backup og meta

Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီလား


Ye Zon Aung မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီလား

    အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်ဖို့ Mask တွေတပ်ဆင်ဖို့ လိုအပ်တယ်လို့ တစ်ကမ္ဘာလုံးက ကျန်းမာရေးဌာနတွေက တိုက်တွန်းထားပါတယ်။ ဒါကြောင့် အဝတ်မျက်နှာဖုံး (Cloth Mask) ၊ Procedural and Surgical Masks တွေနဲ့ N95 လိုမျိုး Professional Respirators Mask တွေကို အမျိုးမျိုး အထွေထွေ အသုံးပြုလာကြပါတယ်။

    အထူးသဖြင့် ဈေးနှုန်းချိုသာပြီး အထပ်ထပ်ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ Cloth Mask တွေဟာ အကြောင်းအမျိုးမျိုးကြောင့် လူသုံးများလာခဲ့ပါတယ်။ အလွယ်တကူချုပ်လုပ်နိုင်တဲ့အတွက် ကိုယ်တိုင်ချုပ်ဝတ်ကြတာမျိုး၊ ချုပ်လုပ်ဖန်တီးရောင်းချတာမျိုးတွေလည်း ပေါများလာခဲ့ပါတယ်။

    ဒါပေမယ့် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်တွေကတည်းက Cloth Mask တွေဟာ မဖြစ်မနေအခြေအနေမှာသာ ရသေ့စိတ်ဖြေသုံးဖို့ နိုင်ငံတကကျန်းမာရေးအဖွဲ့အစည်းတွေက တိုက်တွန်းခြင်းခဲ့တာဖြစ်ပြီး ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်မျိုး လုံးဝမရှိခဲ့ပါဘူး။

    သို့သော်လည်း အလွယ်တကူရနိုင်တာ၊ အထပ်ထပ်လျှော်ဖွပ်အသုံးပြုနိုင်တာ၊ တန်ဖိုးချိုသာတာနဲ့ ကိုယ်တိုင်ဖန်တီးလို့ရနိုင်တဲ့အချက်တွေကြောင့် Cloth Mask အသုံးပြုမှုက ရေပန်းစားလာခဲ့ပါတယ်။ ဒီလို Cloth Mask တွေနဲ့ ပတ်သက်ပြီး စနစ်တကျပညာပေးမှုတွေလည်း မရှိတဲ့အခါ လူအတော်များများက ရောဂါကာကွယ်နိုင်တယ်ဆိုတဲ့ အသိစိတ်နဲ့ အသုံးပြုလာကြပါတော့တယ်။

    Cloth Mask နဲ့ မမြင်နိုင်သော ကျန်းမာရေးပြဿနာများ

    လူတစ်ယောက် Mask တပ်ရတဲ့အကြောင်းအရင်းဟာ COVID-19 အပါအဝင် လေထုကနေတဆင့် အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေကို တားဆီးကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် Mask အမျိုးအစားတစ်မျိုးမျိုးကို တပ်လိုက်တာနဲ့ ကိုယ့်ကိုရောဂါဘယဘေးကနေ ကာကွယ်နိုင်စေမယ်လို့ ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရှိသွားမှာဖြစ်ပါတယ်။

    ဒီယုံကြည်မှုကြောင့်လည်း လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ပိုးကို အခိုက်အတန့်အားဖြင့်တော့ မေ့လျော့သွားမှာပါ။ ကိုယ့်ကိုပိုးမကူးနိုင်လောက်တော့ဘူးဆိုတဲ့ စိတ်က တစ်စိတ်တစ်ပိုင်းအားဖြင့် ဝင်နေပြီကိုး။

    တကယ်တော့ ဒီအချက်ဟာ Mask တိုင်းတွက် မှန်ကန်မှုမရှိနိုင်ပါဘူး။ အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ Mask တိုင်းမှာ ရောဂါပိုးကို ကာကွယ်နိုင်စွမ်း အကန့်အသတ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

    Mask အမျိုးအစားအလိုက် ရောဂါပိုးကာကွယ်နိုင်စွမ်းတွေကတော့

    • N95 – လူသိများတဲ့ အမျိုးအစားဖြစ်ပြီးတော့ ရောဂါပိုးကို ကာကွယ်နိုင်စွမ်းမြင့်မားပါတယ်။ Professional Respirators Mask အမျိုးအစားပါ။ အမျိုးအစားပေါ်မူတည်ပြီး အမှုန်အမွှားတွေကို ၉၅% ကနေ ၉၉.၉၇% အထိ ကာကွယ်ပေးနိုင်ပါတယ်။
    • Surgical Mask – ခွဲစိတ်ခန်းသုံး Mask ဒါမှမဟုတ် တစ်ခါသုံး Mask (Single Use Face Mask) လို့ လူသိများပြီးတော့ အသုံးလည်းများပါတယ်။ Procedural and Surgical Masks ဖြစ်ပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ၉၅%-၉၈% အထိကာကွယ်နိုင်ပါတယ်။ အရည်အသွေးကောင်းမွန်ဖို့တော့ လိုအပ်ပါတယ်။
    • Sponge Mask – Pitta Mask လို့လည်းခေါ်ပါတယ်။ ဒီမျက်နှာဖုံးတွေဟာ ၂.၅ Micron အမှုန်တွေကိုတောင်မှ ၆၄% ပဲ တားဆီးနိုင်ပါတယ်။ COVID-19 ရဲ့ အရွယ်အစားက အသေးဆုံးက ဝ.၆ Micron ဖြစ်ပြီးတော့ အကြီးဆုံးက ဝ.၁၄ Micron ပါ။
    • FFP1 Mask – ဒီအမျိုးအစားကတော့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ၈၀% ကနေ ၉၅% အထိကာကွယ်ပေးနိုင်ပါတယ်။
    • Cloth Mask – အဝတ်နဲ့ချုပ်လုပ်ထားတဲ့ မျက်နှာဖုံးတွေဖြစ်ပြီးတော့ နှာချေချောင်းဆိုးချိန်မှာ အသက်ရှူလမ်းကြောင်းအတွင်းက ထွက်ရှိလာတဲ့ Droplet အမှုန်အမွှားလေးတွေကို လုံးဝကာကွယ်နိုင်စွမ်းမရှိပဲ မျက်နှာရဲ့ ရှေ့တည့်တည့်ကိုရော ပတ်ဝန်းကျင်ကိုပါ ပြန့်သွားစေလေ့ရှိပါတယ်။ အဝတ်ပါးလေ ပိုဆိုးလေပါပဲ။ အပြင်ကဝင်လာမယ့် အမှုန်အမွှားတွေကိုကာကွယ်နိုင်စွမ်းက အမြင့်ဆုံး ၆၀% ကနေ အနိမ့်ဆုံး ၁၀% အထိသာ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    ပြောရမယ်ဆိုရင် အဝတ်မျက်နှာဖုံးတွေဟာ ကိုယ့်လည်ချောင်းထဲက ထွက်လာတဲ့ အမှုန်အမွှားတွေကို လုံးဝမကာကွယ်နိုင်တာကြောင့် သူများဆီ အပြည့်အဝပျံ့နှံ့သွားမှာဖြစ်သလို တစ်ဖက်လူကလည်း အဝတ်မျက်နှာဖုံးပဲ ဝတ်ဆင်ထားတယ်ဆိုရင် ရောဂါကူးနိုင်ခြေက ၄၀% ကနေ ၉၀% အထိ ရှိနေတဲ့သဘောပါ။

    ဒီအချက်အလက်တွေကို ကြည့်ရင် အဝတ်ကိုအခြေခံကာ ချုပ်လုပ်ထားတဲ့ Mask တွေက ရောဂါကာကွယ်နိုင်စွမ်း နည်းပါးတာကို နားလည်သဘောပေါက်နိုင်မယ်လို့ ယူဆပါတယ်။

    အကောင်းဆုံးကို ရွေးချယ်ရတော့မယ်

    ခုချိန်မှာ တိုင်းပြည်ရဲ့စီးပွားရေးတွေရပ်တန့်ပြီး လူအတော်များများ စီးပွားရေးကျပ်တည်းနေကြတာမို့ Mask တွေကို မကြာခဏလဲလှယ်တပ်ဆင် အသုံးပြုဖို့ ခက်နေနိုင်ပါတယ်။

    တစ်ဖက်မှာလည်း အောက်စဖို့ဒ်တက္ကသိုလ်နဲ့ MIT တို့ရဲ့ လေ့လာချက်တွေအရရော၊ အမေရိကန် CDC ရဲ့ ထုတ်ပြန်ချက်ကိုပါ အခြေခံပြီးပြောရမယ်ဆိုရင် လူတွေ နှာချေ၊ ချောင်းဆိုး၊ သီချင်းဆို၊ စကားပြောဆိုချိန်မှာထွက်ရှိလာတဲ့ Droplet အမှုန်အမွှားလေးတွေဟာ ၆ ပေနဲ့အထက် အကွာအဝေးကို ရောက်နိုင်တယ်လို့ ဆိုထားပါတယ်။

    လူစုလူဝေးအကြားမှာ ကိုယ်ကရှိနေမယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားမှာဖြစ်ပြီးတော့ လူတွေနဲ့ထိတွေ့မှု အနီးကပ်ရမှုများလေလေ ပိုးကူးစက်နိုင်ခြေမြင့်မားလေလေ အနေအထားမျိုးပါ။

    လက်ရှိအချိန်မှာလည်း မြန်မာပြည်ရဲ့ ရောဂါကူးစက်သူစာရင်းမှာ ဘယ်ကဘယ်လိုကူးစက်မှန်းမသိရတဲ့ ပိုးတွေ့လူနာတွေများပြားလာနေပါတယ်။ ဒီအချက်ဟာ စိတ်မချရတဲ့ Cloth Mask တွေကို တပ်ဆင်မှုနဲ့ ဘယ်အတိုင်းအတာအထိ ပတ်သက်ဆက်နွယ်နေမယ်ဆိုတာကို ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်သေးပါဘူး။

    အမေရိကန် CDC ကလည်း ရောဂါပိုးဟာ လေထဲကနေကူးစက်နိုင်တယ်လို့ အတည်ပြုလိုက်ပြီဖြစ်တာမို့ စိတ်ချရတဲ့ Mask တွေကို အသုံးပြုဖို့ သေချာပေါက် လိုအပ်လာနေပါပြီ။

    ဒါကြောင့် ခုချိန်ကနေစပြီး

  • စိတ်ချရတဲ့ Mask တွေကို ရွေးချယ်သုံးစွဲပါ။
  • လက်ကို စင်ကြယ်စွာဆေးပါ
  • Social Distancing လုပ်ပါ။
  • နေအိမ်မှာပဲ နေထိုင်ပါ။
  • ဒီနည်းလမ်းတွေကိုလိုက်နာပြီး Stay at Home နေထိုင်တာကသာ COVID-19 ကို ကာကွယ်နိုင်စေဖို့ အကောင်းဆုံး အထောက်အကူပြုပါလိမ့်မယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement