backup og meta

Covid-19 ကပ်ဘေးကာလမှာ အရက်၊ ဆေးလိပ် သုံးစွဲမှုကို လျှော့ချပါ


Ye Myo Myat မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကပ်ဘေးကာလမှာ အရက်၊ ဆေးလိပ် သုံးစွဲမှုကို လျှော့ချပါ

    လူတွေ ဘာလို့ အရက်၊ ဆေးလိပ်ကို မကောင်းမှန်း သိလျက်နဲ့ သုံးစွဲကြတယ်ထင်လဲ။ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ၊ ကုထုံးတွေက ပိုပြီး ထိရောက်စေသလို ရေရှည်အတွက်လည်း ကောင်းတယ်၊ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးက မရှိသလောက် နည်းတယ်။ လူငယ်တွေ အများစုကတော့ စိတ်ကျန်းမာရေး ပြဿနာကြောင့် ခံစားရတဲ့ ဝေဒနာတွေကို တစ်ဒင်္ဂ မေ့ပျောက်သွားစေဖို့ပါပဲ။ အဲ့ဒီအတွက် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲတယ်။ လူငယ်ဆိုတော့ အပေါင်းအသင်းကလည်း မက်သလို စူးစမ်းလေ့လာချင်စိတ်၊ ကိုယ်တိုင် လက်တွေ့လုပ်လိုတဲ့ စိတ်ကလေးကလည်း ရှိနေပြန်တယ်။ အဲ့တော့ တစ်ယောက်က စလိုက်တာနဲ့ ကျန်တဲ့လူငယ်တွေ အကုန်လုံးက လိုက်တော့တာပေါ့။

    ခုလို ကပ်ဘေးကာလမျိုးမှာဆိုရင် ဒီလို အရာတွေကို ပိုတောင် မလုပ်မိဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းရမှာပါ။ သေချာ ပြန်ကြည့်မယ်ဆိုရင်

    ၁။ ဆေးလိပ်က အဆုတ်ကို သွားပြီး ထိခိုက်တယ်။ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတယ်။ ကျောက်ကပ်ကို ပျက်စီးစေတယ်။ Covid-19 က အဆုတ်ကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ရောဂါ ဖြစ်တာကြောင့် ဒီလို ကာလမျိုးမှာပါ ဆေးလိပ်သောက်မယ်ဆိုရင်တော့ ရောဂါပိုး ကူးစက်ခံရဖို့ အရမ်းလွယ်ကူသလို ကူးစက်ခံရတဲ့အခါမှာလည်း အဆုတ်က ထိခိုက်ပျက်စီးနေပြီ ဖြစ်တာကြောင့် အသက်ဆုံးရှုံးဖို့ ပိုလျင်မြန်စေနိုင်ပါတယ်။

    ၂။ Vape ကို ဆေးလိပ် အစားထိုးအဖြစ်နဲ့ သောက်ကြတယ်၊ နီကိုတင်းဓာတ် ပါလို့ စွဲလမ်းစိတ်ကို ဖြစ်စေတယ်။ အနံ့လေးကလည်း မွှေးတော့ ပိုက်ဆံတတ်နိုင်တဲ့ လူငယ်တွေ အများဆုံး သုံးကြတယ်။ စီးပွားရေးဆန်ဆန် ကြော်ငြာတွေကတော့ Vape သောက်ခြင်းဟာ အန္တရာယ်ကင်းပါတယ်လို့ ဆိုထားကြပေမယ့် တကယ်တမ်း လက်တွေ့မှာ ဆေးလိပ်လိုပဲ အဆုတ်ကို သွားပြီး ဒုက္ခပေးပါတယ်။

    ၃။ အရက်၊ ဘီယာ၊ တက်ကီလာ၊ ဂျင်၊ ဝိုင် စတာတွေမှာ အယ်လ်ကိုဟော ပမာဏ တစ်ခုစီ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီအရာတွေ အကုန်လုံးကို အမျိုးအစား ကွဲနေပေမယ့် အရက်သေစာ အုပ်စုလို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အရက်သောက်ရင် အဆုတ်ထိလား ဆိုတော့ ဆေးလိပ်လောက်တော့ မထိဘူးပဲ ပြောရမှာပါ။ ဒါပေမယ့် အသည်းနဲ့ နှလုံးကိုတော့ တော်တော် ဒုက္ခပေးစေနိုင်သလို လူတစ်ယောက်ရဲ့ ညဘက် ကောင်းစွာ အိပ်ပျော်နိုင်ခြင်းကိုလည်း ထိခိုက်စေပါတယ်။ အဲ့တော့ ဘာကောင်းကျိုးမှ မရှိတဲ့ အရက်သေစာတွေကို ဒီလို ကပ်ဘေးကာလမှာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံပြီး သောက်နေမှာလဲ။

    ၄။ မူးယစ်ဆေးဝါး အနေနဲ့ ဆေးလုံး၊ ဆေးပြား၊ အမှုန့်၊ ဆေးရည် အစရှိသဖြင့် ပုံစံ အမျိုးမျိုးနဲ့ လာသလို အသုံးပြုပုံခြင်း၊ ခံစားရတဲ့ ခံစားမှုမျိုးကလည်း မတူညီပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓာကို ထိခိုက်တဲ့ နေရာမှာ အပေါ်မှာ ပြောခဲ့တဲ့ ဆေးလိပ်၊ အရက်တွေနဲ့ အတူတူပဲ ဖြစ်မှာပါ။ နှလုံး၊ ဦးနှောက်၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း အပြင် တခြားသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ထိခိုက် အားလျော့စေရုံသာမက စိတ်ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းကျိုး မရှိပါဘူး။

    ဒါဆို ကိုယ့်စိတ်ကို တည်ငြိမ်အောင် ဘယ်လို လုပ်ကြမလဲ။

    များသောအားဖြင့် လူငယ်တွေက ရင်ထဲမှာ ဖြစ်နေတဲ့ အထီးကျန်စိတ်၊ ဝမ်းနည်းပူလောင်စိတ်၊ အသည်းကွဲ ဒဏ်ရာ၊ စိတ်ဖိစီးမှုတွေ အစရှိတဲ့ ခံစားချက် အမျိုးမျိုးကို ခေတ္တခဏ အဝေးကို လွင့်ထွက်သွားအောင်လို့ ဒီလိုအရာတွေကို လုပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလို ကာလမျိုးမှာတော့ တတ်နိုင်ရင် ရှောင်ပေးဖို့ အကြံပေးလိုပါတယ်။ အဲ့ဒီ အစား ဘာတွေ လုပ်လို့ ရမလဲဆိုရင်

    • စာများများ ဖတ်ပေးပါ

    အသက်ရှူ လေ့ကျင့်ခန်းကို နေ့စဉ် အချိန်ခဏ ပေးပြီး လုပ်ကြည့်ပါ

    မိသားစုတွေနဲ့ စကားပြောပါ၊ တိုင်ပင်ပါ

    • ကိုယ်ချစ်တဲ့ သူတွေ၊ သူငယ်ချင်း မိတ်ဆွေတွေဆီ ဖုန်းခေါ်ပြီးတော့လည်း ရင်ဖွင့်လို့ ရပါတယ်

    • စိတ်အပြောင်းအလဲ ဖြစ်သွားအောင် အိမ်အလုပ်တွေကို ကူလုပ်ကြည့်ပါ

    • သီချင်းအော်ဆိုကြည့်ပါ

    တရားထိုင်ပါ

    ယောဂကျင့်ပါ

    • ဟာသ ရုပ်ရှင်တွေ များများ ကြည့်ပေးပါ

    • စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးစရာတွေကို ခေါင်းထဲကနေ မေ့နိုင်အောင် ကြိုးစားကြည့်ပါ၊ မမေ့နိုင်ရင်လည်း ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းလို့ရမလဲဆိုတာ သေချာ တွေးကြည့်ပါ

    ကပ်ဘေးကာလမှာ ရုပ်ခန္ဓာကျန်းမာရေးကိုလည်း ဂရုစိုက်သင့်သလို စိတ်ကျန်းမာရေးအတွက်လည်း မပေါ့ဆသင့်ဘူးနော်။ ဒီလိုမျိုး အိမ်မှာ အနားယူနေရမယ့် အချိန်ဟာ ကိုယ့်စိတ်ကို ပုံမှန်အတိုင်း ဖြစ်အောင် ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဆိုတာ သိထားဖို့ လိုတယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement