brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား

ပျားနို့ ဆိုတာထက် Royal Jelly (ရွိုင်ရယ် ဂျယ်လီ) လို့ပြောလိုက်ရင် ပိုပြီး သိကြတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်းလေး တစ်မျိုးရှိပါတယ်။ ဒီဆေးဖက်ဝင်ပစ္စည်းလေးက ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ Royal Jellyကို ပျားနို့၊ ပျားနို့ရည် ဆိုပြီး အမျိုးမျိုး ခေါ်ကြပါတယ်။

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆိုတာ

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆိုတာက နို့လိုမျိုး ဖြူနှစ်နှစ်လေးပါ။ လုပ်သားပျားတွေက ပျားဘုရင်မ သားလောင်းလေး စားသုံးအာဟာရဖြည့်တင်းနိုင်ဖို့ လုပ်ဆောင်ပေးထားတဲ့ အာဟာရတစ်မျိုးပါ။ ဒါကြောင့်လည်း Royal Jelly လို့ ခေါ်ကြတာပါ။ နေရာဒေသ နဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီး ပါဝင်ဖွဲ့စည်းထားတဲ့ အာဟာရတွေကတော့ ကွာခြားနိုင်ပါတယ်။

ဒါပေမယ့် သေချာတာတစ်ခုက Royal jelly မှာ အာဟာရ ပြည့်ဝစွာ ပါဝင်နေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွလည်း ကြွယ်ဝပါတယ်။ အရောင်ကျစေနိုင်ပြီး ကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။ စားသုံးပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

Royal Jellyကို ပျားဝတ်မှုန်၊ ပျားဖယောင်း၊ ပျားအဆိပ်၊ ပျားရည် စတာတွေလိုပဲ တိုင်းရင်းဆေးဝါးတွေမှာ အသုံးပြုပါတယ်။

Royal Jelly (ရွိုင်ရယ် ဂျယ်လီ)မှာ ဘာတွေပါလဲ

Royal Jellyမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ရေဓာတ်
  • ပရိုတင်း
  • ကာဗိုဟိုက်ဒရိတ်
  • အဆီဓာတ်
  • သတ္တုဆား
  • ဗီတာမင် B တို့ ပါဝင်နေပါတယ်။

အသုံးပြုပုံများ

Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား!

Royal Jellyကို အခုလို ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ နဲ့ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • သွေးဆုံးဝေဒနာကို သက်သာစေတယ်

Royal Jelly မှာ သဘာဝပစ္စည်းတွေ ပါဝင်နေပြီး သွေးဆုံးလက္ခဏာတွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ဟော်မုန်းပြောင်းလဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို သက်သာစေဖို့ ထောက်ကူပေးသလို အရေပြားနဲ့ ဆံသား ပြောင်းလဲမှုဗတွကိုလည်း သက်သာစေဖို့ ထောက်ကူပေးပါတယ်။

  • ရာသီအကြိုလက္ခဏာကို သက်သာစေတယ်

ရာသီလာချိန်မှာ ကိုယ်ခံအားနည်းတာ၊ ဟော်မုန်း ပြောင်းလဲတာ၊ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာလိုမျိုး ရာသီအကြိုလက္ခဏာတွေကို သက်သာစေဖို့ဆိုရင် Royal Jellyကို အသုံးပြုပေးလို့ ရပါတယ်။ ရာသီသွေးမှန်စေဖို့ ထောက်ကူပေးသလို ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

  • အနာကျက်စေနိုင်တယ်

လေ့လာမှုတွေအရ Royal Jellyက အနာကျက် မြန်စေနိုင်ပါတယ်။ ဆဲလ်တွေ အရေပြားတစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အနာကျက် မြန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေ သက်သာစေဖို့အတွက် Royal Jellyကို အသုံးပြုပေးလို့ ရပါတယ်။ သောက်သုံးပေးလို့ ရသလို ထိခိုက်တဲ့နေရာမှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

  • ဆီးချို သက်သာစေနိုင်တယ်

လေ့လာမှုတွေအရ Royal Jellyကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ အနေနဲ့လည်း အသုံးပြုပေးလို့ ရပါတယ်။ Royal Jellyကို ပုံမှန် အသုံးပြုပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • သွေးတွင်းအဆီကျစေနိုင်တယ်

Royal Jellyကို အဆီကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြော ကျဉ်းတာ၊ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ၊ အဝလွန်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး

ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် အသုံးပြုတာကို ချက်ချင်းရပ်ပြီး နီးစပ်ရာဆေးခန်းကို အလျင်အမြန် သွားရောက်ဖို့ လိုပါမယ်။

သတိပြုရန် အချက်များ

Royal Jellyကို အရေပြားပေါ်နဲ့ ဦးရေပြားမှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။ သွေးကျဆေး၊ သွေးမခဲဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

Royal Jellyက ဆေးဖက်ဝင်တယ် ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ မိမိမှာ အထက်ပါရောဂါတွေ ခံစားနေရမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2024 ဖြစ်ပါသည်။