backup og meta

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ


Ye Zon Aung မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

    COVID-19 က တစ်ကမ္ဘာလုံးမှာ တစ်နေ့တစ်ခြား ပိုပိုပြီး ဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း နေ့စဉ် လူနာတွေ အမြောက်အများတိုးပွားလာနေပါပြီ။

    ဒီလိုတိုးပွားလာနေတဲ့လူနာတွေထဲမှာ လူနာတချို့ဟာ ရောဂါလက္ခဏာမပြသကြပဲ ကွာရန်တင်းဝင်ခိုင်းပြီး ရောဂါပိုးစစ်ဆေးကြည့်မှသာ ရောဂါရှိနေကြောင်း သိလာကြရသူတွေများလာနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့ရှိသူတွေထဲက အများစုဟာ ရောဂါလက္ခဏာမပြသကြဘူးလို့ ဆိုပါတယ်။

    ဒါပေမယ့်လည်း လက္ခဏာမပြသတာကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ်အနီးအနားက လူတွေမှာ ရောဂါပိုးရှိမရှိသိမနေနိုင်ဘူးဆိုပြီး အရာရာကို အကြောက်လွန်ဖို့တော့ မသင့်ပါဘူး။

    နိုင်ငံတကာလေ့လာသူတွေရဲ့အဆိုအရဆိုရင် COVID-19 ရောဂါပိုးတွေ့ရှိသူအများစုဟာ ရောဂါလက္ခဏာမပြသကြဘဲ Positive ဖြစ်နေကြတယ်ဆိုတာ မှန်ပေမယ့် ကွာရန်တင်းဝင်ချိန်မှာ ရောဂါလက္ခဏာမပြသခြင်းသာ ဖြစ်နိုင်ခြေများပြီး တခြားအချိန် ဒါမှမဟုတ် အခြေအနေ တစ်ခုခုမှာတော့ ရောဂါလက္ခဏာ ပြလာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

    ကွာရန်တင်းကာလက ၁၄ ရက် ၂၁ ရက်စသဖြင့် နိုင်ငံလိုက်တူညီချင်းမရှိကြပဲ ရောဂါလက္ခဏာ ပြသနိုင်တဲ့ကာကိုလည်း ၁၄ ရက်ကနေ ၂၁ ရက်အကြားလို့ ပျမ်းမျှသတ်မှတ်ထားတာကြောင့်ပါ။ တချို့သော ပညာရှင်တွေကတော့ ဒီထက်ပိုကြာနိုင်တယ်လို့လည်း ဆိုကြတယ်မဟုတ်လား။

    ဒီတော့ လက္ခဏာပြပြ၊ မပြပြ ရောဂါလက္ခဏာတွေကိုတော့ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှ မသင်္ကာစရာတစ်စုံတစ်ရာရှိလာခဲ့ရင် စစ်ဆေးနိုင်မှာလေ။ ဒါကြောင့် လမ်းညွှန်ချက်တွေအရ မဖြစ်မနေ သိထားသင့်တဲ့ အဓိက လက္ခဏာရပ်တွေကို ပြောပြချင်ပါတယ်။

    ၁။ မကြာသေးမီက ဖျားနာဖူးတာ

    ပြောရမယ်ဆိုရင် မြန်မာပြည်မှာနေထိုင်သူတွေအနေနဲ့ မေလ၊ ဧပြီလလောက်ကတည်းကနေစပြီး ခုချိန်အကြားမှာ ဖျားတာနာတာဖြစ်ဖူးတယ်ဆိုရင် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ တက္ကဆက်တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရဆိုရင် သူတို့စစ်ဆေးခဲ့တဲ့တချို့လူနာတွေဟာ ခရစ္စမတ်လောက်ကတည်းက ရောဂါပိုးကူးစက်ခံထားရတယ်လို့ ယူဆစရာရှိနေပေမယ့် ၃-၄ လအကြာလောက်ရောက်ချိန် Swab လုပ်ပြီး စစ်ဆေးချိန်အထိ ရောဂါလက္ခဏာမပြသတာမျိုး ကြုံခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဆိုပါ စစ်ဆေးမှုပြုလုပ်ချိန်မှသာ Positive အဖြေထွက်လာတာဖြစ်ပါတယ်။ ဒီကြားကာလမှာ အဆိုပါလူနာတွေ ဖြစ်ခဲ့တာဆိုလို့ အအေးမိ ဖျားနာဝေဒနာလောက်သာဖြစ်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

    ၂။ အနံ့ခံနိုင်စွမ်းပျောက်ဆုံးတာ

    လူသိများတဲ့ ရောဂါလက္ခဏာတစ်မျိုးဖြစ်ပြီး အဖြစ်လည်းများပါတယ်။ COVID-19 ဝေဒနာရှင်အများစုဟာ အနံ့မရတော့တဲ့ ပြဿနာကို ရင်ဆိုင်ရလေ့ရှိကြပါတယ်။ အမေရိကမှာဆိုရင် လူနာ ၂၇% လောက်ဟာ အဆိုပါလက္ခဏာမျိုးပြသကြပြီး ပိုးကူးစက်ပြီး ၇ ရက်နဲ့ ၁၀ ရက်အကြားမှာ ရောဂါလက္ခဏာစတင်ပြသတယ်လို့ ဆိုပါတယ်။

    ၃။ တစ်ခါတစ်ရံမှာ သိသိသာသာ အသက်ရှူရခက်နေတတ်တာ

    အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တာဖြစ်တဲ့အတွက် အသက်ရှူရကျပ်တာနဲ့ အသက်ရှူမဝတာတွေ ကြုံရတာက သိသာထင်ရှားတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သတိထားဖို့လည်း မဖြစ်မနေလိုအပ်တဲ့ လက္ခဏာတစ်ခုပါ။

    ၄။ ချောင်းဆိုးဝေဒနာ မပျောက်ကင်းနိုင်ဖြစ်နေတာ

    COVID-19 ရဲ့ လက္ခဏာတွေထဲမှာ ချောင်းခြောက်တွေ မကြာခဏဆိုးနေတာလည်း ပါပါတယ်။ ဆက်တိုက်ဆိုးနေတာမျိုး ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာမျိုးတွေက COVID-19 ရဲ့ လက္ခဏာတွေလို့ ဆိုလို့ရပါတယ်။ JAMA ရဲ့ လေ့လာချက်အရ COVID-19 လူနာ ၄၃% လောက်က ဒီလက္ခဏာပြသတတ်ကြတယ်လို့ ဆိုထားပါတယ်။

    ၅။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတတ်တာ

    COVID-19 လူနာတွေရဲ့ ၅၃% ဟာ မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတတ်ပါတယ်။ ဒီလေ့လာချက်ကို JAMA ကပဲ ဖော်ပြခဲ့တာပါ။ ဒီလက္ခဏာကို ရက်ပေါင်း ၆၀ လောက်အထိပြသနေတတ်တယ်လို့ အဆိုပါလေ့လာချက်မှာဖော်ပြထားပါတယ်။

    ၇။ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတချို့ ကြုံလာရတာ

    တစ်ချို့သောလူနာတွေဟာ

    • ပုံမှန်မဟုတ်တဲ့ နှလုံးဆိုင်ရာပြဿနာတွေ ကြုံလာရတာ
    • ဆိုးဆိုးရွားရွားခေါင်းကိုက်တာ
    • ခြေချောင်းလေးတွေမှာ အရေပြား ယားယံလာတာ
    • မောဟိုက်နေတတ်တာ
    • ချောင်းခြောက်တွေ ဆက်တိုက်ဆိုးနေတာ
    • မျက်လုံးတွေ ရဲလာတာ
    • အစာခြေစနစ်မှာ ပြဿနာတွေရှိလာတာ (ဥပမာ ဝမ်းလျှောတာ)
    • တုပ်ကွေးလက္ခဏာတွေ ပြသလာတာတွေကြုံရတတ်ပါတယ်။

    ဒီလို ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေကို လူနာ ၇၈% လောက်အထိ ကြုံရလေ့ရှိတယ်လို့ JAMA က ဖော်ပြထားပါတယ်။

    ဒါကြောင့် ကိုယ့်မှာ မသင်္ကာစရာရောဂါလက္ခာတစ်မျိုးမျိုးပြသလာရင် ဒါမှမဟုတ် ပြသဖူးခဲ့ရင် ဆေးစစ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 21/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement