Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း က လူမေးများတဲ့ အကြောင်းအရာပါ။ Micropenis ဆိုတာ အင်မတန် သေးငယ်နေတဲ့ လိင်တံကို ခေါ်တာ ဖြစ်ပါတယ်။ Micropenis ဟာ ရှားပါးပြီး ဟော်မုန်း နဲ့ မျိုးရိုးဗီဇ ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို ဆရာဝန်တွေအနေနဲ့ မွေးကာစမှာ ကုသလေ့ ရှိကြပါတယ်။
Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း သိကောင်းစရာ
အမျိုးသားတချို့အနေနဲ့ကတော့ သူတွေရဲ့ ပုံမှန်အတိုင်းရှိနေတဲ့ လိင်တံကို Micropenis လို့ ထင်တတ်ကြပြီး များသောအားဖြင့် တကယ်တမ်း Micropenis မဟုတ်ကြပါဘူး။ ဒီဖြစ်စဉ်ဟာ တော်တော်ရှားပါတယ်။ Micropenis ဖြစ်နေလား၊ မဖြစ်နေသလားဆိုတာကို သိဖို့ အတွက် နည်းမှန်လမ်းမှန် တိုင်းတာဖို့လိုပါတယ်။
လိင်တံထောင်မတ်နေတဲ့အချိန်တိုင်းတာရင် ကွာခြားချက်တွေ အများကြီးရှိတဲ့ အတွက် လိင်တံကို စိတ်အချရဆုံး တိုင်းတာတဲ့ နည်းလမ်းက လိင်တံ ပျော့ခွေနေတဲ့အချိန်မှာ တိုင်းတာရတဲ့ SPL — stretched penis length နည်းစနစ်ဖြစ်ပါတယ်။ တိုင်းတာတဲ့ပုံစံကတော့ လိင်တံအရင်းရှိ ဆီးခုံရိုး ပေါ်ကို ပေတံကိုတိတိကျကျ တင်ထားပြီး လိင်တံကို မနာကျင်တဲ့အထိ အဆုံး ဆန့်နိုင်သလောက်ဆန့်ကာ ဆီးခုံရိုးမှ လိင်တံရဲ့ ထိပ်ခေါင်းဆုံးတဲ့အထိ အတိုင်းအတာကို ယူရတာ ဖြစ်ပါတယ်။
အကယ်၍ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေမယ်ဆိုရင် ဒီလိင်တံဟာ Micropenis ဖြစ်ပါတယ်။ သာမန် အမျိုးသားတစ်ယောက်ရဲ့ ပျှမ်းမျှလိင်တံ အရှည်က 13.24 cm (5.21လက်မ) ရှိပါတယ်။ Micropenis လိင်တံ ဖြစ်စဉ်ဟာ ရှားပါးပြီး ခန့်မှန်းချက်တွေအရ တစ်ကမ္ဘာလုံးက အမျိုးသား ဝ.၆ ရာခိုင်နှုန်းမှာသာ ဒီဝေဒနာ ရှိတယ်လို့ ဆိုပါတယ်။
၁၉၉၇ ကနေ ၂၀၀၀ ခုနှစ်အတွင်းမှာတော့ အမေရိကန်နိုင်ငံက မွေးကင်းစ ယောက်ျားလေး ၁၀၀၀၀ မှာ Micropenis ဝေဒနာ ဟာ ၁.၅ ပဲ ရှိပါတယ်။ ဒီရာခိုင်နှုန်းဟာ ဝ.၀၁၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
Micropenis လိင်တံ ဖြစ်ပွားရခြင်း အကြောင်းရင်းများ။
Micropenis လိင်တံဟာ အမျိုးမျိုးသော အကြောင်းရင်းများကြောင့် သန္ဓေသားဘဝမှာ တက်စတိုစတီရုန်း ဟော်မုန်း ထုတ်လုပ်မှု နည်းတဲ့ အခါ ဖြစ်ပွားလေ့ရှိပါတယ်။ များသောအားဖြင့် ဒီလို တက်စတိုစတီရုန်း ဟော်မုန်း မထုတ်လုပ်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ Hypogonadotropic hypogonadism (HH) လို့ခေါ်တဲ့ ပီကျူထရီ ဂလင်းနဲ့ ဦးနှောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အလိုအလျောက် နာဗ်ကြောစနစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေ အလုပ်မလုပ်ခြင်းကြောင့် ဝှေးစေ့ မှ မျိုးပွားအင်္ဂါ လုပ်ဆောင်ချက်တွေနဲ့ ပုံမှန်ကြီးထွားခြင်းအတွက်လုံလောက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်း မထုတ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။
ဒါ့အပြင် မျိုးရိုးဗီဇ ဝေဒနာများနဲ့ တစ်ခါတစ်ရံ အကြောင်းရင်း မရှိဘဲ သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဖြစ်နည်းပေမဲ့ မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ပိုးသတ်ဆေးတွေနဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှူရှိုက်မိတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဖြစ်သူမှ human chorionic gonadotropin (hCG) လို့ခေါ်တဲ့ သန္ဓေသားဝှေးစေ့မှ တက်စတိုစတီရုန်း ဟော်မုန်း ထွက်အောင်လှုံ့ဆော်ပေးတဲ့ ဟော်မုန်း လုံလောက်အောင် မထုတ်လုပ်ပေးတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ တက်စတိုစတီရုန်းဟော်မုန်းက ပုံမှန် ဖြစ်နေပြီး ကျန်းမာရေး အခြေအနေတွေကြောင့် ခန္ဓာကိုယ်က တက်စတိုစတီရုန်းကို မှန်မှန်ကန်ကန် မတုံ့ပြန်တဲ့ အခါမှာလည်း ဖြစ်နိုင်ပါတယ်။ တချို့သော ကျန်းမာရေး အခြေအနေတွေက ခန္ဓာကိုယ်ကနေ တက်စတို စတီရုန်းဟော်မုန်းကို မှန်မှန်ကန်ကန် တုံ့ပြန့်နေခြင်းကို ရပ်သွားစေနိုင်ပါတယ်။ ဒီအခြေအနေကို androgen insensitivity လို့ခေါ်ပါတယ်။ Androgen insensitivity syndrome (AIS) ဆိုတာဟာ အမျိုးသားလိင်အင်္ဂါနဲ့ မွေးလာသူတစ်ယောက်ဟာ အမျိုးသားဟော်မုန်း Androgen ကို မတုံ့ပြန်တဲ့ဝေဒနာဖြစ်ပါတယ်။
အထက်ပါ ဟော်မုန်းဆိုင်ရာ ပြဿနာတွေ တက်လာတာနဲ့ ဖိုသန္ဓေသားရဲ့ လိင်တံက ပုံစံအတိုင်း ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ ဖိုသန္ဓေသားအနေနဲ့ မွေးဖွားပြီး ၃ လခန့်အတွင်းမှာ တက်စတိုစတီရုန်းဟော်မုန်း ပမာဏတစ်ခုကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ လိင်တံ ကြီးထွားဖို့အတွက် အရေးကြီးဆုံး အချိန်လည်း ဖြစ်ပါတယ်။
အကယ်၍ ဒီအချိန်မှာ အထက်ပါ ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိမယ်ဆိုရင် ကလေးရဲ့ လိင်တံဟာ သေးငယ်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံ ထူးထူးခြားခြား ဖြစ်စဉ်တွေမှာတော့
တိတိကျကျ အကြောင်းရင်းမရှိဘဲ Mircropenis ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ရှိပါတယ်။ Micropenis ရှိနေတဲ့ သူတွေအနေနဲ့ တခြား ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ဥပမာ
– ပီကျူထရီ ဂလင်းနဲ့ ဦးနှောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အလိုအလျောက် နာဗ်ကြောစနစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေ အလုပ်မလုပ်ခြင်းကြောင့် ဝှေးစေ့မှ မျိုးပွားအင်္ဂါ လုပ်ဆောင်ချက်တွေနဲ့ ပုံမှန်ကြီးထွားခြင်းအတွက်လုံလောက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်း မထုတ်တဲ့ ဝေဒနာ (Hypogonadotropic hypogonadism (HH))
– မျိုးရိုးဗီဇတွေ မွေးရာပါ ပျက်ဆီးနေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ပျက်ဆီးနေတဲ့ ဝေဒနာ (Prader-Willi syndrome)
– လိင်ပိုင်းဆိုင်ရာတိုးတက်မှု အတွက်အရေးကြီးတဲ့ ဟော်မုန်းတွေ မထုတ်လုပ်နိုင်တဲ့အတွက် လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း၊ မဝင်ခြင်းနဲ့ အနံ့မခံနိုင်ခြင်းကိုဖြစ်စေတဲ့ Kallmann syndrome ဝေဒနာ၊ ဒီဝေဒနာဟာ အထက်က hypogonadotropic hypogonadism ဝေဒနာ ပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။
– ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ဟော်မုန်းတွေ ချို့ယွင်းနေတဲ့ ဝေဒနာ
– ဆဲလ်အတွင်းရှိ DNA မော်လီကျူးတွေ ဖြစ်တဲ့ chromosomes ပျက်စီးနေတဲ့ဝေဒနာ
-Laurence-Moon လို့ခေါ်တဲ့ မျိုးရိုးဗီဇ ချို့ယွင်းချက်တွေကြောင့် ကြွက်သားလှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တဲ့ဝေဒနာ၊ မျက်လုံး ချို့ယွင်းချက်တွေနဲ့ တခြား ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ထိခိုက်စေတဲ့ဝေဒနာတို့ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ Micropenis လို ပုံစံပေါက်နေတဲ့ တခြားဝေဒနာတွေကြောင့်လည်း Micropenis ဖြစ်နေပြီလို့ လူအများစုက ထင်တတ်ကြပါတယ်။ ဥပမာ ကလေးတစ်ယောက်ဟာ မွေးရာပါ ကပ္ပာယ်အိတ်ရောင်ပြီး မွေးလာခဲ့ရင် အဲ့ ပုံစံကလည်း Micropenis ပုံစံပေါက်ပါတယ်။ ဒါ့အပြင် Buried penis လို့ခေါ်တဲ့ ဗိုက်မှာ အဆီများစုနေတဲ့အတွက် လိင်တံကို သိပ်မတွေ့ရတဲ့ ဖြစ်စဉ်ကိုလည်း Micropenis လို့ထင်တတ်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ များသောအားဖြင့် အဝလွန်တဲ့ လူတွေမှာ အဖြစ်များပါတယ်။
Micropenis ဖြစ်နေသလား၊ မဖြစ်ဘူးလားဆိုတာကို ဘယ်လိုစစ်ဆေးမလဲ။
လူတော်တော်များများက သူတို့ လိင်တံ အရွယ်အစားကို အမြဲတမ်းသေးငယ်တယ်လို့ထင်တတ်ကြလေ့ရှိပါတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်အနေနဲ့ Micropenis ရှိတယ်လို့ ထင်တဲ့ အခါကျရင် ဆရာဝန်ထံတိတိကျကျသွားရောက်တိုင်းတာပြီး ထိုအခြေအနေကို သေချာအောင် စစ်ဆေးဖို့လိုပါတယ်။
ဒါပေမဲ့ များသောအားဖြင့် Mircopenis ဝေဒနာကို ဆရာဝန်တွေက မွေးကင်းစမှာကတည်းက တွေ့ရှိလေ့ရှိပါတယ်။ အကယ်၍ လူနာမှာ Mircopenis ခံစားနေရတယ်လို့ ယူဆရင် ဆရာဝန်အနေနဲ့ SPL လို့ခေါ်တဲ့ ဆန့်ထားတဲ့ လိင်တံ အရှည်ကိုတိုင်းတာမှာဖြစ်ပြီး တခြားဟော်မုန်းပုံမမှန်မှုတွေကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ပုံမှန်မဟုတ်လောက်အောင် လိင်တံကသေးငယ်နေမယ်ဆိုရင် ဆရာဝန်အနေနဲ့အောက်ပါစစ်ဆေးမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို စစ်ဆေးခြင်း။
– လိင်တံအရွယ်အစားကို တိုင်းတာတဲ့ အပြင်ကို ဆရာဝန်အနေနဲ့ တစ်ခြားဝေဒနာတွေ ဖြစ်တဲ့ အဆီပိုတွေနဲ့ တစ်ခြား ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။
သွေးတွင်းစစ်ဆေးမှုများ။
ဒီစစ်ဆေးမှုတွေက ကလေးရဲ့ သွေးအတွင်း ဟော်မုန်းပမာဏတွေကို သိရှိစေနိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေကလည်း ကလေးရဲ့ ဇီဝလိင်အမျိုးအစားတွေကို သိရှိစေနိုင်ပါတယ်။
ရှားပါးဖြစ်စဉ်တွေမှာတော့ Micropenis ဝေဒနာ ရှိတယ်လို့ ထင်ရတဲ့သူတွေဟာ တကယ်တမ်း လိင်အမျိုးအစား ၂ ခုလုံးရှိနေသူ ဖြစ်နေနိုင်သလို
ခရိုမိုဆုန်း ပုံမမှန်လို့ လည်း ဖြစ်နိုင်ပါတယ်။
– ပုံရိပ်ဖော်စစ်ဆေးမှုများ။
ဆရာဝန်တွေအနေနဲ့ လိင်အင်္ဂါတွေနဲ့ အနီးပတ်လည်က အစိတ်အပိုင်းတွေ တည်ဆောက်ပုံကို ကြည့်ရှုဖို့အတွက် တင်ပါးဆုံ တစ်ဝိုက် Ultra sound နဲ့ MRI scan တွေကို အသုံးပြုနိုင်ပါတယ်။
ကုသမှုများ။
ကုသမှုတွေအနေနဲ့ လူနာတွေရဲ့ လိင်တံအရွယ်အစားပိုကြီးပြီး လုပ်ဆောင်မှုတွေ ပုံမှန် လုပ်ဆောင်နိုင်တဲ့ လိင်တံ ဖြစ်လာဖို့ကို အဓိက ရည်ရွယ်ထားကြပါတယ်။ Micropenis ဖြစ်စဉ်အတွက် ဆရာဝန်တွေ ကုသပေးမယ့် ကုသမှုတွေက
ဟော်မုန်းကုသမှုများ။
မွေးကင်းစမှာ တက်စတိုစတီရုန်း ခရင်မ်တွေ လိမ်းပေးခြင်း၊ တက်စတိုစတီရုန်းဆေးများ ထိုးသွင်းခြင်းက လိင်တံအရွယ်အစားကို ကြီးလာစေနိုင်ပါတယ်။ ဒီလို တက်စတိုစတီရုန်း ကုသမှုတွေက လူပျိုပေါက် အရွယ်ရောက်ပြီးမှ ကုသတာထက်စာရင် မရောက်ခင်ကုသတာထက် ပိုပြီး ထိရောက်ပါတယ်။
ဆရာဝန်တွေအနေနဲ့ တက်စတိုစတီရုန်း ကုသမှုပေးလိုက်တဲ့အခါ လိင်တံက ၃.၅ စင်တီမီတာ ခန့်ပိုရှည်လာရင် ဒါကုသမှုက ထိရောက်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလို ဟော်မုန်းကုသမှုတွေက ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကုသမှု ခံယူနိုင်ဖို့ အတွက် လူတစ်ယောက်အနေနဲ့လည်း တိကျတဲ့ စမ်းသပ်မှုအရင် ခံယူဖို့လည်း လိုပါတယ်။
ခွဲစိတ်မှုများ။
အကယ်၍ ဟော်မုန်း ကုသမှုတွေက အလုပ်မဖြစ်ဘူးဆိုရင် လိင်တံကို ခွဲစိတ်နိုင်ပါတယ်။ ဆရာဝန် အနေနဲ့ ခွဲစိတ်မယ်ဆိုရင် လိင်တံထဲကို Implant ထည့်သွင်းခြင်းဖြင့် လိင်တံကို မူလထက်ကြီးတဲ့ ပုံပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုခွဲစိတ်မှုတွေဟာ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေများပါတယ်။
Micropenis က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလား။
Micropenis ရှိတဲ့ လူအများစုက ပုံမှန် လိင်ကိစ္စတွေကို လုပ်ဆောင်နိုင်ကြပါတယ်။ Mircopenis ရှိရုံနဲ့ ဆီးသွားနိုင်စွမ်း၊ တစ်ကိုယ်ရည်အာသာဖြေနိုင်စွမ်း၊ လိင်စိတ်အထွတ်ထိပ်ရောက်နိုင်စွမ်းကို မထိခိုက်ပါဘူး။ ဒါပေမဲ့ တချို့သူတွေအနေနဲ့ မတ်တပ်ရပ်သေးပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။
ဒါ့အပြင် လိင်အင်္ဂါအရွယ်အစားကို လိင်ဆက်ဆံချိန်နေချိန်မှာ စိုးရိမ်နေခြင်းက လိင်မှုရဲ့ကျေနပ်မှု အပြည့်အဝခံနိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ Micropenis ကို ခွဲစိတ်မှု ခံယူပြီးထားတဲ့ သူတွေတောင် သူတို့ရဲ့ လိင်အင်္ဂါ အရွယ်အစားကို မကျေနပ်ကြပါဘူး။
ဒါပေမဲ့ လေ့လာချက်အတွေအရ Mircopenis ရှိသူတွေဟာ ပုံမှန် လိင်ပိုင်းဆိုင်ရာ ပုံစံနဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ပါသေးတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့သူတွေအနေနဲ့တော့ အကြံပေးတိုင်ပင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှု ခံယူနိုင်ပါတယ်။
Micropenis ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေတဲ့ လိင်တံကိုခေါ်တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တက်စတိုစတီရုန်းချို့ယွင်းမှုကြောင့် Micropenis ဖြစ်ရတာ ဖြစ်ပြီး မျိုးရိုးဗီဇမူမမှန်မှုတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ Micropenis ကို ကလေးငယ်ဘဝမှာ တွေ့ရှိကာ ကုသရလေ့ရှိပြီး ကလေးဘဝမှာ တက်စတိုစတီရုန်း ကုသမှု ခံယူမယ်ဆိုရင် ရလာဒ်ကောင်းလေ့ရှိပါတယ်။ Micropenis ရှိတဲ့ လူတစ်ယောက်ဟာ သာမန်လိင်တံအရွယ်အစားတော့ရှိမှာ မဟုတ်ပေမဲ့ ဒါက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို မထိခိုက်ပါဘူး။
လိင်တံအရွယ်အစားဟာ ခြားနားနိုင်ပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို နားလည်ထားမယ်ဆိုရင် ပုံမှန် ပျှမ်းမျှ လိင်တံအရွယ်အစားထက်သေးနေတဲ့ လိင်တံပိုင်ရှင်တွေတောင် ပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ အကြံယူဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှုတွေက လိင်တံအရွယ်အစားကြောင့် စိုးရိမ်မှုတွေနဲ့ လိင်ဆက်ဆံရမှာ ရှက်နေတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
[embed-health-tool-bmi]