၄။ စိတ်ဖိစီးမှုလျှော့ပါ။
ရောဂါတော်တော်များများရဲ့ တရားခံကိုပြောပါဆိုရင် စိတ်ဖိစီးမှုပါပဲ။ ဒါတင်မကပါဘူး။ ကိုယ့်လူတို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ လိင်စိတ်ဆန္ဒကိုလည်း ထိခိုက်စေနိုင်တယ်နော်။ စိတ်ဖိစီးမှုတွေ ပိလာတဲ့အမျိုးသားတစ်ယောက်က ကျန်းမာရေးထိခိုက်လာမယ်၊ စိတ်ထဲမှာ ပူလောင်မှုတွေ များနေတဲ့အခါ လိင်စိတ်ဆန္ဒလျော့နည်းသွားပြီး ကောင်းစွာ မထောင်မတ်နိုင်တာ၊ ပန်းသေပန်းညှိုးဖြစ်တာ၊ သုက်ထွက်စောလွန်းတာ သို့မဟုတ် သုက်ထွက်ကြာလွန်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ လေ့ကျင့်ခန်းများများလုပ်ပါ။ အစာအာဟာရကို ဂရုစိုက်ပါ။ စိတ်ကို ပျော်အောင်ထားပါ။ ပူလောင်နေတဲ့ စိတ်ကို အနားပေးပါ။
၅။ မကောင်းတဲ့ အကျင့်ကို ဖျောက်ပါ။
လူတွေဆိုတာလည်း ခက်သားဗျ၊ ကိုယ့်အကျင့်တွေ မကောင်းမှန်းသိတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့် ပြင်ဖို့ကျတော့ လက်တွန့်တတ်တယ်မလား။
အဲ့တော့ ပုရိသတွေအနေနဲ့ ကျန်းမာရေးအတွက်ရော ကာမအားတိုးဖို့ မကောင်းတဲ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညဘက်တွေမှာ နောက်ကျအိပ်တာတွေကို တတ်နိုင်သမျှ စောစောဖြတ်တာ အကောင်းဆုံးဖြစ်မှာပါ။
၆။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။
အပြင်သွားရမှာ ပျင်းလို့၊ စိတ်ညစ်လို့၊ စိတ်ဓာတ်ကျလို့ အိမ်ထဲမှာပဲနေတယ်။ အမှောင်ခန်းထဲမှာပဲ အောင်းတယ်။ စိတ်က ပိုကျသွားတာပဲအဖတ်တင်ပြီး ဘာမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။
အဲ့တော့ စိတ်ညစ်ရင်အခန်းမအောင်းပါနဲ့။ အပြင်ထွက်ပါ။ လမ်းလျှောက်ပါ၊ လူတွေနဲ့တွေ့ပါ။ အထူးသဖြင့် နေရောင်ခြည်မှာက ဗီတာမင် ဒီဓာတ်တွေအပြင် လူကိုလန်းဆန်းတက်ကြွစေပြီး လိင်စိတ်ဆန္ဒတိုးစေနိုင်ပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီမျိုးမှာဆိုရင် ပိုပြီးတောင် အိမ်ထဲမအောင်းသင့်ပါဘူးနော်။
၇။ တစ်ကိုယ်ရေ အာသာဖြေပါ။
တစ်ကိုယ်ရေ အာသာဖြေရတာ မကြိုက်တဲ့ အမျိုးသားတွေတော့ ရှိမယ်မထင်ပါဘူးနော်။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲနေတဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်းကို ပုံမှန်လုပ်တဲ့အခါ အသက်အရွယ်ကြောင့် ဆီးကျိတ်ကြီးလာနိုင်ခြေကို လျော့နည်းစေတယ်။
သုက်လွှတ်စောတဲ့သူတွေအတွက်လည်း သုက်ထိန်းနိုင်အောင် ကူညီပေးတယ်။ ခံစားမှု အားကောင်းပြီး အမျိုးသားတွေအတွက် စိတ်ဖိစီးမှုကိုလျော့ကျစေကာ စိတ်အပန်းဖြေစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်များလို့ဆိုပြီး လုံးဝမလုပ်ဘဲတော့ မနေပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အမျိုးသားတိုင်း ပုံမှန်လုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။
၈။ ကိုယ့်အဖော်နဲ့ အမြဲဆွေးနွေးတိုင်ပင်ပါ။
လိင်မှုကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း ဆောင်ရွက်ရတဲ့ကိစ္စမှမဟုတ်ပါဘူး။ ကိုယ်ကတော့ ဆန္ဒပြီးမြောက်သွားပြီး ကိုယ့်အဖော်က ဘာမှမပြီးလိုက်ရဘဲ ဟာတာတာဖြစ်နေရင်လည်း အဆင်မပြေနိုင်ပါဘူး။
ဒါကြောင့် ပုံမှန်အချိန်တွေမှာ တစ်ယောက်မှာရှိနေတဲ့ အခက်အခဲပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ဝေမျှပါ။ လိင်မှုကိစ္စ မဆောင်ရွက်ခင်မှာ ကိုယ်က ဘယ်လိုပုံစံမျိုးကြိုက်လဲ၊ ဖြည်းဖြည်းချင်း သွားရတာ ကြိုက်တာလား၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် အဆင်ပြေစေလဲဆိုတာ သေချာတိုင်ပင်ဖို့တော့ လိုမယ်နော်။
၉။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ်ပါစေနဲ့။
အမျိုးသားတွေရဲ့ ဂရုမစိုက်ဘဲ ပေပေတေတေ နေတတ်တဲ့ အကျင့်ကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဆိုရင် အမြဲနောက်ကျမှပဲ သိတတ်ကြပါတယ်။ အဲ့အခါကျ ကုသဖို့လည်း ခက်သွားသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်လိုအကောင်းအတိုင်း ဖြစ်ချင်မှ ဖြစ်လာနိုင်တော့မှာပါ။
ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲသတိရှိပါ။ တစ်နှစ်ကို တစ်ခေါက်ဖြစ်ဖြစ် ပုံမှန်ဆေးစစ်ပါ၊ တခြားရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အမျိုးသားလိင်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပန်းသေပန်းညှိုး၊ သုက်လွှတ်စောခြင်း၊ လိင်စိတ်နည်းလာခြင်း၊ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ ဘယ်ပြဿနာမဆို စောစောသိလေ ကုသဖို့လွယ်တယ်ဆိုတာ သတိထားပေးပါ။
စိတ်ရော ကိုယ်ပါ ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်က လိင်ပိုင်းဆိုင်ရာမှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်တာ မဆန်းပါဘူးနော်။ ခုပြောသွားတဲ့ အချက်တွေကို သေချာလိုက်နာပြီးတော့ ကိုယ့်ရဲ့ လူနေမှုဘဝပုံစံကို မြှင့်တင်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။