backup og meta

ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။

ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။

ကိုဗစ်ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာပဲ တစ်နေ့ တစ်နေ့ ရာချီပြီး တွေ့နေတာတင်မကဘဲ သေဆုံးလူနာတွေပါ များလာတာပါ တွေ့ရမှာပါ။ ပထမလှိုင်းမှာ ၆ယောက်နဲ့ ငြိမ်နေရာက ဒုတိယလှိုင်းစပြီး ၂ပတ်ကျော်ကျော် (၁၈.၉.၂၀၂၀ ဒေတာအရ)မှာပဲ ၆၁ယောက်ထိ ၁၀ဆ တက်လာခဲ့ပါတယ်။ ဒါတွေဟာ ဘာကြောင့်များပါလဲ။ ဖြစ်နိုင်ခြေတွေကို အတူတူစဉ်းစားကြည့်ရအောင်။

ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။

  • အသက်

ဆုံးတဲ့သူကို ကြည့်လိုက်ရင် အသက် ၆၀ပိုင်းတွေ တော်တော်များပါတယ်။ တကယ်တော့ ဒီလိုသက်ကြီးပိုင်းတွေဆိုတာ ဘာရောဂါအခံမှ မရှိရင်တောင် ဗိုင်းရပ်စ်ဒဏ်ကို ခံနိုင်ဖို့ရာ တော်တော်အားထုတ်ရမှာပါ။ ခုလို နောက်ခံရောဂါတွေပါ ပါနေတော့ ပိုဆိုးပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ရောဂါအခံရှိရှိ မရှိရှိ သတိထားနေထိုင်သင့်ပါတယ်။

  • ရောဂါအခံ

ရောဂါအခံလို့ ပြောရင် အရင်က ဆီးချို၊ သွေးတိုးက အဓိကပေါ့။ အဲ့ဒီမှာမှ ရောဂါအခံကို မထိန်းနိုင်တဲ့သူဆို ပိုဆိုးပြီပေါ့။ ခုဒုတိယလှိုင်းမှာတော့ အသက်နဲ့ မဆိုင်ဘဲ ရောဂါအခံရှိရုံနဲ့တင် သေဆုံးလာတာတွေကို တွေ့ရပါတယ်။ ဆီးချို၊ သွေးတိုးအပြင် လေဖြတ်ထားတာ၊ အရေပြားလေးဖက်နာရှိတာ၊ ကျောက်ကပ်ရောဂါ၊ သွေးကင်ဆာ စတာတွေပေါ့။

တစ်လက်စတည်း နောက်ထပ် သတိထားသင့်တဲ့ သူတွေကတော့ ကိုယ်အင်္ဂါအစားထိုးထားတဲ့သူ (ဥပမာ ကျောက်ကပ်)၊ ကင်ဆာရောဂါရှိတဲ့သူ၊ ကင်ဆာကုသမှုခံယူနေတဲ့သူ၊ ခုခံအားကျနေတဲ့သူတွေ၊ ရောဂါကြောင့် ကိုယ်ခံအားဖိနှိပ်ထားတဲ့ ဆေးတွေ သောက်နေရတဲ့သူ စတဲ့သူတွေကလည်း ဂရုစိုက်သင့်ပါတယ်။ ခြုံပြီးပြောရရင် ကိုယ့်မှာ ဘာရောဂါအခံပဲရှိရှိ သတိထားနေထိုင်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။

  • မသိလိုက်တဲ့ ရောဂါတွေ

ဒီမှာက ပုံမှန်ဆေးစစ်နေတဲ့သူဆိုတာ ရှားပါတယ်။ တစ်ခုခုလက္ခဏာပြမှသာ ဆေးရုံဆေးခန်းသွားကြတာပါ။ ဒါကြောင့် ကိုယ်ထဲမှာ ကိုယ်မသိလိုက်ဘဲ ရောဂါ တစ်ခုခုရှိနေနိုင်ပါတယ်။ မစစ်လို့ မသိလိုက်တဲ့ ရောဂါတွေပေါ့။ ကိုဗစ်လည်း ဝင်လာရော ခံနိုင်ရည်မရှိဘဲ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

  • တီဘီနဲ့ တခြားရောဂါတွေ

မြန်မာနိုင်ငံမှာ တီဘီရောဂါတွေ သိပ်ကို ပေါပါတယ်။ ရိုးရိုးတီဘီ၊ ဆေးယဉ်ပါး တီဘီ အစုံရှိပါတယ်။ နောက် တီဘီက ကိုဗစ်ထက်တောင် ကြောက်ဖို့ကောင်းပါတယ်။ လေထဲက ကူးတာပါ။ လေထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေနိုင်ပြီး ရှူမိရင် ကူးပါတယ်။ ဒါပေမယ့် လူတိုင်း လက္ခဏာမပြပါဘူး။ ခုခံအားကောင်းနေရင် ဖိနှိပ်ခံထားရလို့ အောင်းနေတတ်ပါတယ်။ ကိုဗစ်ကူးခံရပြီဆိုရင်တော့ ခုခံအားတွေထိ၊ အဆုတ်တွေထိတာကြောင့် တီဘီက ပြန်ကြွလာပြီး ဒုက္ခပေးတတ်ပါတယ်။

ဆက်စပ်ပြီး ပြောရရင် နောက်တစ်ခုက အဆုတ်ရောင်၊ အဆုတ်ပွပါ။ ဒီမှာက ဖျားတယ်၊ ချောင်းဆိုး၊ ချွဲကြပ်ဆို ဆေးရုံဆေးခန်းသွားပြီး စနစ်တကျကုတာထက်စာရင် စပ်ဆေးလောက်နဲ့ ပြီးသွားပါတယ်။ သေချာမကုတဲ့အတွက် လက္ခဏာလောက်သာ သက်သာပြီး အထဲက ပိုးတွေ မသေပါဘူး။ တစ်ခါတလေ အဆုတ်ထိခိုက်သွားတတ်ပါတယ်။ ကိုယ်ကတော့ လက္ခဏာတွေ သက်သာနေပေမယ့်ပေါ့။ တကယ်တမ်းကိုဗစ်လည်း ဝင်လာရော ကိုယ့်အဆုတ်က နဂိုပျက်စီးပြီးသားဆိုတော့ ခံနိုင်ရည် မရှိပါဘူး။

စပ်ဆေးအကြောင်းလေး ဆက်ပြောရရင် နေထိုင်မကောင်းလို့ ဆေးစပ်သောက်တယ်၊ အားမရှိလို့ ဆေးစပ်သောက်တယ် စသဖြင့် သောက်တတ်ကြပါတယ်။ တချို့များဆို စွဲတောင် သောက်ကြပါတယ်။ စပ်ဆေးမှာက အားလုံးသိတဲ့အတိုင်း စတီးရွိုက်တွေ ပါပါတယ်။ စတီးရွိုက်က ခုခံအားကို ကျစေပါတယ်။ ဒါကြောင့် ကိုယ်မသိလိုက်ဘဲ ကိုဗစ်ဝင်လာတယ်။ ခုခံအားကလည်း နည်းနေတော့ ပြန်မတိုက်နိုင်ဘဲ ဒုက္ခရောက်ရတာပါ။

  • လူနေမှုပုံစံ

တချို့က အသက်ကလည်း ငယ်ငယ်လေးတွေ၊ ဘာရောဂါအခံမှလည်း မရှိဘဲနဲ့ ဆုံးသွားကြပါတယ်။ ဒီနေရာမှာ တစ်ချက်ပြန်စဉ်းစားရမှာက အဝများလွန်နေသလား၊ ဆေးလိပ်တွေ၊ အရက်တွေများ စွဲသောက်နေတာလား စသဖြင့်ပေါ့။ ဒါတွေက ရောဂါအခံမရှိတာတောင် ကိုယ်ခံအားကို ထိခိုက်စေတဲ့အရာတွေ ဖြစ်ပါတယ်။

  • အာဟာရချို့တဲ့တာ

အာဟာရချို့တဲ့တာက မစားနိုင် မသောက်နိုင်တာမဟုတ်ဘဲ ကိုယ်စားနေတာတွေကိုက အာဟာရတန်ဖိုး မပါတာပါ။ အားလုံးသိတဲ့အတိုင်း ပတ်ဝန်းကျင်က အလွယ်ရတဲ့ စားစရာတွေက အဆီအဆိမ့်တွေ၊ အငန်ကဲထားတာတွေ၊ တာရှည်ခံပစ္စည်းတွေနဲ့ လုပ်ထားတာတွေ၊ သကြားဓာတ်များလွန်းတာတွေ၊ မသန့်ရှင်းတာတွေ ဒါတွေပဲ ရှိပါတယ်။ ဒါတွေက အာဟာရတန်ဖိုး မရှိတဲ့အတွက် စားသာစားနေရပေမယ့် ကိုယ်ခံအားက ဒီလောက်တက်မလာပါဘူး။ ရောဂါကြီးကြီးမားမား ဝင်လာရင် ခံနိုင်ရည်မရှိပါဘူး။

  • ဗိုင်းရပ်စ်ကများ ပြင်းထန်နေတာလား။

ဒုတိယလှိုင်းအစမှာ ကျန်းမာရေးဌာနက ပြောရေးဆိုခွင့်ရှိသူတွေက ဒီဗိုင်းရပ်စ်က ကူးစက်နှုန်း၁၀ဆပိုမြင့်တယ်လို့ ပြောခဲ့ကြတာ မှတ်မိဦးမယ်ထင်ပါတယ်။ ကူးနှုန်းတင်မကဘဲ ပိုပြီးပြင်းထန်နေသလားဆိုတာကလည်း စဉ်းစားရမယ့် အချက်တစ်ချက်ပါပဲ။

  • ခုခံအား အလွန်အကျွံတုံ့ပြန်မှု (cytokine storm)

ကိုယ်ထဲက ရောဂါပိုးတွေ ဝင်လာရင် ခုခံအားဆဲလ်တွေက cytokineဆိုတဲ့ ပရိုတိန်းတွေ ထုတ်ပြီး တိုက်ပါတယ်။ ဒါမှ ရောဂါလည်း မြန်မြန်ပျောက်သလို မြန်မြန်လည်း နလန်ပြန်ထပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပေါ့။ ဒါပေမယ့် တချို့လူတွေမှာ ရောဂါပိုးက ၁ကျပ်ဖိုးလောက် ဝင်လာရင် ခုခံအားကို ၁၀၀ဖိုးလောက် သုံးပြီး တုံ့ပြန်ပါတယ်။ ရလဒ်ကတော့ ကိုယ်ထဲက တခြားဆဲလ်တွေပါ ထိခိုက်ကုန်ပါတယ်။ သူသေကိုယ်သေ တိုက်တဲ့ ပုံစံမျိုးပါ။ ဒါကြောင့် တချို့က အချိန်တိုလေးအတွင်းမှာ လက္ခဏာတွေ ပိုဆိုးလာပြီး နောက်ဆုံးအဆုတ်ပျက်စီးပြီး အသက်အန္တရာယ်ဖြစ်ကုန်တာပါ။

ကိုဗစ်က ဘာကြောင့် အသေအပျောက် များနေသလဲဆိုရင် ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးတွေ၊ ရောဂါအခံရှိသူတွေသာမကဘဲ ငယ်ငယ်ရွယ်ရွယ်လေးတွေပါ အသက်ဆုံးရှုံးတာမြင်နေရတော့ ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါပြီ။

လက်ရှိ နေထိုင်စားသောက်မှုပုံစံအရ ငယ်ငယ်လေးနဲ့လည်း နှလုံးတို့၊ ဆီးချိုတို့၊ သွေးတိုးတို့ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို အမြန်ပြောင်းလဲပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို စပြောင်းပါ။ ကျန်းမာရေးနဲ့ပတ်သက်လာရင် တတ်ကျွမ်းနားလည်သူဆီမှာ စနစ်တကျပြသပါ။

ကိုဗစ်က လက်ရှိအနေအထားအရတော့ ဘယ်သူပဲဖြစ်ဖြစ် မကူးစက်အောင် သတိပြုနေထိုင်ရမယ့် အချိန်ရောက်နေပါပြီ။ ရောဂါကာကွယ်ရေးနည်လမ်းတွေကို စနစ်တကျလိုက်နာနေထိုင်တာက ဒီချိန်မှာ အကောင်းဆုံးနည်းလမ်းပါပဲ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/westernpacific/emergencies/covid-19/information/high-risk-groups

https://www.nhs.uk/conditions/coronavirus-covid-19/people-at-higher-risk/whos-at-higher-risk-from-coronavirus/

https://www.medscape.com/viewarticle/937044#vp_2

 

 

ယခုပုံစံ

18/09/2020

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကြောင့် အနံ့ပျောက် တာလား၊ တခြားအကြောင်းရင်းကြောင့်လား။

ကိုဗစ်နဲ့ စီဗစ်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement