ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။
- ခြေထောက်မှာ သွေးတွေ စုနေတဲ့အတွက် ဖောလာပါမယ်။
- တဖြည်းဖြည်းနဲ့ ရောင်လာပြီး မတ်တပ်ရပ်ရင် ပိုနာပါတယ်။ ခြေထောက်ကို နည်းနည်းမြှောက်ထားရင် သက်သာပါတယ်။
- ခြေထောက်က တဆစ်ဆစ်နဲ့ ကိုက်နေတာ၊ ခဲဆွဲထားသလို လေးလံနေတာမျိုး ခံစားရတတ်ပါတယ်။
- ခြေထောက်ကြွက်တက်ပါတယ်။
- ခြေထောက်ယားတာ၊ အရေပြားထူလာတာ၊ အရေပြားအရောင်ပြောင်းတာဖြစ်ပါတယ်။
- ခြေထောက်တွေ အားပျော့လာမယ်။
- အနာတွေ ပေါက်လာမယ်။
- ခြေသလုံးမှာ တင်းကြပ်ကြပ်ခံစားလာရပါမယ်။
မကုဘဲထားမယ်ဆိုရင်
မကုဘဲထားလိုက်ရင် ခြေထောက်ထဲက တင်းအားကြောင့် ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ထွက်သွားတတ်ပါတယ်။ ဒါမျိုးဖြစ်လာရင်တော့ အပေါ်ယံအရေပြားက နီညိုရောင် ပြောင်းလာပြီး ထိလိုက်တာနဲ့ ကြွေကျသွားလောက်အောင် အထိမခံနိုင်ဖြစ်သွားပါတယ်။
အနည်းဆုံးတော့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်သွားတဲ့အတွက် အတွင်းက တစ်ရှူးတွေ ရောင်ရမ်းပျက်စီးတာဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ခုနကပြောတဲ့ အနာလေးတွေ ဖြစ်သွားတာပါ။ သွေးပြန်ကြောရောဂါကြောင့် ဖြစ်တဲ့အနာက ကုရခက်ပြီး ပိုးဝင်လွယ်ပါတယ်။ ကောင်းကောင်းမကုနိုင်ရင် ဘေးကို ပြန့်သွားပြီး cellulitisဆိုတဲ့ ပိုဆိုးတဲ့ အရေပြားရောင်ရမ်းနာ ဖြစ်သွားနိုင်ပါတယ်။ သာမန်လူတွေထက် ဆီးချိုရှိတဲ့သူတွေက ဒီလိုအခြေအနေထိရောက်သွားရင် ကုရပိုခက်ပြီး ပျောက်ဖို့အချိန်လည်း ကြာပါတယ်။ အနာက ပိုးဝင်ပြီး သွေးဆိပ်သင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။
ဘယ်လိုကုသလို့ရလဲ။
ကုသနည်းတွေကတော့
သာမန်ခြေအိတ်မဟုတ်ဘဲ သွေးပြန်ကြောရောဂါတွေအတွက် ထုတ်ထားတဲ့ခြေအိတ်ရှိပါတယ်။ ဆရာဝန်တိုင်ပင်ပြီး ဝတ်နိုင်ပါတယ်။
ဆေးဝါးတွေကတော့ ခြေထောက်သွေးပြန်ကြောရောင်တာ သက်သာစေတဲ့ဆေးတွေ၊ သွေးခဲမဖြစ်အောင် သောက်ရတဲ့ဆေးတွေ၊ ခြေထောက်အနာအတွက် သောက်ရတဲ့ဆေးတွေ စသဖြင့် ရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။
ဒါတွေနဲ့မှ မသက်သာဘူးဆိုရင်တော့ လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ပြီး ကုသမှု ခံယူရမှာပါ။
ဘယ်နည်းလမ်းနဲ့ ကုရမလဲဆိုတာကတော့ လူနာရဲ့ အသက်၊ ရောဂါအခြေအနေနဲ့ တခြားရောဂါတွေ ရှိမရှိကို ထည့်သွင်းစဉ်းစားရမှာပါ။
ကာကွယ်နိုင်တဲ့နည်းလမ်းများ
သွေးပြန်ကြောရောဂါကို ကာကွယ်ဖို့ဆိုရင်
အကြာကြီး မတ်တပ်ရပ်တာ၊ ထိုင်တာမျိုး မလုပ်ပါနဲ့။ ကြာကြာထိုင်ရမယ်ဆိုရင် ခြေထောက်ကို အကွေးအဆန့်လုပ်တာ၊ ခါတာမျိုး လုပ်ပေးပါ။ အကြာကြီး မတ်တပ်ရပ်ပြီးရင်လည်း ခဏတဖြုတ်ထိုင်ပြီး ခြေထောက်ကို နည်းနည်းမြှင့်ထားပါ။ ဒါမှ ခြေထောက်မှာ သွေးတွေ ပုံမနေမှာပါ။
ဘာမှမလုပ်နိုင်ရင်တောင် လမ်းတော့ လျှောက်ပေးပါ။ အနည်းဆုံး ခြေထောက်တွေ သန်မာပြီး သွေးလည်ပတ်မှုကောင်းပါလိမ့်မယ်။
- ဆေးလိပ်မသောက်ပါနဲ့။ သောက်နေရင် ဖြတ်လိုက်ပါ။ အထူးသဖြင့် သင့်မိသားစုမှာ ခြေထောက်သွေးပြန်ကြောရောဂါရှိရင်ပေါ့။
- အဝမလွန်အောင် ထိန်းပါ။ ဝတာက ခြေထောက်ကို ဝိတ်ပိပြီး ပိုဖောစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။