backup og meta

လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ အရေပြားကို ဘယ်လို ဂရုစိုက်သင့်သလဲ


Dr. Thant Zin မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ အရေပြားကို ဘယ်လို ဂရုစိုက်သင့်သလဲ

    COVID-19 ဖြစ်ပွားနေစဉ်မှာ လက်ကို မကြာခဏ ဆေးကြောဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ တိုက်တွန်းထားပါတယ်။ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကာကွယ်ရေးအတွက် ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် ဆပ်ပြာကို တိုက်လွန်း၊ လက်ကိုဆေးလွန်းအားကြီးရင်လည်း အရေပြားရဲ့ ကာကွယ်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။

    ဒါကြောင့် လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ ဘယ်အချက်တွေကို ဂရုစိုက်ရမလဲဆိုတာ အရေပြားဆရာဝန်တွေက တိုက်တွန်းထားတဲ့အချက်တွေ ရှိပါတယ်။ အဆိုပါအချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

    ရေနွေးနွေးနဲ့ဆေးပါ

    ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့်နှစ်ဆယ်လောက် ဆေးကြောနေချိန်မှာ ရေနွေးနွေးကို သုံးသင့်တယ်လို့ သုတေသီအချို့က အကြံပြုပါတယ်။ ပူနေဖို့လည်း မလိုပါဘူး။ ပူနေရင်လည်း လက်ဆေးကာကွယ်ခြင်းနည်းလမ်းအတွက် မထိရောက်ပါဘူး။ ကောင်းတာကတော့ ရေနွေးနွေးလေးနဲ့ ဆပ်ပြာတိုက်ဆေးဖို့ပါပဲ။ စက္ကန့်နှစ်ဆယ်ကို မရေချင်ရင် ဟက်ပီးဘတ်ဒေးသီချင်းကို စိတ်ထဲကနေ နှစ်ခါဆိုဖို့ အကြံပြုလိုပါတယ်။

    အစိုဓာတ်ထိန်း (moisturizer) ဆပ်ပြာများသုံးပါ

    ဆပ်ပြာအများစုဟာ အရေပြားပေါ်က အလွှာလေးတွေကို ကွာသွားစေနိုင်ပါတယ်။ ခြောက်သွေ့အက်ကွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းပေးတဲ့ ဆပ်ပြာတွေကို သုံးပေးသင့်ပါတယ်။ အထူးသဖြင့် glycerin နဲ့ lanolin ပါဝင်တဲ့ ဆပ်ပြာတွေ သုံးသင့်ပါတယ်။ ဆပ်ပြာခဲတွေဟာ pH မြင့်မားတာကြောင့် ခြောက်သွေ့စေပါတယ်။ ဆပ်ပြာအရည်ကို ဦးစားပေး သုံးစွဲသင့်ပါတယ်။

    Moisturizer သုံးပါ

    လက်ကိုဆေးပြီးတဲ့အခါ သိပ်မကြာခင်မှာ လက်ဟာခြောက်သွေ့သွားပါတယ်။ ထူးခြားတာက အရေပြားအလွှာအောက်က ရေများကိုပါ ဆွဲယူသွားတာပါပဲ။ ဒါကြောင့် မကြာခဏလက်ဆေးနေရင်လည်း ပိုမိုခြောက်သွေ့ခြင်းကို ဖြစ်စေတယ်လို့ သုတေသီအချို့က ဆိုပါတယ်။ ဒီလိုမဖြစ်ရအောင် လက်ဆေးပြီးချိန်မှာ ခြောက်သွေ့အောင်သုတ်ပြီး ခရင်မ်တစ်မျိုးမျိုး လူးသင့်ပါတယ်။ အဓိကကတော့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ moisturizer ခရင်မ်များ သုံးစွဲဖို့ပါပဲ။

    လက်ဆေးပြီးချိန်မှာ moisturizer သုံးပြီးတဲ့အပြင် လက်အိတ်လည်းစွပ်ထားသင့်ပါတယ်။ ခြောက်သွေ့အက်ကွဲတတ်တဲ့ အရေပြားဆိုရင် ခရင်မ်ထူထူလိမ်းပြီး ညလုံးပေါက် လက်အိတ်ဝတ်ထားသင့်ပါတယ်။ ဒါမှသာ အရေပြားထဲမှာ အစိုဓာတ်ကို ကောင်းစွာ ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

    အရေပြား လိမ်းဆေးဆီများသုံးပါ

    အရေပြားမှာ ရောဂါတခုခုရှိနေသူဆိုရင် လက်မကြာခဏဆေးခြင်းကြောင့် ပိုမိုခြောက်သွေ့စေပါတယ်။ အဆိုပါပြဿနာကို ဖြေရှင်းဖို့ လိမ်းဆေးအဆီတမျိုးမျိုး (ဥပမာ Vaseline) ကို လိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့အက်ကွဲရာတွေရှိရင် တိုက်ရိုက်လိမ်းနိုင်ပါတယ်။ Vaseline ခေါ် petroleum jelly ဟာ အနာများကိုလည်း ကျက်စေပါတယ်။

    ဆပ်ပြာအစား လက်သန့်ဆေးရည်ကိုသုံးပါ

    သင့်ရဲ့အရေပြားဟာ ခြောက်သွေ့လွယ်လွန်းရင်တော့ ရေနဲ့ဆေးမယ့်အစား လက်သန့်ဆေးရည်ကို အစားထိုးသုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် အစာမစားခင်၊ ရေအိမ်ဝင်ပြီးချိန်နဲ့ သဲရွှံ့တွေပေနေချိန်တော့ လက်သန့်ဆေးရည်ထက်စာရင် ရေနဲ့ဆပ်ပြာက ပိုကောင်းပါတယ်။

    တစ်သျှူး (သို့) ပဝါသုံးပါ

    တခါသုံးပစ္စည်းများဆိုရင် ပိုကောင်းပါတယ်။ လက်သုတ်ပဝါများကို အထပ်ထပ်သုတ်နေရင် ရောဂါပိုးတွေ ကူးစက်ပြန့်ပွားရာဖြစ်လာနိုင်ပါတယ်။ တစ်ကိုယ်ရေသုံးမယ်ဆိုရင်တော့ သုံးရက်တစ်ခါ လဲလှယ်သင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ လက်ကိုသုတ်ရာမှာလည်း ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း မပြုသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement