home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်ဖို့ လိုမလို

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်ဖို့ လိုမလို

အရင်က ကာကွယ်ဆေးထိုးပြီးရင် ဆေးအောင် မအောင် Antibody (Ab)လေး စစ်ကြည့်ကြပါတယ်။ ဥပမာ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးဆိုရင် ထိုးပြီး ဆေးအောင် မအောင် စစ်ကြသလို ဒီအဖြေကို ကြည့်ပြီး ပြန်ထိုးဖို့ လိုမလို ဆုံးဖြတ်ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေး မှာရော ဒီလို လုပ်ဖို့ လိုသလား။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်သင့် မသင့်

ယူအက်စ် FDAကတော့ Antibody ကို စစ်ပြီး လူနာက ရောဂါခုခံနိုင်စွမ်း ရမရ တစ်နည်းအားဖြင့် ရောဂါပြီးမပြီး မဆုံးဖြတ်သင့်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးပြီး ခုခံအား ရမရကို Antibody စစ်ပြီး မကြည့်သင့်ဘူးလို့ ဆိုပါတယ်။

ရောဂါလက္ခဏာပြထားတဲ့ သူတွေမှာ Antibody စစ်ကြည့်လိုက်လို့ ရှိနေရင် အရင်က ကိုဗစ်ပိုးကူးခဲ့တယ်လို့ ပြောလို့ရပေမယ့် ကာကွယ်ဆေးထိုးပြီး ဆေးအောင်မအောင် Antibodyစစ်ပြီး ပြောဖို့ လေ့လာချက်တွေ အများကြီး လိုပါသေးတယ်။ လက်ရှိ ခွင့်ပြုထားတဲ့ Antibody စစ်တာတွေက ကာကွယ်ဆေးထိုးပြီး ဆေးအောင်မအောင်ကို စစ်ပေးနိုင်စွမ်း မရှိပါဘူး။

ပိုဆိုးတာက Antibody စစ်ပြီး အဖြေတွေကို မှားဖတ်မိတာ၊ မှားပြီး ယူဆမိတာတွေကြောင့် ပေါ့လျော့ပြီး ကိုဗစ်ပြန်ကူးမှာ စိုးလို့ပါ။ ကာကွယ်ဆေး အပြည့်ထိုးထားတာတောင် ကိုဗစ်က ပြန်ကူးနိုင်စွမ်းရှိတာကို သတိထားသင့်ပါတယ်။

ဘာဖြစ်လို့ မစစ်သင့်တာလဲ။

လက်ရှိမှာတော့ ကာကွယ်ဆေးထိုးပြီး Antibody စစ်တာကို (အထူးသဖြင့် test kitနဲ့ စစ်တာကို) အားမပေးပါဘူး။ ဘာကြောင့်လည်း ဆိုတော့

-ကာကွယ်ဆေးထိုး၊ စစ်လို့ ပေါ့စတစ်ထွက်နေရင် Antibodyထွက်၊ နဂ္ဂတစ်ဆိုရင် မထွက်ဘူးလို့ အကြမ်းဖျင်းပြောလို့ ရပေမယ့် လက်တွေ့မှာ ဒီလောက်မလွယ်ပါဘူး။

-လက်ရှိ ခွင့်ပြုထားတဲ့ Antibodyစစ်တာတွေကလည်း ပေါ့စတစ်ထွက်သည့်တိုင် ကိုဗစ်ကို ခံနိုင်သွားပြီ၊ မဖြစ်တော့ဘူးလို့ ယတိပြတ်ပြောလို့ မရပါဘူး။

-ကာကွယ်ဆေးထိုးပြီး ထွက်တဲ့ Antibodyဆိုတာ ကာကွယ်ဆေးမှာ ပါတဲ့ ဗိုင်းရပ်စ်ပရိုတင်းကို ခုခံအားက တုံ့ပြန်လို့ ထွက်တာပါ။ ဥပမာ mRNAကာကွယ်ဆေးတွေဆိုရင် သူ့မှာ ပါတဲ့ Spike protein ဆူးချွန်ပရိုတင်းတွေကြောင့် Antibodyထွက်ပါတယ်။ ပိုးကူးခံရတဲ့ သူကျတော့ ပိုးမှာပါတဲ့ nucleocapsid ပရိုတင်းကြောင့် Antibody ထွက်ပါတယ်။

-ဒါကြောင့် ကိုယ်စစ်တဲ့ Antibody စစ်နည်းက ကာကွယ်ဆေးကြောင့် ထွက်တဲ့ Antibodyကို မစစ်နိုင်ဘူး၊ ပိုးကူးတာကြောင့် ထွက်တဲ့ Antibodyကိုပဲ စစ်နိုင်တယ်ဆိုရင် ဆေးအောင်တာတောင် နဂ္ဂတစ်ပြနေမှာပါ။ mRNAကာကွယ်ဆေး ထိုးတဲ့သူတွေဆိုရင်တော့ ဓာတ်ခွဲခန်းမှာ ဆူးချွန်ပရိုတင်းတွေကြောင့် ထွက်တဲ့ Antibodyကို သီးသန့်စစ်နိုင်ပါတယ်။

စစ်မိရင် ဘာဖြစ်နိုင်လဲ။

ဆေးထိုးတယ် စစ်ကြည့်လိုက်လို့ ပေါ့စတစ်ထွက်နေရင် ငါတော့ ဆေးအောင်သွားပြီ၊ ရောဂါပြီးသွားပြီဆိုပြီး စိတ်ချလက်ချ နေမိတတ်ပါတယ်။ ဒီတော့ ကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေတာကို ပေါ့ပေါ့ဆဆ လုပ်မိတတ်ပါတယ်။ ကာကွယ်ဆေးတွေက ရတဲ့ ခုခံအားကလည်း ပိုးကူးထားတဲ့သူလိုပဲ ဘယ်လောက် ခံမလဲဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ဆီ ပိုးပြန်ကူးတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဆီမှာ ပိုးပါလာပြီး ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ သူများကို ကူးတာလည်း ဖြစ်နိုင်ပါတယ်။

ဆေးထိုးပြီး စစ်တယ်၊ နဂ္ဂတစ်ထွက်နေရင် ဆေးမအောင်ဘူးလို့ ထင်သွားတတ်ပါတယ်။ ဆေးမအောင်ဘူးထင်ပြီး သူများ ၂ကြိမ်ထိုးဖို့ ကြိုးစားနေချိန်မှာ ကိုယ်က ၃ကြိမ်မြောက် Booster ထိုးဖို့ လိုက်ရှာနေတာ၊ ဆေးထိုးပေးတဲ့သူတဲ့ ပြဿနာဖြစ်တာ၊ စိတ်သောကတွေများတာ စတာတွေ ဖြစ်တတ်ပါတယ်။

ဆေးအောင် မအောင်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေနဲ့ သတ်မှတ်လို့ရလား။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် ခုခံအားရဲ့ တုံ့ပြန်မှုကြောင့် ဖျားတာ၊ ထိုးတဲ့နေရာမှာ နာတာ၊ ရောင်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုတွေ ခံစားရရင် ဆေးအောင်တယ်လို့ အလွယ်မှတ်ထားကြပါတယ်။ ဒါက အများစုပါ။ တချို့က ဆေးအောင်သည့်တိုင် ဘာလက္ခဏာမှ မခံစားရတာတွေ ရှိပါတယ်။

ဒါကြောင့် ဆေးထိုးပြီး ဒီလက္ခဏာတွေ ခံစားရရင် ဆေးအောင်တယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေ မခံစားရလို့ ဆေးမအောင်ပါဘူးလို့ တထစ်ချဆုံးဖြတ်လို့ မရပါဘူး။

ဒါဆို ဆေးအောင် မအောင် ဘယ်လို သိနိုင်မလဲ။

လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးကိုသာ အကြိမ်ရေပြည့်အောင် ထိုးလိုက်ပါ။ ဆေးအောင်မအောင် သီးသန့်မစစ်ပါနဲ့လို့သာ အကြံပေးချင်ပါတယ်။

-Antibody ထွက်တာက ခုခံအား ရှိတာကိုပဲ ပြပြီး ဘယ်လောက်ကြာကြာခံမယ်၊ ဘယ်လောက်ထိကာကွယ်နိုင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးလည်း လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာကို ဆက်လုပ်ရဦးမှာပါပဲ။

-လက်ရှိ ကိုဗစ်ကာကွယ်ဆေး တွေက အကြိမ်ရေပြည့်အောင် ထိုးရင် သူ့ရာခိုင်နှုန်းအလိုက် ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာကို အထပ်ထပ်အခါခါ စမ်းပြီးသားပါ။ ဒါကြောင့် WHOက ခွင့်ပြုပေးခဲ့တာပါ။ စိတ်ချရတဲ့ ဆေးကိုသာ စနစ်တကျ ထိုးခဲ့ရတယ်ဆိုရင် ဆေးအာနိသင်ရမှာပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 10/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။