backup og meta

သွေးတိုး နဲ့ ပတ်သတ်ပြီး သင်သိထားတဲ့ အလွဲများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုး နဲ့ ပတ်သတ်ပြီး သင်သိထားတဲ့ အလွဲများ

    သွေးတိုး မှာကို လူတိုင်းကြောက်ပါတယ်။ သွေးတိုးက ပျောက်အောင် ကုမရဘူး။ ထိန်းထားလို့ပဲ ရမယ်လို့ ပြောတဲ့အခါမှာလည်း စိတ်ဓာတ်ကျသွား တတ်ပါတယ်။ သွေးတိုးနဲ့ ပတ်သတ်ပြီး ပျောက်ချင်ဇောနဲ့  အယူအဆများတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။ ဘာလို့ ဒီလိုလုပ်မိတာလဲဆိုတော့ သွေးတိုးအကြေောင်းကို ကောင်းကောင်း မသိလို့ပါပဲ။ သွေးတိုးနဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။ ဘာတွေ လွဲနေလဲ ဆိုတာ ဆက်ကြည့်ရအောင်။

    သွေးတိုး အလွဲ (၁)  ” သွေးတိုးက မျိုးရိုး လိုက်တတ်တယ်။ အမေ့မှာလည်း သွေးတိုးရှိတော့ ငါ့မှာလည်း ဖြစ်မှာပဲ။ ဘယ်လိုမှ မတတ်နိုင်ပါဘူးလေ။ “

    သွေးတိုးက မျိုးရိုး လိုက်တတ်တယ်ဆိုတာ ဟုတ်ပါတယ်။ အမေမှာဖြစ်ရင် ကိုယ့်မှာ ဖြစ်နိုင်တယ် ဆိုတာလည်း ဟုတ်ပါတယ်။ မဟုတ်တာက မတတ်နိုင်ဘူးဆိုတာပါ။ မျိုးရိုးရှိပေမယ့်လည်း ကိုယ်က အနေအထိုင် အစားအသောက် ဆင်ခြင်မယ် ဆိုရင် မဖြစ်ပါဘူး။ မိဘမှာ သွေးတိုးရှိပေမယ့် အနေအထိုင် ဆင်ခြင်လို့ မဖြစ်တဲ့ သူတွေ အများကြီးပါပဲ။

    သွေးတိုး အလွဲ (၂) ” ငါက ဆားလုံးဝ မစားဘူး။ ဘာကြောင့် သွေးတိုးနေရတာလဲ။ “

    ဆားမစားတာ ကောင်းတာပေါ့။ ဒါပေမယ့် ဆားလို့ ပြောရင် မီးဖိုချောင်ထဲက ဆားဘူးကိုပဲ ပြေးမြင်ကြတာပါ။ တကယ်တော့ ဘေးနားမှာ ရုပ်ဖျက်ပြီး ရှိနေတဲ့ ဆားတွေမှ အများကြီးပါ။ အသင့်စား အစားအစာတွေ၊ ဆီသွတ်ဗူးတွေ၊ အချဥ်ရည်တွေ မှာလည်း ဆားပါပါတယ်။ ဒါတွေ အစားများရင်လည်း သွေးတိုးပါတယ်။ ဒါကြောင့် တစ်ခုခုစားမယ်ဆိုရင် ‘ပါဝင်သည့် ပစ္စည်းများ’ မှာ ဆား ဒါမှမဟုတ် ဆိုဒီယမ်လို့ ရေးထားတာ ရှိမရှိ ကြည့်ပြီးမှ  စားပါ။

    သွေးတိုး အလွဲ (၃) ” ငါက ခေါင်းလည်း မမူးဘူး။ ဇက်ကြောလည်း မတက်ဘူး။ ဒါကြောင့် သွေးတိုးနေတာ မဟုတ်ဘူး။”

    ဒါကြောင့်လည်း အသံတိတ်လူသတ်သမား silent killer လို့ ခေါ်တာပေါ့။ သွေးတိုးလူနာတွေက လက္ခဏာပြခဲ ပါတယ်။ သွေးတိုး ၂၀၀လောက် ဖြစ်နေတာတောင် အကောင်းအတိုင်း လျှောက်သွားနေတဲ့ သူတွေ အများကြီးပါ။ လေသာဖြတ်သွားမယ်။ ခေါင်းမကိုက် လိုက်ပါဘူး။ ဒါကြောင့် သွေးတိုးတိုင်း ခေါင်းကိုက်မယ်လို့ မမျှော်လင့်ပါနဲ့။ သွေးပေါင်ချိန်ကိုသာ ပုံမှန်တိုင်းပါ။ ဒါကသာ ပိုအရေးကြီးတာပါ။

    သွေးတိုးအလွဲ (၄) ” ဝိုင်၊ အရက်က သွေးတိုး အတွက် ကောင်းတယ်ပြောတယ်။ ဒါဆို သောက်ပေးရမှာပေါ့။ “

    ဝိုင်တွေ အရက်တွေက သွေးကြောတွေ ကျယ်စေလို့ သွေးတိုးကျစေပါတယ်။ ဒါပေမယ့် ဆေးဖြစ်ဝါးဖြစ် မှကျတာပါ။ အများကြီးသောက်မယ်။ နေ့တိုင်း သောက်မယ်ဆိုရင် သွေးမကျတဲ့အပြင် သွေးပိုတိုးလာမယ်။ နှလုံးခုန်မမှန်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏပဲ သောက်ပါ။

    သွေးတိုးအလွဲ (၅) ” ဆရာဝန်နဲ့ ပြမှပဲ သွေးပေါင်ချိန် တိုင်းတော့မယ်။ အိမ်မှာ တိုင်းစရာ မလိုပါဘူး။ “

    သွေးတိုးဆိုတာ ဆရာဝန်နဲ့ တွေ့မှ တိုးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ထဲမှာ တစ်ချိန်လုံး ရှိနေတာပါ။ ဒါ့ကြောင့် ပုံမှန် တိုင်းနေဖို့ လိုပါတယ်။ ဒါမှ အဖြေပေါ် မူတည်ပြီး ဆေးအတိုးအလျှော့ လုပ်လို့ ရမှာပါ။ ဒါကြောင့် ဆရာဝန်နဲ့ တွေ့လည်း တိုင်းပါ။ အိမ်မှာလည်း ကိုယ့်ကိုယ်ကို တိုင်းပါ။ တိုင်းရင်လည်း တတ်နိုင်ရင် မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အချိန်မှန်တိုင်းနိုင်ရင် ပိုကောင်းပါတယ်။ တိုင်းပြီးရင်လည်း သေချာမှတ်ပြီး ဆရာဝန်နဲ့ ပြတဲ့အခါ ယူသွားပါ။

    သွေးတိုးအလွဲ (၆) ” မနက်က သွေးပေါင်ချိန်လိုက်တာ ၁၂၀/၈၀ ရတယ်။ ဒါပုံမှန်ပဲ။ ဒါကြောင့် ဒီနေ့ ဆေးသောက်စရာ မလိုတော့ဘူး။”

    သွေးတိုးတာက ပျောက်အောင်  ကုလို့ မရပါဘူး။ ၁၂၀/၈၀ ရတယ် ဆိုတာ ဆေးနဲ့ ထိန်းထားလို့ပါ။ ဆေးဖြတ်လိုက်တာနဲ့ သွေးပြန်တက်လာမှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာလိုက်နာပါ။

    ဆေးနေ့တိုင်း သောက်ရမယ်ဆို သောက်ပါ။ ဆရာဝန်ရော လူနာရော အတူတူ လုပ်မှပဲ ဒီရောဂါကို ကောင်းကောင်း ထိန်းနိုင်မှာပါ။

    သွေးတိုးအလွဲ (၇) ” မနက်က ဆေးသောက်ထားတာပဲ။ ဒီနေ့ ငါးပိ စားလို့ရတယ်။”

    သွေးကျဆေးဆိုတာ ငါးပိနဲ့ တွဲသောက်ရတဲ့ ဆေးမဟုတ်ပါဘူး။ ဒီနေ့ အငန်စားလို့ ဆေးသောက်မယ်။ နက်ဖြန်တော့ မစားလို့ မသောက်ဘူး။ ဒီလို သောက်ရတဲ့ ဆေး မဟုတ်ပါဘူး။

    သွေးတိုးသမားတွေက ငါးပိ မစားရပါဘူး။ မရှောင်နိုင်ရင် လျှော့စားပါ။ သွေးကျဆေးကလည်း ပုံမှန်သောက်ပေးရမှာပါ။

    သွေးတိုးအလွဲ (၈) ” သွေးတိုးရောဂါ ရှိနေတာ သွေးအားကောင်းဆေး သောက်လို့မရဘူး။ “

    တစ်ခါတစ်လေ သွေးအားနည်းနေလို့  သံဓာတ်အားဆေးလိုဟာမျိုး သောက်ခိုင်းတဲ့အခါ ဆရာ ကျွန်မမှာ သွေးတိုးရှိတယ်လို့ ပြန်ပြောတတ်ကြပါတယ်။ တကယ်က သွေးတိုးတယ်ဆိုတာ သွေးကြောထဲက သွေးဖိအားများတာပါ။

    သွေးအားနည်းတယ်ဆိုတာ သွေးနီဥ အားနည်းတာကို ပြောတာပါ။ နှစ်ခုက မတူပါဘူး။ ဒါကြောင့် သွေးတိုးရှိသူတွေ သွေးအားကောင်းဆေး သောက်လို့ ရပါတယ်။

    ပြန်ချုပ်ရမယ်ဆိုရင် သွေးတိုးသမားတွေ အနေနဲ့ ရောဂါကုသတဲ့ နေရာမှာ ဆရာဝန်ချည်းပဲ အားကိုးလို့ မရပါဘူး။ ကိုယ်တိုင်လည်း ပါဝင်ရမှာပါ။ ဒီ့အတွက် မှန်ကန်တဲ့ အသိရှိဖို့ လိုပါတယ်။ အပေါ်က အကြောင်းတွေ ဖတ်ပြီးလို့ ကိုယ်နဲ့ တိုက်ဆိုင်တာ ရှိရင် ဆင်ခြင်ပါ။ တခြားသူတွေကိုလည်း မျှဝေပါ။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုသပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement