သွားဖုံးတွေ ရောင်နေလို့ ဘာမှမစားနိုင်ဘူး။ ခံရတော်တော်ခက်နေတယ် ဆိုတဲ့ သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ သွားဖုံးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးအချို့ ဖော်ပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။
သွားဖုံး ဘာကြောင့်ရောင်
သွားဖုံးရောင်ရတဲ့အကြောင်းအရင်းက တစ်ချက်မကရှိပါတယ်။ ဒီထဲမှာမှ ကိုယ်သွားဖုံးရောင်ရတာက ဘာကြောင့်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်အဖြေရှာကြည့်လိုက်နော်။
ခံတွင်းသန့်ရှင်းမှုအားနည်းတာ – ပုံမှန် ခံတွင်းသန့်ရှင်းမှုမရှိတာ။
သွားချေးတွေစုပုံပြီး ပိုးပေါက်ဖွားတာကြောင့်ဖြစ်တာ – သွားပုံမှန်မတိုက်တာ၊ သွားကိုသေချာမတိုက်တာကြောင့် သွားချေးတွေမှာပိုးတွေပေါက်ဖွားမှုကြောင့် သွားဖုံးရောင်တာဖြစ်စေနိုင်ပါတယ်။
ဟော်မုန်းပြောင်းလဲတာ – ကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲတာတွေဖြစ်စေတဲ့ အပျိုဖော်ဝင်တာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာလိုမျိုး ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။
ရောဂါအခြေအနေတွေကြောင့် – ကင်ဆာ၊ ဆီးချိုနဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတွေခံစားနေရတာကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။
သောက်သုံးနေတဲ့ဆေးဝါးတွေကြောင့် – အချို့သောဆေးဝါးတွေက သွားဖုံးကတစ်ရှုးတွေကိုထိခိုက်စေပြီး သွားဖုံးရောင်တာကိုဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်သောက်တာကြောင့် – ဆေးလိပ်သောက်သုံးမှုက သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေပြီး သွားဖုံးရောင်တာကိုဖြစ်စေနိုင်ပါတယ်။
အသက်အရွယ်ကြောင့် – အသက်အရွယ်ကြီးရင့်လာမှုကလည်း သင့်ကို သွားဖုံးရောင်ဝေဒနာခံစားရစေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။
အာဟာရပြည့်ဝအောင်မစားတာကြောင့် – စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်မှုနည်းနေတာကလည်း သွားဖုံးတွေကိုရောင်ရမ်းစေနိုင်ပါတယ်။
မျိုးရိုးလိုက်တာ – မျိုးရိုးလိုက်တာကြောင့်လည်း သွားဖုံးရောင်နာကိုခံစားရနိုင်ပါတယ်။ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေက သွားဖုံးရောင်ရောဂါခံစားဖူးတယ်ဆိုရင်တော့ သင် သွားဖုံးရောင်တာက အဆန်းတကြယ်တော့မဟုတ်ဘူးပေါ့။
သွားဖုံးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးအချို့ က ဘာတွေများလဲ
သွားဖုံးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးအချို့ ကို အတူတူ ဆက်ကြည့်လိုက်ရအာင်နော်။ သွားဖုံးရောင်တာကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။
ဆားရည်နဲ့ အာလုတ်ကျင်းပါ
ဒီလိုလုပ်တာက အနာကျက်စေနိုင်ပြိး ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားဖုံးရောင်ခဲ့ရင် ဖန်ခွက်တစ်လုံးထဲကို ရေနွေးတဝက်လောက်ဖြည့်ပေးပါ။ ပြီးရင်ရေနွေးထဲကို ဆားလက်ဖက်ရည်ဇွန်း တဝက်စာလောက်ထည့်ပါ။ ဆားတွေပျော်အောင်မွှေလိုက်ပါ။ ခပ်နွေးနွေးလေးမှာ အာလုတ်ကျင်းပြီး တစ်နေ့ကို ၃ ကြိမ်လောက်လုပ်ပေးပါ။
စပါးလင်ဆီနဲ့ အာလုတ်ကျင်းပါ
စပါးလင်ဆီက သွားချေးတွေကိုလျော့ပါးစေပြီး သွားဖုံးရောင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ စပါးလင်ဆီနဲ့ အာလုတ်ကျင်းတော့မယ်ဆိုရင် ရေနွေးပူပူထဲကို စပါးလင်ဆီ ၂ စက် ၃ စက်လောက်ထည့်ပေးပါ။ ပြီးရင်နှံအောင်မွှေပြီး ခပ်နွေးနွေးလေးမှာ အာလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက်ထိလုပ်ပေးပါ။
ရှားစောင်းလက်ပပ်အနှစ်နဲ့ အာလုတ်ကျင်းပေးပါ
ရှားစောင်းလက်ပပ်အနှစ်ကလည်း သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သွားဖုံးတွေရောင်ပြီးနာတဲ့အခါ ရှားစောင်းလက်ပပ်ကိုအလယ်က ဂျယ်လီသားလေးတွေကို လွှာပါ။ ပြီးရင်အရည်ဖြစ်လာအောင်ခေါက်ပြီး ရလာတဲ့အနှစ်ကို ရေနွေးနွေးလေးနဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ အာလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက်အထိလုပ်ပေးလို့ရပါတယ်။
Tea tree oil နဲ့ အာလုတ်ကျင်းပေးပါ
Tea tree oil နဲ့အာလုတ်ကျင်းပေးတာက သွားဖုံးသွေးယိုတာကို သက်သာစေပြီး သွားဖုံးရောင်တာကို သိသိသာသာသက်သာစေနိုင်မှာပါ။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ရေနွေးနွေးထဲကို Tea tree oil ၃ စက်လောက်ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် အာလုတ်ကျင်းပေးရုံပါ။ တစ်နေ့ကို ၃ ကြိမ်လောက်အထိ အာလုပ်ကျင်းပေးလို့ရပါတယ်။
ပင်စိမ်းရေနွေးနဲ့ အာလုတ်ကျင်းပေးပါ
ပင်စိမ်းရွက်ကိုရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲကို ပင်စိမ်းရွက် နည်းနည်းထည့်ပြီး ၁၀ မိနစ်လောက်စိမ်ထားပေးပါ။ ပြီးရင်အအေးခံပြီး အာလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက်အထိလုပ်ပေးလို့ရပါတယ်။
မာလကာရွက်နဲ့ အာလုတ်ကျင်းပေးပါ
မာလကာရွက် ၆ ရွက်လောက်ကိုရေစင်အောင်ဆေးလို့ ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်လိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်စိမ်ထားပါ။ ခပ်နွေးနွေးလေးဖြစ်နေချိန်မှာ အာလုတ်ကျင်းပေးပါ။ ဆားနည်းနည်းထည့်ပေးလို့ရပါတယ်။
ကဲ…သွားဖုံးရောင်လို့ စိတ်ညစ်မနေနဲ့တော့နော်။ အခုပြောခဲ့တဲ့နည်းလေးတွေကိုသုံးပြီး သွားဖုံးရောင်တာကို သက်သာအောင်လုပ်လို့ရပါတယ်။
[embed-health-tool-bmi]