ဝိုင်တွေ အရက်တွေက သွေးကြောတွေ ကျယ်စေလို့ သွေးတိုးကျစေပါတယ်။ ဒါပေမယ့် ဆေးဖြစ်ဝါးဖြစ် မှကျတာပါ။ အများကြီးသောက်မယ်။ နေ့တိုင်း သောက်မယ်ဆိုရင် သွေးမကျတဲ့အပြင် သွေးပိုတိုးလာမယ်။ နှလုံးခုန်မမှန်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏပဲ သောက်ပါ။
သွေးတိုးအလွဲ (၅) ” ဆရာဝန်နဲ့ ပြမှပဲ သွေးပေါင်ချိန် တိုင်းတော့မယ်။ အိမ်မှာ တိုင်းစရာ မလိုပါဘူး။ “
သွေးတိုးဆိုတာ ဆရာဝန်နဲ့ တွေ့မှ တိုးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ထဲမှာ တစ်ချိန်လုံး ရှိနေတာပါ။ ဒါ့ကြောင့် ပုံမှန် တိုင်းနေဖို့ လိုပါတယ်။ ဒါမှ အဖြေပေါ် မူတည်ပြီး ဆေးအတိုးအလျှော့ လုပ်လို့ ရမှာပါ။ ဒါကြောင့် ဆရာဝန်နဲ့ တွေ့လည်း တိုင်းပါ။ အိမ်မှာလည်း ကိုယ့်ကိုယ်ကို တိုင်းပါ။ တိုင်းရင်လည်း တတ်နိုင်ရင် မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အချိန်မှန်တိုင်းနိုင်ရင် ပိုကောင်းပါတယ်။ တိုင်းပြီးရင်လည်း သေချာမှတ်ပြီး ဆရာဝန်နဲ့ ပြတဲ့အခါ ယူသွားပါ။
သွေးတိုးအလွဲ (၆) ” မနက်က သွေးပေါင်ချိန်လိုက်တာ ၁၂၀/၈၀ ရတယ်။ ဒါပုံမှန်ပဲ။ ဒါကြောင့် ဒီနေ့ ဆေးသောက်စရာ မလိုတော့ဘူး။”
သွေးတိုးတာက ပျောက်အောင် ကုလို့ မရပါဘူး။ ၁၂၀/၈၀ ရတယ် ဆိုတာ ဆေးနဲ့ ထိန်းထားလို့ပါ။ ဆေးဖြတ်လိုက်တာနဲ့ သွေးပြန်တက်လာမှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာလိုက်နာပါ။
ဆေးနေ့တိုင်း သောက်ရမယ်ဆို သောက်ပါ။ ဆရာဝန်ရော လူနာရော အတူတူ လုပ်မှပဲ ဒီရောဂါကို ကောင်းကောင်း ထိန်းနိုင်မှာပါ။
သွေးတိုးအလွဲ (၇) ” မနက်က ဆေးသောက်ထားတာပဲ။ ဒီနေ့ ငါးပိ စားလို့ရတယ်။”
သွေးကျဆေးဆိုတာ ငါးပိနဲ့ တွဲသောက်ရတဲ့ ဆေးမဟုတ်ပါဘူး။ ဒီနေ့ အငန်စားလို့ ဆေးသောက်မယ်။ နက်ဖြန်တော့ မစားလို့ မသောက်ဘူး။ ဒီလို သောက်ရတဲ့ ဆေး မဟုတ်ပါဘူး။
သွေးတိုးသမားတွေက ငါးပိ မစားရပါဘူး။ မရှောင်နိုင်ရင် လျှော့စားပါ။ သွေးကျဆေးကလည်း ပုံမှန်သောက်ပေးရမှာပါ။
သွေးတိုးအလွဲ (၈) ” သွေးတိုးရောဂါ ရှိနေတာ သွေးအားကောင်းဆေး သောက်လို့မရဘူး။ “
တစ်ခါတစ်လေ သွေးအားနည်းနေလို့ သံဓာတ်အားဆေးလိုဟာမျိုး သောက်ခိုင်းတဲ့အခါ ဆရာ ကျွန်မမှာ သွေးတိုးရှိတယ်လို့ ပြန်ပြောတတ်ကြပါတယ်။ တကယ်က သွေးတိုးတယ်ဆိုတာ သွေးကြောထဲက သွေးဖိအားများတာပါ။
သွေးအားနည်းတယ်ဆိုတာ သွေးနီဥ အားနည်းတာကို ပြောတာပါ။ နှစ်ခုက မတူပါဘူး။ ဒါကြောင့် သွေးတိုးရှိသူတွေ သွေးအားကောင်းဆေး သောက်လို့ ရပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင် သွေးတိုးသမားတွေ အနေနဲ့ ရောဂါကုသတဲ့ နေရာမှာ ဆရာဝန်ချည်းပဲ အားကိုးလို့ မရပါဘူး။ ကိုယ်တိုင်လည်း ပါဝင်ရမှာပါ။ ဒီ့အတွက် မှန်ကန်တဲ့ အသိရှိဖို့ လိုပါတယ်။ အပေါ်က အကြောင်းတွေ ဖတ်ပြီးလို့ ကိုယ်နဲ့ တိုက်ဆိုင်တာ ရှိရင် ဆင်ခြင်ပါ။ တခြားသူတွေကိုလည်း မျှဝေပါ။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုသပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။