backup og meta

ကိုဗစ်ဖြစ်ပြီး ထပ်ဖြစ်နိုင်သေးသလား


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ဖြစ်ပြီး ထပ်ဖြစ်နိုင်သေးသလား

    အရင်လှိုင်းတွေတုန်းက ကိုဗစ်ဖြစ်ပြီး သား၊ ပြန်လည်း ကောင်းပြီးသား၊ ဒီတတိယလှိုင်းမှာ ပြန်ဖြစ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။ အထူးသဖြင့် ခုလက်ရှိမှာ ဖြစ်နေတဲ့ ကူးစက်မြန်ဒယ်တာမျိုးကွဲ ထပ်ဖြစ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။

    ကိုဗစ်ပြန်ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ

    အမေရိကန် ကူးစက်ရောဂါဗဟိုဌာနက လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ caseအသစ်တွေရဲ့ တစ်ဝက်နီးပါးလောက်က ဒယ်တာမျိုးကွဲကြောင့်ပါတဲ့။ ဒီလိုဆိုလို့ ကာကွယ်ဆေးတွေက မကောင်းဘူးလားလို့ မေးစရာ ရှိပါတယ်။ ကာကွယ်ဆေးတွေ (အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ထိုးတဲ့ဆေးတွေ)က လက်ရှိမျိုးကွဲတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ပြင်းထန်ကိုဗစ်တွေ၊ ဆေးရုံတက်ရနိုင်တဲ့ အခြေအနေတွေ၊ သေဆုံးနှုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။

    အရင်က ကိုဗစ်ကူးထားတဲ့ သူတွေကလည်း ကာကွယ်ဆေးထိုးထားတဲ့ သူတွေလိုပဲ ခုခံအားရှိပါတယ်။ မသကာ ပြန်ကူးခံရရင်တောင် ရောဂါအပျော့စားလောက်ပဲ ဖြစ်ပါတယ်။

    ကိုဗစ်ဖြစ်ပြီး ပြန်ကူးနိုင်ခြေက တော်တော်နည်းပါတယ်။

    ကိုဗစ်ဖြစ်ပြီးသားလူက ထပ်ဖြစ်နိုင်ခြေ နည်းပါတယ်။ ထပ်ဖြစ်တာကလည်း အရင်က မျိုးကွဲအဟောင်းတွေ ဒါမှမဟုတ် ခုလက်ရှိမျိုးကွဲအသစ်တွေ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။

    Cleveland Clinicရဲ့ လေ့လာချက်အရ ကျန်းမာရေးဝန်ထမ်းတွေကို လေ့လာကြည့်တဲ့အခါ ကာကွယ်ဆေးထိုးထားတဲ့သူနဲ့ တစ်ခါဖြစ်ထားတဲ့သူ ရောဂါပြန်ဖြစ်နှုန်းက တူတူပဲလို့ ဆိုပါတယ်။

    ကာတာက လေ့လာချက်ကတော့ ကာကွယ်ဆေးထိုးထားတဲ့သူရော၊ ရောဂါဖြစ်ဖူးတဲ့သူရောမှာ နောက်တစ်ခါပြန်ဖြစ်နိုင်ခြေက တော်တော်နည်းပါတယ်တဲ့။

    ဒါပေမယ့် ဒီလေ့လာချက်တွေက ဒီနှစ်အစောပိုင်းမှာ လေ့လာထားတာဖြစ်ပြီး လက်ရှိကူးစက်မြန် ဒယ်တာမျိုးကွဲဖြစ်နေတဲ့နေရာတွေမှာ လုပ်ထားတာ မဟုတ်ပါဘူး။

    ပြန်ကူးတဲ့အခါ ရောဂါမပြင်းထန်ပါဘူး။

    ဒါကလည်း ကောင်းတဲ့အချက်ပါ။ အများစုကတော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအားတုံ့ပြန်ပုံကတော့ မတူနိုင်ပါဘူး။ တချို့က ကူးပြီးရင် ခုခံအား ကောင်းကောင်းထွက်တယ်၊ ကြာကြာထွက်တယ်။ တချို့ကျတော့ နည်းနည်းပဲ ထွက်တယ်။ ခဏလောက်ပဲခံတာမျိုးလည်း ရှိပါတယ်။

    ဒီလို နည်းနည်းပဲ ထွက်ထားတဲ့သူဆိုရင်တော့ ရောဂါပြန်ကူးနိုင်ခြေ ပိုများတာပေါ့။ ခုခံအားက လူတွေသိထားတာထက် အများကြီး ရှုပ်ထွေးပါတယ်။ ခြုံပြောရရင် လူအများစုမှာ ကူးပြီးသား လူက နောက်တစ်ခါ ကူးနိုင်ခြေနည်းပါတယ်။ ဒယ်တာမျိုးကွဲအပါပေါ့။ ပြန်ကူးခဲ့ရင်တောင် မပြင်းထန်ဘူးဆိုတာပါပဲ။

    ကိုဗစ်ဖြစ်ပြီး လည်း ကာကွယ်ဆေး ပြန်ထိုးသင့်ပါတယ်။

    အရင်က ကာကွယ်ဆေး မထိုးရသေးခင် ကိုဗစ်ကူးသွားတယ်။ ခုကာကွယ်ဆေးထိုးဖို့ အခြေအနေပေးရင် ထိုးသင့်လားလို့ မေးကြပါတယ်။ ထိုးသင့်ပါတယ်။ တချို့က အနည်းဆုံးတစ်လုံးလောက်တော့ ထိုးပါလို့ အကြံပြုထားပါတယ်။ အများစုကတော့ တခြားလူတွေလိုပဲ ၂လုံးအပြည့်ထိုးထားသင့်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ခုခံအား မတူတာကြောင့် နည်းနည်းလေးပဲ ခုခံအားထွက်တဲ့သူတွေပါ စိတ်ချရအောင်ပါ။

    လေ့လာချက်တွေကတော့ တစ်ခါ ကူးထားပြီးရင် ၆လလောက် ခုခံအား ရနေတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကူးခံရပြီး ၆လနေမှ ထိုးပါလို့ အကြံပြုထားပါတယ်။ အဓိကကတော့ ကာကွယ်ဆေးမရသေးတဲ့သူတွေကို ဦးစားပေးထိုးချင်တာကြောင့်ပါ။

    ကာကွယ်ရေး နည်းလမ်းတွေကို မမေ့ပါနဲ့။

    ကိုဗစ်နဲ့ ပတ်သက်ပြီး ခုခံအားက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ တစ်ခါကူးထားသည်ဖြစ်စေ ခုခံအားက တစ်သက်လုံးရနေတာမဟုတ်တဲ့အတွက် ပြန်ကူးနိုင်ပါတယ်။ ရောဂါပြင်းထန်တာ၊ ဆေးရုံတက်ရတာ၊ သေဆုံးတာတွေတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါကြောင့် လွယ်ကူတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို မမေ့ပါနဲ့။

    နှာခေါင်းစည်းတပ်ပါ။

    လူစုလူဝေးရှောင်ပါ။

    မကြာခဏ လက်ဆေးပါ။

    တစ်ခါဖြစ်ထားဖူးရင် ကာကွယ်ဆေးဖိုးဖို့ အချိန်ဆိုင်းထားပါ။ မထိုးရသေးတဲ့သူတွေ ထိုးပါစေ။ ၆လလောက်လည်း ကြာပြီ။ ဆေးထိုးဖို့ အခြေအနေလည်း ပေးတယ်ဆိုရင် ထိုးပါ။ အကြိမ်ရေအပြည့်ထိုးပါလို့ အကြံပြုချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement