backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ယောကျ်ားလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ယောကျ်ားလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း

ယောကျ်ားလေးများ ဟာ အသက် ဆယ်နှစ်ကျော် အရွယ်မှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးကြီးထွား လာတတ်ကြတာ မိဘဆွေမျိုးများက အံ့အားသင့်ရတဲ့ အထိပါပဲ။ အသက် ၁၆ နှစ်လောက်မှာတော့ ယောကျ်ားလေး အများစုရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ ရပ်တန့် သွားတတ်ပါတယ်။ တချို့ကတော့ ဆက်လက် ကြီးထွားပါသေးတယ်။

လူပျိုဖော်ဝင်ခြင်း

ယောကျ်ားလေးများဟာ လူပျိုဖော်ဝင်စ အချိန်မှာ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်လာတတ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ကတော့ တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရဲ့ အရပ်ဟာ တစ်နှစ်တာမှာ ၃ လက်မ (၇.၆ စင်တီမီတာ)ခန့် ရှည်လာတတ် ပါတယ်။

လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရှည်ထွက်လာတဲ့ အရပ်ဟာ အရွယ်ရောက်ပြီးချိန်မှာ ရှိတဲ့ အရပ်အမောင်းရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တယ်လို့ သုတေသနစာစောင်တစ်ခုမှာ ဖော်ပြထားပါတယ်။

အရပ်အမောင်းဟာ မျိုးရိုးဗီဇနဲ့ ဆိုင်သလား

မိဘ နှစ်ဦးစလုံးဆီက မျိုးရိုးဗီဇဟာ ကလေးတွေရဲ့ အရပ်အမောင်းရော တခြား ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ အရေးပါ ပါတယ်။ ဒီ ကိစ္စပေါ် မူတည်ပြီး ကလေးရဲ့အရပ် ဘယ်လောက်ထိ ကြီးထွားနိုင်မယ် ဆိုတာကို အကြမ်းဖျင်း တွက်ချက်တဲ့နည်း ရှိပါတယ်။ မိဘနှစ်ဦးစလုံးရဲ့ အရပ်များ (လက်မဖြင့်) ကို ပေါင်းပြီး ၂ နဲ့ စားကြည့်ပါတယ်။ ပြီးရင် ယောကျ်ားလေးအတွက်ဆို ၂.၅ ပေါင်းပြီး မိန်းကလေးအတွက်ဆို ၂.၅ နုတ်ရပါတယ်။ ဥပမာအားဖြင့် ဖခင်ရဲ့အရပ်ဟာ ၇၀ လက်မရှိပြီး မိခင်ဟာ ၆၂ လက်မရှိခဲ့ရင် သူတို့ နှစ်ဦးပေါင်းခြင်းဟာ ၁၃၂ လက်မ ရပါတယ်။ ဒါကို ၂ နဲ့စားပြီး ယောက်ျားလေးအတွက် ၂.၅ လက်မ ပေါင်းထည့်ရပါတယ်။ ရလာတဲ့ ဂဏန်း (လက်မ) ဟာ သူတို့ နှစ်ဦးကမွေးတဲ့ သား ယောကျ်ားလေးရဲ့ ရှိနိုင်တဲ့ အရပ်ပါပဲ။ ဒါပေမယ့် ယေဘုယျသာဖြစ်ပြီး အမြဲမမှန်နိုင်ပါဘူး။

အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှုဟာ အစားအစာ၊ လှုပ်ရှားမှုပမာဏ၊ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရရှိတဲ့ အာဟာရ စတာတွေပေါ်မှာလည်း မူတည်ပါသေးတယ်။

ယောကျ်ားလေးနဲ့ မိန်းကလေး ဖွံ့ဖြိုးကြီးထွားတဲ့နှုန်း တူသလား

ယောကျ်ားလေး နဲ့ မိန်းကလေးကြီးထွားပုံ မတူပါဘူး။ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေထက် ဖွံ့ဖြိုးကြီးထွားတာ နောက်ကျတတ်ပါတယ်။ ယောကျ်ားလေးတွေဟာ လူပျိုဖော်ဝင် နောက်ပိုင်းကာလတွေမှာမှ လျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ အကြောင်းအရင်းတရပ်ကတော့ ယောကျ်ားလေးတွေမှာ တက်စတိုစထရုန်းဟော်မုန်းကို ပိုပြီး ထုတ်လုပ်လာတာကြောင့် ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ တက်စတိုစထရုန်း ထုတ်လုပ်မှုဟာ ဆယ်ဆထိ တက်လာတတ်ပါတယ်။

ဘယ်အရာတွေက ဖွံ့ဖြိုးကြီးထွားမှုကို နှေးစေသလဲ

ဖွံ့ဖြိုးကြီးထွားမှုကို နှေးစေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့်

– သိုင်းရွိုက်ဂလင်းကို ထိခိုက်စေသော ရောဂါများ

– ဖွံ့ဖြိုးကြီးထွားမှုအားပေးသော ဟော်မုန်းများ ချို့တဲ့ခြင်း

– အင်ဆူလင်ပမာဏ

– တက်စတိုစထရုန်းဟော်မုန်း

– ဒေါင်းရောဂါလက္ခဏာစုနှင့် အခြား မျိုးရိုးဗီဇချို့ယွင်းခြင်းများ စတာတွေ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်များတဲ့၊ အဝလွန်တဲ့ ယောကျ်ားလေးများဟာ ဖွံ့ဖြိုးကြီးထွားမှုနှုန်း နှေးတတ်ပါတယ်။ ကလေးဘဝမှာ အစာအာဟာရ ကောင်းကောင်းမရခြင်းဟာလည်း ဖွံ့ဖြိုးမှုကို နည်းစေနိုင်ပါတယ်။

ပုံမှန်ဖွံ့ဖြိုးကြီးထွားအောင် ဘာတွေလုပ်မလဲ

ကိုယ်ဝန်ဆောင်ချိန်ကတည်းက မိခင်အနေနဲ့ အာဟာရဓာတ်ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ မွေးဖွားပြီးချိန်မှာလည်း သူ့အရွယ်နဲ့သူ အာဟာရဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ ယောကျ်ားလေးများ ဆယ်ကျော်သက်အရွယ်ရောက်လာရင် ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်စက်အနားယူခြင်း၊ စားသောက်ခြင်း စတာတွေ ဟန်ချက်ညီဖို့ လိုပါတယ်။ တစ်နေ့ကို နာရီဝက်ကနေ ၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။ ဘောလုံးကန်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ အစားအစာများကိုလည်း အာဟာရဓာတ်မျှတအောင် အသားငါး ဟင်းသီးဟင်းရွက်များကို မျှတအောင် စားသုံးရပါမယ်။ အိပ်ချိန်အနေနဲ့ကတော့ ဆယ်ကျော်သက်အရွယ်မှာ အနည်းဆုံး ၈ နာရီ အိပ်စက်သင့်ပါတယ်။

အဆိုပါအချက်များ ပြည့်စုံနေပေမယ့် မိမိကလေးဟာ တခြားယောကျ်ားလေးတွေလို ပုံမှန်ဖွံ့ဖြိုး ကြီးထွားမှု မရှိရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။ ရောဂါအခံတစ်ခုခုရှိနေသလား စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement