backup og meta

သကြားဓာတ်များလွန်းခြင်း၏ ဆိုးကျိုးများ


Dr. Thant Zin မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သကြားဓာတ်များလွန်းခြင်း၏ ဆိုးကျိုးများ

    ယနေ့အစားအစာတွေမှာ သကြားဓာတ်ဟာ အတွေ့ရများတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများ၊ အသင့်စားသရေစာများကို ထုတ်လုပ်မှုမြင့်တက်လာတာနဲ့အမျှ သကြားသုံးစွဲမှုလည်း များပြားလာပါတယ်။ သကြားဓာတ်ဟာ ကိုယ်ခန္ဓာ စွမ်းအင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပေမယ့် သုံးစွဲမှုလွန်ကဲလာရင်လည်း ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

    ယခုဆက်လက်ဖော်ပြပေးမှာကတော့ သကြားဓာတ်လွန်ကဲရင် တွေ့နိုင်မယ့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

    ၁။ ကိုယ်အလေးချိန်မြင့်တက်ခြင်း

    စားသောက်ဖွယ်ရာတွေကို အချိုဓာတ်များပြီး စားကောင်းအောင် ပြင်ဆင်လာတာနဲ့အမျှ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်း စတဲ့ပြဿနာတွေ ကြုံလာရပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်၊ ကော်ဖီလက်ဖက်ရည် စတာတွေနဲ့ အသင့်စားသရေစာတွေမှာ ပါဝင်တဲ့ သကြားဟာ ဖရက်တို့စ်အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်သကြားထက်စာရင် ဆာလောင်မှုနဲ့ စားသောက်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဗိုက်ပြည့်ပြီး စားသောက်ချင်စိတ်ကို ရပ်စေတဲ့ leptin ဟော်မုန်းကိုလည်း အာနိသင်မတိုးဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် အချိုစာများဟာ အစာကို ပိုမိုစားသောက်ချင်စိတ်ဖြစ်စေပြီး အဝလွန်ခြင်းကို ဦးတည်စေပါတယ်။

    ၂။ နှလုံးရောဂါ ဖြစ်နှုန်းမြင့်မားစေခြင်း

    သကြားဓာတ်လွန်ကဲခြင်းကြောင့် အဝလွန်ခြင်း၊ သွေးကြောများအတွင်း ရောင်ရမ်းခြင်း၊ အဆီဓာတ်များခြင်း၊ သွေးတိုးခြင်း စတဲ့ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ သွေးကြောတွေကို မာကြောကျဉ်းမြောင်းလာစေပြီး အဆီဓာတ်များနဲ့ ပိတ်ဆို့လာစေနိုင်ပါတယ်။ လူသုံးသောင်းကျော်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ သကြားဓာတ်ကို ပိုမိုသုံးစွဲခြင်းကြောင့် ကယ်လိုရီပိုမိုရရှိပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေလည်း ၃၈ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ၃။ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားခြင်း

    ပညာရှင်များရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ကမ္ဘာတလွှားမှာ ဆီးချိုဖြစ်ပွားမှုဟာ နှစ်ဆလောက် မြင့်မားလာတယ်လို့ ဆိုပါတယ်။ သကြားဓာတ်ကို လွန်ကဲစွာ စားသုံးခြင်းဟာ အဝလွန်စေတဲ့အပြင် အင်ဆူလင်အာနိသင်ကိုပါ ခံနိုင်ရည်မြင့်လာစေတာကြောင့် ဆီးချိုဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာစေပါတယ်။ ဆီးချိုရောဂါအခံရှိပြီးသူတွေမှာလည်း သကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းကြောင့် အရေးပေါ်အခြေအနေ ကြုံတွေ့နိုင်ပါတယ်။

    ၄။ စိတ်ကျရောဂါကို ပိုမိုဆိုးရွားစေခြင်း

    သကြားဓာတ်မြင့်မားတဲ့ အစားအစာတွေကို စားသုံးမှုများခြင်းနဲ့ စိတ်ကျရောဂါဖြစ်ပွားမှုအကြား ဆက်စပ်နေပါတယ်။ လူပေါင်းရှစ်ထောင်ခန့်နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ သကြားဓာတ်စားသုံးမှု တစ်ရက်ကို ၆၇ ဂရမ်ထက်ပိုသူများဟာ တရက်ကို ၄၀ ဂရမ်အောက် စားသုံးသူများထက် စိတ်ကျရောဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ သကြားဓာတ်ဟာ အာရုံကြောလျှပ်ကူးပစ္စည်းများ အလုပ်လုပ်ခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ သိရပါတယ်။

    ၅။ အသားအရေကို အိုမင်းရင့်ရော်လွယ်စေခြင်း

    အရေပြားပေါ်မှာ အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်းဟာ သဘာဝအလျောက်ကြုံတွေ့ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်ပေါ်လည်း မူတည်ပါသေးတယ်။

    အထူးသဖြင့် သကြားဓာတ်ကို လွန်ကဲစွာစားသုံးရင် ကော်လဂျင်ဓာတ်ကို ထိခိုက်စေတာကြောင့် အသားအရေကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ဖြစ်စေနိုင်ပါတယ်။

    ၆။ အသည်းအဆီဖုံးစေခြင်း

    ဖရက်တို့စ်သကြားကို အစားများရင် သကြားအဆီဖုံးခြင်းဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဂလူးကို့စ်နဲ့ တခြားသကြား အမျိုးအစားတွေကိုလည်း ဖရက်တို့စ်သကြားကိုလည်း အသည်းကနေပဲ အများဆုံးချေဖျက်ပါတယ်။

    ဖရက်တို့စ်သကြားကို ဂလိုင်ကိုဂျင်အနေနဲ့ အသည်းထဲမှာ သိုလှောင်ထားပါတယ်။ သိုလှောင်တဲ့ပမာဏများလာရင် အသည်းရဲ့လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်လာတဲ့အခါ အဆီများအနေနဲ့ စုဝေးလာနိုင်ပါတယ်။

    ၇။ ဝက်ခြံများ ပိုမိုဖြစ်ပေါ်စေခြင်း

    အချိုဓာတ်ကဲတဲ့ စားသောက်ဖွယ်ရာများဟာ ဝက်ခြံများကို ပိုမိုဖြစ်ပေါ်စေပါတယ်။ သကြားဓာတ်မြင့်တက်ခြင်းကြောင့် အန်ဒရိုဂျင်ဟော်မုန်းထွက်ခြင်း၊ အဆီထွက်ခြင်းနှင့် ရောင်ရမ်းခြင်း စတာတွေကို မြင့်တက်စေပြီး ဝက်ခြံများထွက်လာစေပါတယ်။

    သကြားဓာတ်ညွှန်ကိန်း (Glycemic index) မြင့်လေ ဝက်ခြံအဖြစ်များလေ ဖြစ်ပါတယ်။ သုတေသနတခုရဲ့ အဆိုအရ သကြားဓာတ်အစားများသူတွေဟာ ဝက်ခြံဖြစ်နှုန်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement