backup og meta

ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

    အမျိုးသားတိုင်းကတော့ ကာမခွန်အား တိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်။ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူ တစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေ ကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အား တိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။

    ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။

    ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

    ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ကတော့

    ၁။ တက်တက်ကြွကြွနေပါ။

    ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။

    ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ လိင်ပိုင်းဆိုင်ရာမှာပါ ပိုပြီးအားစိုက်ထုတ်နိုင်စေပါတယ်။ ဒါကြောင့် မနက်တိုင်း လမ်းလျှောက်ပါ၊ ပြေးပါ၊ အချိန်တတ်နိုင်ရင် Gym မှာ စနစ်တကျ ကစားပါ။ အားကစားလုပ်ပါ၊ ရေကူးပါ။ ချွေးထွက်လေ နှလုံးခုန်နှုန်းမြန်လေ၊ ကိုယ့်ရဲ့ ကာမခွန်အားကို မြှင့်တင်ပေးနိုင်လေပါပဲ။

    ၂။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။

    အမျိုးသားတွေအတွက် ပရိုတင်းဓာတ်က အဓိကကျတယ်ဆိုပေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို မေ့ထားလို့မဖြစ်ဘူးနော်။

    အထူးသဖြင့် ကာမခွန်အားတိုးချင်တဲ့ ပုရိသတွေအနေနဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွသီးတွေကို များများစားပေးပါ။ သွေးတိုးကျစေပြီး သွေးစီးဆင်းမှုအားကောင်းစေလို့ လိင်တံကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကာမခွန်အားတိုးစေဖို့ ကူညီပေးနိုင်ပါတယ်။

    ၃။ အစာအာဟာရ မျှတပါစေ။

    ကြွက်သားထုတွေ တည်ဆောက်ဖို့ ပရိုတင်းဓာတ်တွေ၊ ဦးနှောက်အာရုံကြောစနစ်ကို ကောင်းစေတဲ့ ဗီတာမင် ဘီ၊ သွေးစီးဆင်းမှုကောင်းစေတဲ့ အိုမီဂါ-၃ အဆီအနှစ်တွေ၊ အမျိုးသားတိုင်းအတွက် မရှိမဖြစ် ကျားဟော်မုန်းကို ပိုထုတ်ပေးနိုင်ဖို့ အသား၊ ငါး၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး စုံလင်စွာ စားပေးပါ။

    ၄။ စိတ်ဖိစီးမှုလျှော့ပါ။

    ရောဂါတော်တော်များများရဲ့ တရားခံကိုပြောပါဆိုရင် စိတ်ဖိစီးမှုပါပဲ။ ဒါတင်မကပါဘူး။ ကိုယ့်လူတို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ လိင်စိတ်ဆန္ဒကိုလည်း ထိခိုက်စေနိုင်တယ်နော်။ စိတ်ဖိစီးမှုတွေ ပိလာတဲ့အမျိုးသားတစ်ယောက်က ကျန်းမာရေးထိခိုက်လာမယ်၊ စိတ်ထဲမှာ ပူလောင်မှုတွေ များနေတဲ့အခါ လိင်စိတ်ဆန္ဒလျော့နည်းသွားပြီး ကောင်းစွာ မထောင်မတ်နိုင်တာ၊ ပန်းသေပန်းညှိုးဖြစ်တာ၊ သုက်ထွက်စောလွန်းတာ သို့မဟုတ် သုက်ထွက်ကြာလွန်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ လေ့ကျင့်ခန်းများများလုပ်ပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ စိတ်ကို ပျော်အောင်ထားပါ။ ပူလောင်နေတဲ့ စိတ်ကို အနားပေးပါ။

    ၅။ မကောင်းတဲ့ အကျင့်ကို ဖျောက်ပါ။

    လူတွေဆိုတာလည်း ခက်သားဗျ၊ ကိုယ့်အကျင့်တွေ မကောင်းမှန်းသိတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့် ပြင်ဖို့ကျတော့ လက်တွန့်တတ်တယ်မလား။

    အဲ့တော့ ပုရိသတွေအနေနဲ့ ကျန်းမာရေးအတွက်ရော ကာမအားတိုးဖို့ မကောင်းတဲ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညဘက်တွေမှာ နောက်ကျအိပ်တာတွေကို တတ်နိုင်သမျှ စောစောဖြတ်တာ အကောင်းဆုံးဖြစ်မှာပါ။

    ၆။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။

    အပြင်သွားရမှာ ပျင်းလို့၊ စိတ်ညစ်လို့၊ စိတ်ဓာတ်ကျလို့ အိမ်ထဲမှာပဲနေတယ်။ အမှောင်ခန်းထဲမှာပဲ အောင်းတယ်။ စိတ်က ပိုကျသွားတာပဲအဖတ်တင်ပြီး ဘာမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။

    အဲ့တော့ စိတ်ညစ်ရင်အခန်းမအောင်းပါနဲ့။ အပြင်ထွက်ပါ။ လမ်းလျှောက်ပါ၊ လူတွေနဲ့တွေ့ပါ။ အထူးသဖြင့် နေရောင်ခြည်မှာက ဗီတာမင် ဒီဓာတ်တွေအပြင် လူကိုလန်းဆန်းတက်ကြွစေပြီး လိင်စိတ်ဆန္ဒတိုးစေနိုင်ပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီမျိုးမှာဆိုရင် ပိုပြီးတောင် အိမ်ထဲမအောင်းသင့်ပါဘူးနော်။

    ၇။ တစ်ကိုယ်ရေ အာသာဖြေပါ။

    တစ်ကိုယ်ရေ အာသာဖြေရတာ မကြိုက်တဲ့ အမျိုးသားတွေတော့ ရှိမယ်မထင်ပါဘူးနော်။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲနေတဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်းကို ပုံမှန်လုပ်တဲ့အခါ အသက်အရွယ်ကြောင့် ဆီးကျိတ်ကြီးလာနိုင်ခြေကို လျော့နည်းစေတယ်။

    သုက်လွှတ်စောတဲ့သူတွေအတွက်လည်း သုက်ထိန်းနိုင်အောင် ကူညီပေးတယ်။ ခံစားမှု အားကောင်းပြီး အမျိုးသားတွေအတွက် စိတ်ဖိစီးမှုကိုလျော့ကျစေကာ စိတ်အပန်းဖြေစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်များလို့ဆိုပြီး လုံးဝမလုပ်ဘဲတော့ မနေပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အမျိုးသားတိုင်း ပုံမှန်လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။

    ၈။ ကိုယ့်အဖော်နဲ့ အမြဲဆွေးနွေးတိုင်ပင်ပါ။

    လိင်မှုကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း ဆောင်ရွက်ရတဲ့ကိစ္စမှမဟုတ်ပါဘူး။ ကိုယ်ကတော့ ဆန္ဒပြီးမြောက်သွားပြီး ကိုယ့်အဖော်က ဘာမှမပြီးလိုက်ရဘဲ ဟာတာတာဖြစ်နေရင်လည်း အဆင်မပြေနိုင်ပါဘူး။

    ဒါကြောင့် ပုံမှန်အချိန်တွေမှာ တစ်ယောက်မှာရှိနေတဲ့ အခက်အခဲပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ဝေမျှပါ။ လိင်မှုကိစ္စ မဆောင်ရွက်ခင်မှာ ကိုယ်က ဘယ်လိုပုံစံမျိုးကြိုက်လဲ၊ ဖြည်းဖြည်းချင်း သွားရတာ ကြိုက်တာလား၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် အဆင်ပြေစေလဲဆိုတာ သေချာတိုင်ပင်ဖို့တော့ လိုမယ်နော်။

    ၉။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ်ပါစေနဲ့။

    အမျိုးသားတွေရဲ့ ဂရုမစိုက်ဘဲ ပေပေတေတေ နေတတ်တဲ့ အကျင့်ကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဆိုရင် အမြဲနောက်ကျမှပဲ သိတတ်ကြပါတယ်။ အဲ့အခါကျ ကုသဖို့လည်း ခက်သွားသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်လိုအကောင်းအတိုင်း ဖြစ်ချင်မှ ဖြစ်လာနိုင်တော့မှာပါ။

    ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲသတိရှိပါ။ တစ်နှစ်ကို တစ်ခေါက်ဖြစ်ဖြစ် ပုံမှန်ဆေးစစ်ပါ၊ တခြားရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အမျိုးသားလိင်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပန်းသေပန်းညှိုး၊ သုက်လွှတ်စောခြင်း၊ လိင်စိတ်နည်းလာခြင်း၊ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ ဘယ်ပြဿနာမဆို စောစောသိလေ ကုသဖို့လွယ်တယ်ဆိုတာ သတိထားပေးပါ။

    စိတ်ရော ကိုယ်ပါ ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်က လိင်ပိုင်းဆိုင်ရာမှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်တာ မဆန်းပါဘူးနော်။ ခုပြောသွားတဲ့ အချက်တွေကို သေချာလိုက်နာပြီးတော့ ကိုယ့်ရဲ့ လူနေမှုဘဝပုံစံကို မြှင့်တင်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement