backup og meta

ခံတွင်းကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက်

    ဒိန်ချဉ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိတဲ့အကြောင်း သိကြမယ်ထင်ပါတယ်။ ဒိန်ချဉ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတယ်။ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေကို နှိမ်နင်းဖို့အတွက် အကျိုးပြုဘက်တီးရီးယား (Probiotics) တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဝမ်းချုပ်တတ်သူတွေအတွက်လည်း ဝမ်းကို ပုံမှန်အတိုင်း သွားစေပြီး ဝမ်းပျော့စေနိုင်ပါတယ်။

    ဒါတင်ပဲ ကောင်းကျိုးရှိတာလားဆိုတော့ မဟုတ်ပါဘူးနော်။ သုတေသီတွေရဲ့ လေ့လာချက်အရ ဒိန်ချဉ်ဟာ ခံတွင်းကျန်းမာရေးအတွက်ပါ အများကြီး အထောက်အကူပေးနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေထဲမှာ

    ၁။ ဒိန်ချဉ်ဟာ သွားတွေကို ခိုင်ခံ့စေတယ်။

    ဒိန်ချဉ်မှာ ကယ်လ်စီယမ်ဓာတ် အများအပြား ပါဝင်လို့ သွားနဲ့ အရိုးတွေကို ခိုင်ခံ့စေနိုင်ပြီး အသက်အရွယ်ကြောင့် သွားများ ဆွေးမြေ့လာတာ၊ သွားကျိုးလွယ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေ ငယ်စဉ်ကနေ ဒိန်ချဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် သွားများ ညီညာခိုင်ခံ့စေပြီး သွားရဲ့ သိပ်သည်းဆကို ပါးသွားစေခြင်းမရှိပါဘူး။

    ၂။ ဒိန်ချဉ်ဟာ သွားဖုံးကို ကျန်းမာစေတယ်။

    အူလမ်းကြောင်းအတွက် အကျိုးပြုဘက်တီးရီးယားတွေကို ထုတ်လုပ်ပေးနိုင်တဲ့ ဒိန်ချဉ်ဟာ သွားဖုံးအတွက်လည်း တူညီတဲ့ အကျိုးကျေးဇူးရှိစေပါတယ်။ ဒီ Probiotics တွေဟာ သွားကြားနဲ့ သွားဖုံးမှာ ကပ်ငြိနေတဲ့ ရောဂါပိုးတွေကို သေစေလို့ သွားဖုံးရောဂါများဖြစ်တဲ့ သွားကိုက်သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ ရေစီးကမ်းပြိုလိုက်ခြင်း၊ သွားဖုံးသွေးယိုစီးခြင်းတွေကို မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ခံတွင်းထဲက အက်စစ်ဓာတ်ကို လျှော့ချပေးတယ်။

    အစာအိမ်ကနေ အစာချေဖျက်ပြီး ပြန်ကန်တက်လာတဲ့ အရည်တွေထဲမှာ အက်စစ်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒီအက်ဆစ်ဓာတ်ဟာ တံတွေးကနေတစ်ဆင့် ပါးစပ်ထဲ များလာတဲ့အခါ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွားစေနိုင်ပါတယ်။ ဒိန်ချဉ်ဟာ ဒီအက်စစ်ဓာတ်ကို လျှော့ချပေးတဲ့အတွက် ခံတွင်းထဲရှိ ဘက်တီးရီးယား ပေါက်ဖွားနှုန်းကိုပါ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။

    ၄။ ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်။

    ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သွားကြားထဲမှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှုများနေတာကြောင့်ပါပဲ။ ဒိန်ချဉ်ဟာ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းအနံ့ဆိုးဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

    ၅။ Brace တပ်နေသူတွေအတွက်လည်း အကျိုးထူးများစွာ ရှိစေတယ်။

    သွားမညီသူတွေ၊ သွားထပ်နေသူတွေ၊ သွားကျဲနေသူတွေအနေနဲ့ Brace လို့ခေါ်တဲ့ သွားထိန်းကိရိယာ တပ်ထားတဲ့အခါ စားလိုက်တဲ့အစားအစာက သွားပြီး ကပ်ငြိရင် သန့်ရှင်းရေးလုပ်ရတာ နည်းနည်းခက်ခဲနိုင်ပါတယ်။ ဒိန်ချဉ်ရဲ့ ကောင်းကျိုးက သွားကြားထဲ ကပ်ငြိကျန်ခဲ့ခြင်းမရှိသလို နဂိုရှိနေတဲ့ စားကြွင်းစားကျန်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုလည်း များလို့ သွားကို ခိုင်ခံ့စေပြီး သွားညီစေရန်လည်း ကူညီပေးပါတယ်။

    ကဲ ဒီတော့ ခံတွင်းကျန်းမာရေးအတွက် တစ်နေ့ကို တစ်ခွက်လောက် ဒိန်ချဉ်သောက်ကြစို့နော်။ ဒိန်ချဉ်ဆိုတဲ့နေရာမှာ သကြားလုံးဝမပါဝင်တဲ့ သဘာဝ ဒိန်ချဉ်စစ်စစ်တွေကိုသာ အဓိကရွေးချယ် သောက်သုံးပေးပါ။ ကလေးတွေအတွက် ဒိန်ချဉ်ကိုမှ သစ်သီးတွေ လှီးစိတ်ပြီး ရောကျွေးတာ၊ အစေ့အဆန်များ ကြိတ်ပြီး ရောမွှေကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးကို အမြဲစစ်ဆေးပေးဖို့ သွားဆေးခန်းကို ၆လတစ်ကြိမ် သွားစစ်ပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement