backup og meta

ဆင်တုံးမနွယ် ကျန်းမာစေသလား

ဆင်တုံးမနွယ် ကျန်းမာစေသလား

အသက်ကြီးရင် ဆင်စီးပါဆိုတဲ့ စကားပုံလေးအတိုင်း အသက်ကြီးလာရင် ဆင်တုံးမနွယ် သုံးဆောင်ပေးတာက ကျန်းမာစေနိုင်တယ်လို့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တယ်ဆိုပြီး သုံးဆောင်နေကြတဲ့ ဆင်တုံးမနွယ်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆင်တုံးမနွယ် ဆိုတာ

ဆင်တုံးမနွယ်ဆိုတာ နွယ်ပင် တစ်မျိုးပါ။ အရွက်လေးတွေက ကွမ်းရွက်နဲ့ ခပ်ဆင်ဆင်တူပြီး ကွမ်းရွက်ထက်တော့ မာပါတယ်။ အရိုးတံမှာ ဆူးလေးတွေပါပြီး အရိုးတံကို ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

ဆင်တုံးမနွယ်မှာ ဘာတွေပါလဲ

ဆင်တုံးမနွယ်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ ဆေးဝါးဖော်စပ်ဖို့ အသုံးပြုလို့ ရပါတယ်။ အာဟာရတန်ဖိုးအနေနဲ့ ဆင်တုံးမနွယ်မှာ

  • alkaloids
  • glycosides
  • steroidsနဲ့
  • အခြား အကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

ဘယ်လို စားသုံးမလဲ။

ဆင်တုံးမနွယ်ကို အမှုန့်ကြိတ်ပြီး စားသုံးကြသလို ပင်စည်ကို ထုပြီး ရေနွေးစိမ်သောက်တာ၊ ပျားရည်နဲ့ စိမ်ပြီး သုံးဆောင်တာမျိုးလည်း ရှိပါတယ်။ အရွက်နဲ့ ရိုးတံကို ကြိတ်ထားတဲ့အနှစ်ကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာမျိုးလည်း ရှိပါတယ်။

ဆင်တုံးမနွယ် ကျန်းမာစေသလား

ဆင်တုံးမနွယ် ကျန်းမာစေသလား

ဆင်တုံးမနွယ် ကျန်းမာစေသလား ဆိုတော့ အောက်ပါ အကျိုးကျေးဇူးတွေ ရှိတာကို တွေ့ရပါတယ်။ ဘယ်လိုမျိုး ကျန်းမာစေသလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

ဆင်တုံးမနွယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာလည်း ဆီးချိုကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဆင်တုံးမနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအား တက်စေဖို့ ထောက်ကူပေးပါတယ်။ အသည်းကျန်းမာစေသလို၊ နှလုံးရောဂါတွေ နဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

အစာကြေချက်မှု ကောင်းစေပြီး အစာမကြေတာ၊ ဝမ်းပျက်တာ၊ လေထိုးလေအောင့်၊ အစာအိမ်အချဉ်ပေါက်တာ၊ အော့အန်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဆင်တုံးမနွယ်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကို တည်ငြိမ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပြီး သိမြင်မှုစွမ်းရည် တိုးတက်စေနိုင်ပါတယ်။

အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆစ်ရောင်တာ၊  ဂေါက်ရောဂါ ရှိသူတွေအနေနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲတာ သက်သာစေဖို့ ဆင်တုံးမနွယ် စားပေးလို့ ရပါတယ်။

ဆင်တုံးမနွယ်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ မျက်စိကို ကျန်းမာစေပြီး အမြင်အာရုံ ကောင်းစေတာပါ။ ဆင်တုံးမနွယ်ကို စားပေးလို့ရသလို အရွက်ကို ရေနွေးဖျောပြီး မျက်လုံးပေါ်မှာ ကပ်ပေးလို့လည်း ရပါတယ်။

လေပြွန်ရောင်တာတွေကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ် သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း တလျှောက်က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဆင်တုံးမနွယ်က အသားအရေကို ကျန်းမာစေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

ဆင်တုံးမနွယ် ဘေးထွက်ဆိုးကျိုး

ဆင်တုံးမနွယ်က သင့်တင့်လျောက်ပတ်စွာ စားမယ်ဆိုရင် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

ကိုယ်ခံအားကို လှုံ့ဆော်ပေးတာကြောင့် autoimmune diseases ရှိသူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးသွားစေနိုင်ပါတယ်။

ရောဂါအခံရှိတဲ့သူတွေ၊ ဆေးသောက်နေတဲ့သူတွေရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံမှီဝဲတာမျိုးကို ရှောင်သင့်ပါတယ်။

သတိထားရမယ့် အချက်တွေ

ဆင်တုံးမနွယ်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ အာနိသင်၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အတွက် တချို့သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ သောက်လက်စဆေးဝါးတွေ၊ ရောဂါအခံတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။ ဆင်တုံးမနွယ်က အထက်ပါရောဂါတွေကို သက်သာစေတယ်ဆိုပေမယ့် မိမိအနေနဲ့ ရက်အတော်ကြာတဲ့အထိ မသက်သာရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tinospora Cordifolia – Uses, Side Effects, and More  https://www.webmd.com/vitamins/ai/ingredientmono-1157/tinospora-cordifolia Accessed Date 9 March 2022

10 Health Benefits of Giloy – The Ultimate Immunity Booster https://pharmeasy.in/blog/health-benefits-of-giloy-the-ultimate-immunity-booster/ Accessed Date 9 March 2022

ယခုပုံစံ

12/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရဲယို နဲ့ ကျန်းမာရေး

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement