backup og meta

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

    ဒီပြဿနာဟာ သွားကိုက်ရာကနေ စပါတယ်။ နာကျင်ခြင်း၊ တစစ်စစ်ကိုက်ခြင်း စတာတွေ ကြုံရပါမယ်။ ဒီပြဿနာကို သေချာစွာ မကုသဘဲထားရင် ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီထက်ဆိုးရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။

    သွားပိုးဝင်ခြင်းရဲ့လက္ခဏာတွေကတော့

    – သွား တစစ်စစ် ကိုက်နေခြင်း

    – မေးရိုး၊ နားနှင့် လည်ပင်းပါ နာကျင်ကိုက်ခဲနေခြင်း (များသောအားဖြင့် ကိုက်တဲ့သွားနဲ့ တဖက်တည်းပါပဲ)

    – လှဲနေသည့်အချိန်တွင် ပိုကိုက်ခြင်း

    – ပါးစပ်ကို အထိမခံနိုင်ခြင်း

    – ပါးရောင်ခြင်း

    – လည်ပင်း အကျိတ်များရောင်ပြီး နာနေခြင်း

    – အဖျားတက်ခြင်း

    – အသက်ရှူလျှင် အနံ့မကောင်းခြင်း

    – ပါးစပ်အတွင်း အရသာ မကောင်းခြင်း စတာတွေ ဖြစ်ပါတယ်။

    တခြားနေရာတွေကို ပျံ့သွားရင် ဘာဖြစ်နိုင်သလဲ

    ရောဂါပိုးဝင်ပြီး သွားကိုက်နေခြင်းကို ဂရုမစိုက်ဘဲနေရင် တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကိုပါ ကူးစက်သွားရင် တွေ့နိုင်တဲ့လက္ခဏာတွေကတော့

    ခေါင်းကိုက်ခြင်း

    – မူးဝေခြင်း

    – အားအင်ကုန်ခမ်းခြင်း

    အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း

    – မျက်နှာရောင်ရမ်းခြင်း

    – အစာမျိုချရန်ခက်ခဲခြင်း

    – ရေဓာတ်ခန်းခြောက်ခြင်း (ဆီးနည်းသွားခြင်း၊ ဆီးမည်းခြင်း)

    – နှလုံးခုန်မြန်ခြင်း

    – ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

    အထက်ပါ လက္ခဏာများပြတဲ့အပြင် အဖျားကြီးရင် ဆရာဝန်ပြသင့်ပါတယ်။ လူကြီးဆိုလျှင် ၁၀၃°ဖာရင်ဟိုက်၊ ကလေးဆိုလျှင် ၁၀၂°ဖာရင်ဟိုက်ထက် ကျော်နေရင် ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။ ကလေးငယ်များဆိုရင်တော့ အဖျား ၁၀၀°ဖာရင်ဟိုက် အထက်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

    အဖျားတက်တဲ့အပြင် အောက်ပါလက္ခဏာတွေ ကြုံရမယ်ဆိုရင်လည်း အရေးပေါ်ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။

    – ရင်ဘတ်အောင့်ခြင်း

    အသက်ရှူရခက်ခြင်း

    – အာရုံရှုပ်ထွေးခြင်း

    – အရေပြားပေါ် အဖု အပိန့် အကွက်များ ဖြစ်လာခြင်း

    – ဆက်တိုက်ပျို့အန်နေခြင်း

    – ဆီးသွားစဉ်အောင့်ခြင်း

    သွားပိုးဘယ်လိုဝင်နိုင်သလဲ

    ပထမဦးစွာ သွားများဝန်းကျင်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားပါမယ်။ သွားအက်ကွဲခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စတာတွေကနေတဆင့် သွားများအတွင်းကို ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်ပါတယ်။ အောက်ပါအခြေအနေတွေမှာ သွားပိုးဝင်နိုင်ခြေ ပိုများပါတယ်။

    – သွားနှင့်ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း။ သွားကို တရက်မှာ နှစ်ကြိမ်ခန့် ပုံမှန်တိုက်သင့်ပါတယ်။

    အချိုဓာတ်စားသုံးမှုများခြင်း။ သကြားနဲ့ ဆိုဒါရည်များဟာ ဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးပါတယ်။

    – အာခေါင်ခြောက်ခြင်း။ အသက်အရွယ်အရ ဖြစ်တတ်သလို ဆေးဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    သွားပိုးဝင်ရာကနေ နောက်ဆက်တွဲပြဿနာတွေ ထပ်မံမဖြစ်အောင် သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ဖလူအိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ တရက်နှစ်ကြိမ် သွားတိုက်သင့်ပါတယ်။ ပိုးကြိုးကို အသုံးပြုပြီး သွားများအကြား သန့်ရှင်းရေးပြုလုပ်ပေးရပါမယ်။ အချိုလျှော့စားသင့်ပါတယ်။ ဆေးလိပ် မသောက်သင့်ပါဘူး။ သွားဆရာဝန်နဲ့ ခြောက်လတကြိမ်ခန့် ပြသပြီး သွားနဲ့ခံတွင်းကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။ သွားပိုးဝင်ခြင်း၊ သွားကိုက်ခြင်းဖြစ်ရင် နားလည်တတ်ကျွမ်းသူတွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement