟင်းရွက်တွေ ကျွေးမွေးဖို့ကိစ္စက အရေးကြီးတာပေါ့။

    ကိုယ့်ရဲ့ ကလေး ဟင်းသီးဟင်းရွက်တွေ နှစ်ခြိုက်လာအောင် ဘယ်လို စီမံကျွေးမွေးကြမလဲ။ သိပ်ပြီးမခက်ခဲလှပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။

    • ပန်းကန်တစ်ဝက်နည်းလမ်း – ကိုယ့်ကလေးကို ကျွေးမွေးမယ့် အစားအသောက်ပန်းကန်ရဲ့ တစ်ဝက်တိတိဟာ ဟင်းသီးဟင်းရွက်တွေ ပါဝင်နေစေမယ့် နည်းလမ်းပါ။ ဒီနည်းလမ်းက ကလေးကို ဟင်းသီးဟင်းရွက်စားသောက်တဲ့ အလေ့အကျင့်ဖြစ်စေပြီး သူနှစ်သက်လာအောင် ဆွဲဆောင်နိုင်စေပါလိမ့်မယ်။
    • မီးဖိုချောင်မှာ ဝိုင်းကူခိုင်းပါ – မီးဖိုချောင်အများစုမှာ ဟင်းသီးဟင်းရွက်တွေက အမြဲမပြတ်ရှိနေတတ်တာပါ။ အမြင်ရင်းနှီးလာတာနဲ့အမျှ စားချင်စိတ်လည်းပိုဖြစ်လာမှာမို့ ဒီနည်းလမ်းကလည်း နည်းလမ်းကောင်းပါပဲ။
    • ဟင်းသီးဟင်းရွက်များများစားခိုင်းပါ – တခြားအစားအစာတွေကို ရွေးချယ်မှီဝဲနေတယ်ဆိုရင် ဒီအသီးလေးစားကြည့်ပါလား၊ ဟိုအသီးလေးစားကြည့်ပါလားဆိုပြီး တိုက်တွန်းကြည့်ပါ။ သူနှစ်သက်ရာကို ပြောင်းလဲစားသောက်လာပါလိမ့်မယ်။
    • ပျော်စရာဖြစ်အောင် ဖန်တီးပါ – စားစရာဆိုပေမယ့် တချို့သစ်သီးတွေက ကလေးတွေ စိတ်ဝင်စားလောက်တဲ့ အရုပ်လေးတွေလို ဖန်တီးလို့ရပါတယ်။ ဒါမှမဟုတ်လည်း ကစားလို့ရနိုင်တာလေးတွေရှိတယ်လေ။ ဒီလို ကစားစေတာကလည်း ကလေးတွေ ဟင်းသီးဟင်းရွက်တွေကို နှစ်သက်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။
    • အသီးမစားလို့ အပြစ်မတင်ပါနဲ့ – တစ်ချို့ကလေးတွေက အစာပြေမုန့်တွေနဲ့ အသားငါးတွေကို ပိုနှစ်သက်တတ်ကြပါတယ်။ ဒီလိုကလေးတွေကို သစ်သီးဝလံမစားလို့ဆိုပြီး အပြစ်မတင်ပါနဲ့။ တဖြည်းဖြည်းချင်း ဆွဲဆောင်ယူပါ။ ဆူပူပြစ်တင်တာက သူ့ရဲ့ သစ်သီးဝလံ မစားချင်တဲ့စိတ်ကို ပိုတိုးပွားစေပါလိမ့်မယ်။
    • အမြဲတမ်း တစ်သတ်မှတ်တည်း ကျွေးနဲ့ – တစ်ခါလာလည်း ပန်းသီး၊ တစ်ခါလာလည်း ကန်စွန်းရွက်ဆိုရင် ကလေးလည်း စားရတာ ပျင်းရိလာနိုင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အလှည့်ကျ စီမံပေးပါ။
    • လက်မလျှော့ပါနဲ့ – ကိုယ့်ကလေးက အသီးအရွက်မကြိုက်လို့ စိတ်မပျက်သွားပါနဲ့။ လက်လည်းမလျှော့ပါနဲ့။ ဒီလို ကလေးက ကြိုက်နှစ်သက်လာအောင် လုပ်ရတယ်ဆိုတာက အချိန်ယူပြီးလုပ်ရတဲ့ကိစ္စဖြစ်ပါတယ်။
    • ပြောင်းလဲပြင်ဆင်ကျွေးမွေးပါ – သစ်သီးဆိုတိုင်း အစိမ်းစားလို့ရတာတွေချည်း ကျွေးနေတာမျိုး၊ အရွက်ဆိုတိုင်း ကြော်ကျွေးနေတာမျိုးထက် ကင်တန်တာကို ကင်၊ ပြုတ်တန်တာကို ပြုတ်၊ သုပ်တန်တာကို သုပ်ပြီး ကျွေးမယ်ဆိုရင် ကလေးလည်း ပိုစိတ်ဝင်စားပြီး ပိုစားမြိန်နိုင်ပါတယ်။ စမ်းကြည့်ပါနော်။
    • ကိုယ်ကစပြီး ဥပမာကောင်းဖြစ်ပါစေ – ကလေးကိုတော့ အသီးတွေ၊ အရွက်တွေ အတင်းစားခိုင်းပြီး ကိုယ်ကျမစားပြန်ရင်လည်း အဆင်မပြေပါဘူး။ ကိုယ်တိုင်က ကလေးရှေ့မှာစားပြ၊ မှီဝဲပြတာက ကလေးနောက်လိုက်လုပ်ချင်လာအောင် ဆွဲဆောင်နိုင်စေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement