backup og meta

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။

    ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။

     ရောဂါလက္ခဏာများ

    ရောဂါပိုးကူးစက်ပြီး (၇)ရက်မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင်ပါတယ်။ အစပိုင်းမှာ လက္ခဏာဟာ သိပ်မပြင်းထန်တတ်ပါဘူး။ တုပ်ကွေးရောဂါနဲ့ ဆင်တူတတ်ပါတယ်။

    • နှာရည်ယိုခြင်း၊
    • နှာပိတ်ခြင်း၊
    • မျက်လုံးရဲခြင်းနဲ့
    • မျက်ရည်များကျခြင်း၊
    • ဖျားနာခြင်းနဲ့
    • ချောင်းဆိုးခြင်းတွေ ခံစားရတတ်ပါတယ်။

    တစ်ပတ်(သို့မဟုတ်)နှစ်ပတ် အကြာမှာတော့ ရောဂါလက္ခဏာဟာ ပိုဆိုးလာနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေ စုဆောင်းမှုများလာပြီး ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်တော့ပါဘူး။ စက္ကန့်(၂၀)ကြာအောင် မရပ်မနားဘဲ မျက်နှာနီရဲလာသည်အထိ ချောင်းဆိုးနိုင်ပါတယ်။ အဆက်မပြတ် ချောင်းဆိုးလာတဲ့အခါ ပျို့အန်ခြင်း၊ အလွန်မောပန်းခြင်းတွေ ခံစားလာရတတ်ပါတယ်။ အချို့လူတွေမှာတော့ ချောင်းဆိုးတဲ့ လက္ခဏာတစ်ခုသာရှိနေတတ်ပြီး ကျန်လက္ခဏာတွေမတွေ့ရတတ်ပါဘူး။ (၁)နှစ်အောက် ကလေးတွေမှာဆိုရင် ချောင်းသိပ်မဆိုးတတ်ပါဘူး။ ချောင်းဆိုးခြင်းအစား အသက်ရှူရခက်ခဲ ခြင်းနဲ့ ရုတ်တရက် ခေတ္တအသက်ရှူရပ်သွားခြင်းတွေ တွေ့ရတတ်ပါတယ်။

    • ပျို့အန်ခြင်း၊
    • မျက်နှာနီရဲလာခြင်း၊
    • ပြာနှမ်းလာခြင်းတွေနဲ့
    • အသက်ရှူရခက်ခဲခြင်းတွေ၊
    • အသက်ရှူရပ်ခြင်းတွေရှိလာတာနဲ့ ဆရာဝန်ဆီသို့ သွားရောက်ဆေးကုသမှု ခံယူသင့်ပါတယ်။

    ဖြစ်ပွားရသော အကြောင်းအရင်းများ

     ကြက်ညှာချောင်းဆိုးရောဂါဟာ ‘Bordetella pertussis’ လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တာပါ။ ရောဂါပိုးသယ်ဆောင်သူက နှာချေချောင်းဆိုးလိုက်တဲ့ အခါမှာ သေးငယ်တဲ့ပိုးမွှားတွေထွက်လာပြီး လေထဲသို့ ပျံ့နှံ့သွားပါတယ်။ အခြားသူတစ်ယောက်က ရောဂါပိုး ပျံ့နှံ့နေတဲ့လေကို ရှူရှိုက်လိုက်တဲ့အခါ အဆုတ်ထဲသို့ ရောဂါပိုးတွေ ရောက်ရှိသွားပါ တော့တယ်။

    (၁)နှစ်အောက်ကလေးတွေနဲ့ ရောဂါကာကွယ်ဆေး မထိုးထားသူတွေမှာ ရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းများပါတယ်။

    နောက်ဆက်တွဲဆိုးကျိုးများ

     နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာရတာကတော့ ပြင်းထန်စွာ အဆက်မပြတ်၊ မရပ်မနား ချောင်းဆိုးခြင်းကြောင့်လို့ ဆိုရမှာပါ။ အချိန်အတော်ကြာ မရပ်မနား ချောင်းဆိုးတဲ့အခါမှာ ဝမ်းဗိုက်အူကျွံခြင်း၊ နံရိုးနာကျင်ရောင်ရမ်းခြင်းနဲ့ အရေပြားသွေးကြောတွေ ပေါက်ပြဲပျက်စီးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အသက်(၆)လအောက် ကလေးတွေမှာ ပိုပြင်းထန်တတ်ပါတယ်။

    • အဆုတ်ရောင် နမိုးနီးယားရောဂါ
    • အစာမစားနိုင်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်းနဲ့
    • ကိုယ်အလေးချိန် ကျဆင်း ခြင်း၊
    • အသက်ရှူနှေးခြင်း၊ ရပ်ခြင်း၊
    • တက်ခြင်းနဲ့
    • ဦးနှောက်ပျက်စီးတဲ့အထိတောင် ဖြစ်သွားနိုင် ပါတယ်။

    ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ခြင်း

     ပုံမှန်ကာကွယ်ဆေး အစီအစဉ်မှာ ထည့်သွင်းထိုးနှံနေတဲ့ (၅)မျိုးစပ် ကာကွယ်ဆေးဟာ ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

    (၅)မျိုးစပ် ကာကွယ်ဆေးဟာ

    မွေးပြီး (၂)လ၊ (၄)လ နဲ့ (၆)လမှာ သုံးကြိမ်တိတိမပျက်မကွက် ထိုးနှံပေးရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပေမဲ့ သိပ်မပြင်းထန်လှပါဘူး။ ဖျားမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ မှိန်းမယ်၊ ဆော့ကစားခြင်း သိပ်မရှိတော့ဘူး စတဲ့အချက်တွေအပြင် ထိုးထားတဲ့နေရာက နီရဲရောင်ရမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အချိန်မှန် ပြုလုပ်ပေးနေတဲ့ ကာကွယ်​ဆေးကာလတွေဟာ သင့်ကလေးရဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အလွန်အရေးကြီးပါတယ်။

    ကာကွယ်ဆေးတွေကို မပျက်မကွက်ထိုးပေးခြင်းဟာ သင့်ကလေးကို လှပတဲ့ အနာဂတ်ဆီသို့ ဦးတည်သွားစေမှာပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement