backup og meta

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား


Ye Zon Aung မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

    COVID-19 ရောဂါ ပိုးဟာ မတူကွဲပြားတဲ့ မျိုးစိတ်တွေရှိလာသလို ခြားနားတဲ့ လက္ခဏာသစ်တွေလည်း ပြသလာတာမို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ခဲ့ကြရာမှာ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ရပ်ကို သိလာရပါတယ်။ ဒါကတော့ SARS-CoV-2 ဆိုတဲ့ ကိုဗစ်ပိုးဟာ ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်တယ် ဆိုတာပါပဲ။

    COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဘယ်လောက်အထိတိုက်ခိုက်နိုင်လဲ တခြားဘယ်နေရာတွေကို ထိခိုက်နိုင်သေးလဲဆိုတာကို ထပ်မံလေ့လာနေကြဆဲလည်းဖြစ်ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့ COVID-19 ရောဂါကို တွန်းလှန်ဖို့ နိုင်ငံတိုင်းက ကြိုးပမ်းနေကြပါတယ်။ ရောဂါက အသစ်အဆန်းဖြစ်နေတာမို့ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်လုပ်ရာမှာ အခက်အခဲတွေနဲ့ ကြံ့ကြာမှုတွေကတော့ အတိုင်းအတာတစ်ခုမက ကြုံဆုံနေရတာပေါ့။

    ဒါကြောင့် ကမ္ဘာတစ်လွှားမှာ ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ကုသနိုင်မယ့်နည်းလမ်းတွေကို အင်တိုက်အားတိုက် သုတေသနပြုနေကြတာပါ။ ဒီသုတေသနရလဒ်တွေကြောင့်ပဲ ရောဂါကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ဖော်ထုတ်လာနိုင်တာဖြစ်ပါတယ်။

    လက်တလောမှာတော့ COVID-19 ရောဂါဖြစ်စေတဲ့ ရောဂါပိုးဖြစ်တဲ့ SARS-CoV-2 ဟာ ဖျားတာ၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာ၊ လည်ချောင်းနာတာတွေကိုဖြစ်စေပြီး လူတွေရဲ့ အဆုတ်၊ ကိုယ်ခံအားစနစ်နဲ့ အသက်ရှူလမ်းကြောင်းကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ခေါင်းကိုက်တာ၊ ဝမ်းသွားတာနဲ့ ခြေထောက်မှာ အနာပေါက်တာလိုမျိုး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေလည်း ပြသတတ်ပါသေးတယ်။ နဂိုရောဂါအခံရှိသူတွေဆိုရင် ရောဂါကို ပိုမိုပြင်းထန်စွာ ခံစားကြရပါတယ်။

    COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလားဆိုတဲ့ မေးခွန်းရဲ့အဖြေကို ဆက်လေ့လာကြည့်ရအောင်။

    SARS-CoV-2 ဆိုတဲ့ COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဆိုတာရဲ့ အဖြေတစ်ခု

    SARS-CoV-2 ပိုးဟာ လူ့ဦးနှောက်အထိ ကူးစက်ပျံ့နှံ့နိုင်ခြေရှိတယ်ဆိုတဲ့ ယူဆချက်ကို အစောပိုင်းကတည်းက သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ကြတာပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့က လူနာတစ်ချို့မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေသာမက ဦးနှောက်ကိုပါ ထိခိုက်ခဲ့တာမျိုးတွေကို ကြုံခဲ့ရတာကြောင့်ဖြစ်ပါတယ်။

    ဒါကြောင့်လည်း ကိုဗစ်နဲ့ ဦးနှောက်အာရုံကြော တို့ရဲ့ ပတ်သက်ဆက်နွယ်မှုတွေကို လေ့လာမှုတွေ ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။ ခုနောက်ဆုံး တွေ့ရှိချက်တွေအရဆိုရင် SARS-CoV-2 လို့ခေါ်တဲ့ ကိုဗစ်ပိုးဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်း ဖျက်ဆီး တိုက်ခိုက်နိုင်တာ ကို တွေ့ရှိလာရပါတယ်။

    ရောဂါပိုးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တိုက်ခိုက်နှောင့်ယှက်မှုကြောင့် ခေါင်းကိုက်တာ၊ အာရုံမကြည်တာ၊ အနံ့မရတာ၊ ခေါင်းမူးတာ၊ ကြွက်သား လှုပ်ရှားရခက်တာနဲ့ လေဖြတ်တာလိုမျိုး လက္ခဏာတွေ ကြုံလာရတာပါ။ ရောဂါပိုးဟာ ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေထဲကို ဝင်ရောက်ပြီး သွေးကြောတွေကို ထိခိုက်စေတာကြောင့် ခုလို ဝေဒနာတွေ ခံစားရတာဖြစ်တယ်လို့ New England Journal of Medicine က ဖော်ပြခဲ့ပါတယ်။

    National Institute of Neurological Disorders and Stroke (NINDS) ရဲ့ လေ့လာချက်အရဆိုရင် ကိုဗစ်ပိုးကူးစက်ခံရသူတချို့မှာ ရောဂါပိုးရဲ့ နှောင့်ယှက်မှုကြောင့် ဦးနှောက်တစ်သျှူးတွေ ပုံမှန်မဟုတ်တာမျိုးဖြစ်တတ်ပြီး ဒီအချက်ဟာ အနံ့ပျောက်စေရတဲ့ အဓိက အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    ရောဂါပိုးတိုက်ခိုက်တာကို ခံရတဲ့ ဦးနှောက်အစိတ်အပိုင်းတွေထဲမှာ olfactory bulb ဆိုတဲ့ အစိတ်အပိုင်းလည်းပါဝင်ပြီး သူက အနံ့အာရုံခံစားမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေတာကြောင့်ပါ။ အဲဒီ အနံ့မရခြင်းဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ အဓိက ရောဂါလက္ခဏာဖြစ်ပြီး လူနာ ၈၃% ဟာ အနံ့ပျောက်ဝေဒနာကို ခံစားခဲ့ကြရပါတယ်။

    SARS-CoV-2 ဆိုတဲ့ ကိုဗစ်ပိုးရဲ့ ဦးနှောက်အပေါ် ရေရှည်သက်ရောက်မှု

    SARS-CoV-2 ပိုးကို “neurotropic” virus တစ်မျိုးအဖြစ် သိပ္ပံပညာရှင်တွေက စဉ်းစားရှုမြင်လာကြပါတယ်။ အာရုံကြော ထဲက သွေးကြောတွေထဲကို ဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့် ခုလို ယူဆလာတာဖြစ်ပါတယ်။

    ကိုဗစ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောကိုထိခိုက်မှုက ရောဂါပိုးကူးစက်ခံထားရစဉ် အခိုက်အတန့် တစ်ခုတည်းမဟုတ်ပါဘူး။ လေ့လာချက်တွေအရ SARS-CoV-2 ကူးစက်ခံခဲ့ရသူတွေဟာ ရေရှည် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပြဿနာတွေ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားတာတွေ ရှိနေပါတယ်။ ဒီလို သတိပေးလာရတဲ့အကြောင်းအရင်းက “neurotropic” virus လို့ ယုံကြည်လာတာကြောင့်ပါ။

    ရောဂါကူးစက်ခံခဲ့ရသူတွေဟာ အယ်လ်ဇိုင်းမားရောဂါ၊ မှတ်ဉာဏ်ပျောက်ဆုံးတာ၊ မှတ်ဉာဏ်ချို့တဲ့တာတွေလိုမျိုး ရေရှည်အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဆက်လက်ရင်ဆိုင်ရနိုင်ပါတယ်။ ရောဂါပိုးဟာ အာရုံကြောစနစ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာမို့ ရေရှည်ပြဿနာတွေကို ဆက်လက်ရင်ဆိုင်ရတာပါ။

    ဒါပေမယ့် ဒီအချက်ဟာ ကိုဗစ်ကပ်ဘေးတစ်ခုတည်းက ဖြစ်စေတာမဟုတ်ပဲ ယခင်တုန်းက ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ တုပ်ကွေးကပ်ဘေးတိုင်းမှာလည်း ပြန်လည်သက်သာလာတဲ့ လူနာတွေမှာ ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်ခဲ့ရတဲ့ မှတ်တမ်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောကို တိုက်ခိုက်နိုင်တဲ့ ကိုဗစ်ပိုးရဲ့ တိုက်ခိုက်မှုတွေဟာလည်း ရေရှည်ပြဿနာတွေအဖြစ် ကြွင်းကျန်ခဲ့နိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်နေကြတာပါ။

    ကာကွယ်ခြင်းဖြင့် တားဆီးပါ

    သုတေသနပညာရှင်တိုင်းက သတိပေးတာကတော့ ရောဂါပိုးဟာ ဘယ်အစိတ်အပိုင်းတွေကို တိုက်ခိုက်နိုင်တယ်လို့ ဆိုဆို တိတိကျကျကာကွယ်တားဆီးထားနိုင်မယ်ဆိုရင် ရောဂါပျံ့နှံ့မှုကို ထိမ်းချုပ်နိုင်မှာဖြစ်သလို ကပ်ဘေးကို တားဆီးရာမှာလည်း ထိရောက်စေလိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။

    ကိုဗစ်ပိုးဟာ

    ရောဂါပိုး ကိုယ့်ဆီရောက်မလာဘူးဆိုရင် ကိုယ့်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ရောဂါက ဖျက်ဆီးခွင့်ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာအောင်နေထိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့က အကောင်းဆုံး ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းနည်းပါပဲ။

    မကြာခဏ လက်ဆေးမယ်၊ အပြင်သွားတိုင်း Mask တပ်မယ်၊ လူစုလူဝေးကို ဘယ်အခြေအနေမှာမဆို ရှောင်မယ်၊ မလိုအပ်ပဲ အပြင်သွားလာတာတွေကို လျှော့ချမယ်ဆိုရင် ကိုဗစ်ရောဂါဆိုးကို အကောင်းဆုံး ကာကွယ်တားဆီးနိုင်မှာပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement