backup og meta

COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း

    COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ယနေ့ခေတ်ကမ္ဘာပါ်မှာနေထိုင်နေကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းဆီကို လိုက်မေးကြည့်ပါ။

    သင်တို့ယခုအကြောက်ဆုံးဟာ ဘာဖြစ်မလဲလို့။

    ပြန်ဖြေတဲ့ဘာသာစကားသာမတူဘဲနေရင်နေပါမယ်။ အဖြေကတော့ တစ်မျိုးထဲပါပဲ။

    ဟုတ်ပါတယ်။

    COVID-19 လို့ပဲပြန်ဖြေကြမှာပါ။

    COVID-19 ရောဂါဖြစ်ပွားသူဦးရေဟာလည်းတစ်နေ့တစ်ခြားတိုးပွားလျက်ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဒီကပ်ရောဂါကြီးစဖြစ်ခဲ့တုန်းကလောက်တော့ လူတွေဟာ သိပ်တုန်လှုပ်ခြင်းမရှိကြတော့ပါဘူး။

    COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း

    မြန်မာနိုင်ငံမှာဆိုရင်လည်း COVID ပထမလှိုင်းဝင်ခဲ့တုန်းက လူတွေဟာအလွန်တရာကိုမှကြောက်ရွံ့ခဲ့ကြပြီး Panic Buying ဆိုတဲ့ အသည်းအသန် ပစ္စည်းဝယ်ယူစုဆောင်းမှုတွေလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအခါ အမြတ်ကြီးစားသူစျေးဆိုင်ရှင်တွေက စျေးများများနဲ့ ရောင်းချခဲ့ကြပါတယ်။ ယခု နောက်ပိုင်းမှာတော့ အတွေ့အကြုံရှိခဲ့ပြီးပြီမို့ အဲ့ဒီလိုမလုပ်ကြတော့ပါဘူး။ အမြတ်ကြီးစားတဲ့သူတွေတော့ရှိနေပါသေးတယ်။ COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း အကြောင်းလေး ဆက်ပြောကြရအောင်နော်။

    ကဲ ကျန်းမာရေးရှုထောင့်ကိုသွားကြည့်ရအောင်

    COVID စဖြစ်ဖြစ်ချင်းမှာ လူတွေဟာ ကြောက်ကြတာမို့ အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး။သာမန်လူအိမ်အပြင်မထွက်တာကောင်းတဲ့ကိစ္စဆိုပေမဲ့ အမှန်တကယ်နာမကျန်းသူတွေကတော့ ဆေးရုံဆေးခန်းကို ကျိန်းသေပေါက် သွားပြရပါမယ်။ COVID တစ်ခုတည်းသာရောဂါမဟုတ်ပါ။ COVID ထက် ကြောက်ဖို့ကောင်းတဲ့ရောဂါတွေမှအများကြီးပါ။ ဆရာဝန်ဆီက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့မှ ကုသနိုင်မယ့်ရောဂါတွေရှိပါတယ် (ဉပမာ သွေးတိုး၊ ဆီးချို စသဖြင့်)။ ပထမလှိုင်းငြိမ်သွားတဲ့ အချိန်ကြောက်ရွံ့မှုနည်းသွားပေမဲ့ အခုနောက်ပိုင်းမှာလည်း ဒီအတိုင်းပြန်ဖြစ်လာတော့မှာပါ။

    COVID-19 ဖြစ်တဲ့အခါ အချို့ရပ်ကွက်ထဲက ဆေးခန်းတွေ မဖွင့်တာရှိပါတယ်။ ဒါက ရှင်းပါတယ်။ COVID-19 အတွက် အဆင်သင့်မဖြစ်နိုင်တဲ့ ဆေးခန်းတေွရှိနိုင်ပါတယ်။ (ဉပမာ နေရာကျဉ်းတာ၊ လူနာထားရာနေရာကို စနစ်တကျ ပိုးသတ်ဖို့ အခက်အခဲရှိတာ၊ ဆရာဝန်ကိုယ်တိုင်ကိုက အသက်ကြီးသူမို့ ဒီအချိန်မှာ Risk မယူချင်တာ စသဖြင့်ပါ)။ ဒီလိုဆေးခန်းတွေကိုက ရောဂါဖြန့်ဖြူးရာနေရာဖြစ်မှာစိုးတဲ့အတွက် ပိတ်ထားနိုင်ပါတယ်။ ဒီအခါ လူနာတွေအနေနဲ့ ဆေးခန်းအလွယ်တကူမရှိတဲ့အခါ မပြတော့ပါဘူး။ ဒီလိုနည်းနဲ့ရှိရင်းစွဲရောဂါလက္ခဏာတွေဟာပိုဆိုးလာရပါတော့တယ်။ တစ်ရက်နေတယ်၊ သက်သာမလားစောင့်တယ် မသက်သာပါဘူး။ နောက်တစ်ရက်နေတယ်၊ မသက်သာပါဘူး။ ဒီလို နဲ့ COVID-19 ကိုကြောက်ရင်း ဆေးခန်းမသွားရင်းကနေ အသက်ဆုံးရှုံးသည်အထိဖြစ်လာရပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ သာဓကတွေအများကြီးပါ။

    ဒါကြောင့်ပြနေကျ ဆေးခန်းမရှိလည်းရှိတဲ့နေရာပြပါ။ အရေးပေါ် အခြေအနေဆိုရင် ဆေးရုံသာပြေးပါ။ အကာအကွယ် (နှာခေါင်းစည်း၊ Face shield) တော့အသေအချာဝတ်ဆင်ပါ။ဆေးရုံတွေဟာကျန်းမာရေးစောင့်ရှောက်မှုကို အမြဲတစေပေးနေရာနေရာပါ။ အဓိကကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တွေ့ဖို့ပါ။ မိမိသဘော (သို့) ရမ်းကုတွေနဲ့ ကြိတ်ကုနေလို့မရပါဘူးနော်။ သို့သော် တကယ်လိုအပ်မှသွားပါ။ မလိုအပ်ဘဲ သွားရင်လည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် အလုပ်ပိုနေနိုင်သလို COVID ကူးစက်ဖို့အခွင့်အလမ်းလည်း များပါသေးတယ်။

    အဓိကပြောချင်တာကတော့ ကျွန်မတို့ဟာ COVID နဲ့အတူတကွယှဉ်တွဲနေထိုင်တတ်ရပါတော့မယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း ပြုလုပ်ရင်း ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားတဲ့အတိုင်း ပြုမူနေထိုင်တတ်ရပါတော့မယ်။

  • လူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေကို ရှောင်ရပါမယ်။
  • ရေနှင့်ဆပ်ပြာတို့ကို အသုံးပြုကာ လက်ကိုခဏခဏ ဆေးကြောရပါမယ်။
  • Alcohol ပါတဲ့ လက်သန့်ဆေးရည်နဲ့လည်း ဆေးနိုင်ပါတယ်။
  • နှာချေ၊ ချောင်းဆိုးရင်တစ်သျှူးအသုံးပြုကာအုပ်ထားရပါမယ်။
  • ဖျားနာ၊ နှာချေ၊ ချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးနေပါ။
  • တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှာနေပါ။
  • မလိုအပ်လျှင် အပြင်မသွားပါနဲ့။ အပြင်သွားချိန်ကို အကြိမ်ရေလျှော့လိုက်ပါ။ (ဉပမာ ဈေးသွားတာမျိုး)
  • အပြင်ထွက်ရာမှာလည်း နှာခေါင်းစည်းFace Shield တို့မဖြစ်မနေတပ်ပါ။
  • ဆေးရုံဆေးခန်းကိုတော့ လိုအပ်လာလျှင်သွားကိုသွားရပါမယ်။ မသွားလို့မဖြစ်ပါ။ အစိုးရကလည်း Lock down ချထားရာ ရခိုင်ပြည်နယ်မှာတောင် ဒါကိုခွင့်ပြုထားပြီးသားပါ။ နှစ်ဦးထက်တော့ပိုမသွားသင့်ပါ။ လူနာနဲ့ လူနာကိုလိုက်လံပြသပေးမယ့်လူတစ်ယောက်ပါ။
  • အလုပ်သွားရမယ့် လူများအနေနဲ့ တတ်နိုင်သလောက် Risk ကိုလျှော့ပါ။ လမ်းလျှောက်သွားလို့ရရင်သွားပါ။ စက်ဘီး၊ ဆိုင်ကယ် စီးလို့ရရင်စီးပါ။ အများသုံးဘတ်စ်ကားကို တတ်နိုင်သလောက်မစီးပါနဲ့။ မစီးမဖြစ်စီးရမယ့်သူတွေမှာလည်း လူနည်းချိန်စောသွားတာမျိုး၊ နောက်ကျသွားတာမျိုးရွေးချယ်ပါ၊ အလုပ်အပေါ်တော့မူတည်နိုင်ပါတယ်။ ဘတ်စ်ပေါ်မှာလည်း Mask၊ Face Shield တပ်ပါ။ တတ်နိုင်ရင် အခြားသူနဲ့ခြား၍နေပါ။
  • COVID-19 ကပ်ရောဂါကာလဟာဘယ်ချိန်ပြီးမလဲမသိနိုင်တာကြောင့် ကပ်ရောဂါရန်မှကာကွယ်ရင်း မိမိရှိရင်းစွဲရောဂါကိုလည်းပိုမဆိုးသွားအောင် ၊ သက်သာလာအောင်နေထိုင်တတ်ရပါမယ်။ ငယ်ရွယ်သူတွေအနေနဲ့လည်း မိမိရော၊ မိမိ မိသားစုရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ရင်း နေထိုင်သင့်ပါတယ်။ အခြားရောဂါတွေရဲ့ ရန်ကိုလည်းအတတ်နိုင်ဆုံး ဉာဏ်ယှဉ်ကာ ကာကွယ်တတ်ရပါတော့မယ်။

    ကဲ ကျွန်မတို့လည်း COVID-19 နဲ့ အတူတကွ ယှဉ်တွဲနေထိုင်လိုက်ရအောင်လား။

    ရေးသားသူ: ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement