backup og meta

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

    နှလုံး ဆိုတာ ကြွက်သား တစ်မျိုးလို့ ဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုသာမက ကြွက်သားတစ်မျိုးလည်းဖြစ်တယ်ပေါ့။ အကြောင်းအမျိူးမျိုးကြောင့် နှလုံးကြွက်သား အားနည်းတဲ့အခါ နှလုံးညှစ်အားကျဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲ။

    လူတိုင်းက နှလုံးရောဂါ ဖြစ်မှာကို မလိုလားကြပါဘူး။ ဒီရောဂါက ကမ္ဘာပေါ်မှာ လူအများဆုံး သေဆုံးစေတဲ့ရောဂါတွေထဲက တစ်ခုဖြစ်တယ်မဟုတ်လား။

    နှလုံး ရောဂါကို တားဆီးနိုင်ဖို့ Heart Attack မဖြစ်စေဖို့ လူတိုင်းအလိုရှိကြပေမယ့် တကယ်တမ်းမှာတော့ ကာကွယ်တားဆီးမှုတွေကို စနစ်တကျလုပ်နိုင်ကြတာမျိုးကတော့ နည်းပါတယ်။

    အများစုကတော့ အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံး ရောဂါကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်ပြေနေတယ်တော့မဟုတ်ဘူးလေ။ အစားအသောက်ဆိုတာမျိုးက အမြဲတမ်း ရွေးချယ်မှီဝဲဖြစ်နေတာမှမဟုတ်တာ။

    ဒါကြောင့် ခုစာစုမှာတော့ နှလုံးကြွက်သားကို အားကောင်းသန်မာစေပြီး နှလုံး ရောဂါ မဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ အလွယ်တကူလိုက်နာနိုင်ပြီး အကျိုးလည်းရှိတဲ့ နည်းလေးတွေပေါ့။

    နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

    နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပါ။

    ၁။ ကိုယ်လက်လှုပ်ရှား လုပ်ပါ

    လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာ ပြေးတာမျိုးတွေ၊ နေ့စဉ်ပုံမှန်လုပ်ပေးတာက နှလုံးကို အကျိုးဖြစ်ထွန်းစေပါတယ်။ လေ့ကျင့်ခန်းဆိုရင်လည်း ယောဂ၊ အေရိုးဗစ်၊ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ သက်လုံအားကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြုလုပ်ပေးသင့်ပါတယ်။

    ၂။ ဆေးလိပ်ဆို ဝေးဝေးရှောင်ပါ

    ကိုယ်က သောက်တတ်ရင် ဖြတ်လိုက်ပါ။ မသောက်တတ်ရင်တောင်မှ Second hand smoking၊ Third hand smoking တွေကိုလည်း ရှောင်ရပါမယ်။ ဆေးလိပ်မသောက်ပေမယ့် နှလုံး နဲ့ အဆုတ်ထိခိုက်ကြတာဟာ သူတပါးရဲ့ ဆေးလိပ်ငွေ့ကြောင့်ဖြစ်ပါတယ်။

    လူတော်တော်များများက ကိုယ်တိုင်ဆေးလိပ်မသောက်ရင် အန္တရာယ်ကင်းပြီလို့ တွေးကြပါတယ်။ တကယ်ကတော့ ကိုယ့်နားမှာသူများသောက်တာမြင်ရင်လည်း ဆေးလိပ်ငွေ့ကို မရှူရှိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။

    ၃။ ကိုယ်အလေးချိန် ထိန်းသိမ်းပါ

    ကိုယ်က ဝနေရင် လျှော့ရပါမယ်။ အရမ်းပိန်နေရင်လည်း လိုအပ်သလောက် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေဖို့ လုပ်ရပါမယ်။ BMI အရ ကိုယ့်ကျန်းမာရေးကို မထိခိုက်စေနိုင်လောက်တဲ့ ကိုယ်အလေးချိန်မျိုးမှာရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်။

    ၄။ အာဟာရမျှတစွာ မှီဝဲပါ

    နှလုံးကို အားကောင်းစေတယ်၊ ကျန်းမာစေတယ်ဆိုတဲ့ အစာတွေချည်း လှိမ့်စားနေလို့မရပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာဖွံ့ဖြိုးစေမယ့် အစားအစာမျိုးတွေကို စနစ်တကျမှီဝဲပေးဖို့ လိုအပ်ပါတယ်။

    အဆီတက်စေမယ့်အစာတွေ၊ အသင့်စားမုန့်တွေကို ရှောင်ကြဉ်ရုံနဲ့တင် နှလုံးကြွက်သားတွေ ကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေမှာပါ။

    ၅။ ချောကလက်စားပါ

    ချောကလက်က နှလုံးကို ကျန်းမာစေပါတယ်။ အရသာလည်းကောင်းပြီး လူကြိုက်လည်းများတဲ့အစားအစာမို့ မကြာခဏမှီဝဲသင့်ပါတယ်။ ဝိုင်နဲ့ တွဲဖက်မှီဝဲဖို့ လမ်းညွှန်တာတွေလည်း ရှိပါတယ်။

    ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီနှစ်ခုကို တစ်ပြိုင်တည်းတွဲဖက်စားတာက တချို့သူတွေမှာ ဓာတ်မတည့်တာမျိုး ဖြစ်တတ်တာကိုပါ။ ဒါကြောင့် တစ်ခုစီမှီဝဲတာ ပိုကောင်းပါတယ်။ တစ်ခုရှိတာက နှလုံးကြွက်သားအားကောင်းဖို့သက်သက်နဲ့ ဝိုင်ကို အစလုပ်ပြီး မသောက်ပါနဲ့။ ဝိုင်ဆိုတာလည်း အယ်ကိုဟောပဲမလား။ နှလုံးကျန်းမာစေဖို့ အရက်အပြင် ရွေးချယ်စရာတွေ အများကြီး ရှိတယ်လေ။

    ၆။ အလွန်အကျွံမစားပါနဲ့

    အစာစားတာဟာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အဓိကရယူတဲ့ နည်းလမ်းပါ။ မှန်ကန်ပြီး မျှတသင့်လျော်စွာပဲ စားသောက်မှီဝဲသင့်ပါတယ်။ အလွန်အကြူး စားသောက်တာက ကိုယ်အလေးချိန်တိုးတာမျိုး၊ ကိုလက်စထရောများတာမျိုးတွေသာဖြစ်စေမှာမို့ နှလုံးကြွက်သားတွေကို ထိခိုက်စေပါလိမ့်မယ်။

    ၇။ စိတ်ဖိစီးစရာတွေကို မထားပါနဲ့

    စိတ်ဖိစီးမှုဟာကြောင့် ခန္ဓာကိုယ်ထဲမှာ ဇီဝဓာတုပစ္စည်း ၁၄၀၀ လောက်ထွက်ရှိပါတယ်။ သွေးတိုးစေတာတွေနဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့ အရာတွေပါ ပါရှိနေတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံး အတွင်း သွေးစီးဆင်းမှုကို ထိခိုက်စေတာမို့ စိတ်ဖိစီးမှုကင်းစင်အောင် ဂရုတစိုက်နေထိုင်တာက နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒါကြောင့် ပျော်ပျော်နေဖို့ အကြံပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement