home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား

လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း – Circumcision ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတာ အများကြီးပါပဲ။ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကြောင့် ကျန်းမာရေးအရ ဘာတွေ ပြောင်းလဲမှု ရှိသွားလဲ။ လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကိုယ့်အတွက်ရော ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြောင်းလဲမှု ရှိသွားမှာလား။

ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံထိပ် အရေပြား ဖြတ်ခြင်း မဖြတ်ခြင်း ကောင်းကျိုးနဲ့ ပြစ်ချက်တွေကို ပြောပြပေးချင်ပါတယ်။

လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။

အမျိုးသားတွေရဲ့လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။

ကလေးအရွယ်မှာ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အနာကျက်ဖို့ ၅ရက်ကနေ ၇ရက်လောက် စောင့်ရပါတယ်။ အနာမကျက်သေးခင်အချိန်အထိ တစ်ကိုယ်ရေ အာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်းအပြုအမူကို ရှောင်ကြဉ်ရပါမယ်။

လိင်တံထိပ်အရေပြားဖြတ်ခြင်း၊ မဖြတ်ခြင်း ဘယ်လိုကွာခြားသွားလဲ။

၁။ လိင်တံအရွယ်အစား

အရေပြား မဖြတ်ထားသူ – လိင်တံပျော့နေတဲ့အချိန်မှာ ထိပ်အရေပြားဖုံးနေတာကြောင့် ပိုကြီးမားတယ်လို့ ထင်ရပါတယ်။ ထောင်မတ်လာတဲ့အခါ အရေပြားက အနောက်က လန်ဆွဲသွားပြီး ပျောက်လုနီးပါး ဖြစ်သွားတဲ့အတွက် နဂိုအရွယ်အစားထက် ကြီးတယ်၊ သေးတယ်ဆိုပြီး မရှိပါဘူး။

အရေပြား ဖြတ်ထားသူ – ထိပ်ကို ဖုံးနေတဲ့ အရေပြားကို ဖြတ်လိုက်တာ ဖြစ်ခြင်းကြောင့် ပိုပြီး သေးသွားတယ်၊ ကြီးသွားတယ်ဆိုတာတော့ မရှိပါဘူး။ ပျော့နေချိန်မှာတော့ အရွယ်အစား သေးငယ်တယ်လို့ ထင်ရနိုင်ခြေ ရှိပါတယ်။ လိင်တံအရွယ်အစားဟာ ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းနဲ့ မသက်ဆိုင်ပဲ မိဘမျိုးရိုး၊ နေထိုင်စားသောက်ပုံနဲ့ ကျန်းမာရေးနဲ့သာ သက်ဆိုင်မှုရှိပါတယ်။

၂။ လိင်စွမ်းဆောင်ရည်

အရေပြား မဖြတ်ထားသူ- တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ ထိပ်အရေပြားကို မကြာခဏ ပွတ်ဆွဲမိသလို ဖြစ်တဲ့အတွက် ပိုပြီး လိင်စိတ်ပြီးမြောက်ဖို့ လျင်မြန်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ အရေပြားကို အနောက်လှန်ဆွဲရတဲ့အတွက်ကြောင့် ပွန်းပဲ့ထိခိုက်တာ ဖြစ်နိုင်ပါတယ်။

အရေပြား ဖြတ်ထားသူ – အရေပြားမရှိတဲ့အတွက် လိင်တံထိပ်ဖူးဟာ ပိုပြီး ထူထပ်လာမယ်၊ မာကျောလာမယ်၊ လိင်စွမ်းဆောင်ရည်ပိုင်းမှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး မဖြစ်စေပေမယ့် တချို့အမျိုးသားတွေအတွက်တော့ ပိုကောင်းတဲ့ ခံစားချက်မျိုး ရရှိတယ်လို့ ဆိုကြပါတယ်။

၃။ တစ်ကိုယ်ရေ သန့်ရှင်းမှု

အရေပြား မဖြတ်ထားသူ – လိပ်တံထိပ်မှာ အရေပြားရှိနေတဲ့အတွက် အဖြူရောင် အကျိအချွဲတွေ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာနိုင်ပါတယ်။ သေချာသန့်ရှင်းမှု မပြုလုပ်တဲ့အခါ မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာနိုင်တဲ့အပြင် အရေပြား အနောက်ကို ဆွဲလှန်လို့ မရတော့တဲ့အခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် အရေပြားမဖြတ်ထားသူတွေမှာ ရေချိုးတဲ့အချိန်တိုင်း လိင်တံရဲ့ အရေပြားအောက်ကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောဖို့ လိုအပ်ပါတယ်။

အရေပြား ဖြတ်ထားသူ – အထူးတလည် သန့်ရှင်းစရာမလိုပါဘူး။ အရေပြားမဖုံးနေတဲ့အတွက် အဖြူရောင် အကျိအချွဲတွေ မကပ်ငြိနိုင်သလို သန့်ရှင်းရတာလည်း ပိုပြီး လွယ်ကူပါတယ်။ နေ့စဉ် ရေချိုးတဲ့အချိန်တိုင်း မှန်မှန်ဆေးကြောပေးရင် လုံလောက်ပါတယ်။ သတိပြုရမှာက လိင်တံထိပ်ကို ကာကွယ်ပေးမယ့် အရေပြားမရှိတော့တဲ့အတွက် ခြောက်သွေ့တာ၊ ပွန်းပဲ့တာ၊ ထိခိုက်တာ၊ ကျိန်းစပ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကျပ်လွန်းတဲ့ ဘောင်းဘီတွေအစား ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီ၊ အတွင်းခံဘောင်းဘီတွေကိုပဲ ဝတ်ပေးပါ။

၄။ လိင်ပိုင်းဆိုင်ရာ အထိအတွေ့

အရေပြား မဖြတ်ထားသူ – လိင်တံထိပ်အရေပြားဟာ အမျိုးသားတွေအတွက် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ရှိစေနိုင်တဲ့ အဓိကသော့ချက်အဖြစ် သုတေသီတွေက ဆိုထားကြပါတယ်။ တစ်ကိုယ်ရေအာသာဖြေရာမှာ ပိုကောင်းတဲ့ ခံစားချက်မျိုး ရရှိနိုင်ပေမယ့် လိင်မှုကိစ္စပိုင်းဆိုင်ရာမှာ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး ကြုံတာမျိုး မဖြစ်စေပါဘူး။

အရေပြား ဖြတ်ထားသူ – အသန့်ကြိုက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် လိင်တံထိပ် အရေပြားဖြတ်ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားရာရောက်တယ်လို့ ယူဆတတ်ကြတဲ့အတွက် ပိုပြီး စိတ်ချလုံခြုံရတယ်လို့ ခံစားရနိုင်ပါတယ်။

၅။ ချောဆီအပေါ်မှာ သက်ရောက်မှု

အရေပြား မဖြတ်ထားသူ – လိင်ဆက်ဆံတဲ့အခါ အရေပြားဟာ သဘာဝချောဆီအဖြစ် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမယ့် အဝင်အထွက် ချောစေဖို့ ချောဆီအနည်းငယ် သုံးပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။

အရေပြား ဖြတ်ထားသူ – ထိုးသွင်းဆက်ဆံခြင်းပြုတဲ့အခါ အထူးသဖြင့် စအိုဝကို ထိုးသွင်းဆက်ဆံတဲ့အခါ လိင်တံထိပ် အရေပြားမရှိသူတွေအတွက်တော့ ချောဆီ ပိုသုံးပေးရင် အဆင်ပြေပါတယ်။

၆။ သုက်ပိုးထုတ်နိုင်စွမ်းနဲ့ မျိုးအောင်နိုင်ခြင်း

အရေပြား မဖြတ်ထားသူ – အရေပြား ရှိခြင်း၊ မရှိခြင်းဟာ သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ မျိုးပွားနိုင်စွမ်းကို ဘယ်လိုပြောင်းလဲမှုမှ မဖြစ်စေပါဘူး။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ အစားအသောက်နဲ့ ကျန်းမာရေးအခြေအနေကသာ မျိုးအောင်နိုင်ခြင်းအပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အမျိုးသားတွေမှာတော့ အရေပြား နောက်ပြန်ဆွဲမရတာ၊ လိင်တံထိပ်ဖူး ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။

အရေပြား ဖြတ်ထားသူ – ဘက်တီးရီးယား ပေါက်ဖွားစရာ အရေပြားမရှိတော့တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်သာမက အမျိုးသားတွေအတွက် လိင်တံကျန်းမာရေးအရ ကောင်းကျိုးများစွာ ရှိစေပါတယ်။

၇။ အမျိုးသား လိင်တံကျန်းမာရေး

အရေပြား မဖြတ်ထားသူ – အရေပြား ဖုံးနေတဲ့အတွက်ကြောင့် ဘက်တီးရီးယားပိုးမွှားတွေ အမြဲ ခိုအောင်းနိုင်တဲ့အပြင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ လိင်တံကင်ဆာ၊ လိင်မှ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ၊ အရေပြားနောက်လှန်ဆွဲမရတဲ့ ပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေအတွက်သာမက လိင်ဆက်ဆံဖော်ကိုပါ ကူးစက်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အရေပြား ဖြတ်ထားသူ – ရေယုန်အပြင် တခြားသော လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ပိုပြီး ကာကွယ်ပေးနိုင်တယ်။ အရေပြား မရှိတော့တဲ့အတွက် ပွန်းပဲ့ထိခိုက်တာတွေလည်း မဖြစ်စေနိုင်ပါဘူး။

အရေပြား ဖြတ်ခြင်းဟာ ဘာသာရေး၊ လူမျိုးရေးဝါဒနဲ့ သက်ဆိုင်မှုမရှိပဲ အမျိုးသားတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကိုယ်က အရေပြားဖြတ်ဖို့ စိတ်ကူးမရှိဘူး၊ ကြောက်တယ်ဆိုရင်လည်း ရေချိုးတဲ့အခါမှာ သေချာ သန့်ရှင်းရေးလုပ်ဖို့၊ ကိုယ့်ရဲ့ အဝတ်အစားတွေကို အမြဲလဲပေးဖို့ ဂရုစိုက်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Circumcised And Uncircumcised Penis -https://www.healthline.com/health/mens-health/circumcised-vs-uncircumcised (Feb 13, 2019)

Circumcision In Male –https://www.mayoclinic.org/tests-procedures/circumcision/about/pac-20393550 (Feb 13, 2019)

 

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။