backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နှလုံး အဆို့ရှင် မလုံခြင်း( Valvular Insufficiency) အကြောင်းသိကောင်းစရာများ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံး အဆို့ရှင် မလုံခြင်း( Valvular Insufficiency) အကြောင်းသိကောင်းစရာများ ။

ကိုယ်ခန္ဓါတစ်ခုရဲ့ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်းဆိုလိုက်တာနဲ့ နှလုံးဆိုတာ လူတိုင်းသိကြမှာပါ။ အရေးကြီးတဲ့အလျောက် သူ့မှာဖြစ်တဲ့ ရောဂါတွေကလည်းအများသား။ နှလုံးသွေးကြောကတစ်မျိုး ။ နှလုံးကြွက်သားက တစ်မျိုး၊ နှလုံး ကိုယ်တိုင်အမောဖောက်တာက တစ်မျိုး ၊နှလုံး အဆို့ရှင်က တစ်မျိုးနဲ့ ဖြစ်တဲ့ရောဂါတွေကလည်း အများကြီးပါ။ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာအကြောင်းက လူတိုင်းသိနေပြီးသားဖြစ်တာကြောင့် ဒီဆောင်းပါးထဲမှာ နှလုံးအဆို့ရှင်တွေ မလုံတဲ့အကြောင်းနဲ့ ပက်သက်ပြီး ပြောပြချင်ပါတယ်။

နှလုံး အဆို့ရှင်တွေ အကြောင်းမပြောခင် နှလုံးဖွဲ့စည်းပုံအကြောင်း အရင်သိထားဖို့တော့လိုပါတယ် ။

နှလုံးတစ်ခုကို အပေါ်ပိုင်း သွေးလက်ခံခန်း ( atrium)၂ ခန်းနဲ့ အောက်ပိုင်း သွေးလှောင်ခန်း ( ventricles) ၂ ခန်းဆိုပြီး အခန်း ၄ ခန်း၊ ဘယ်ဘက်အခြမ်းမှာ Aortic Valve ၊ Mitral valve နဲ့ ညာဘက်အခြမ်းမှာ Pulmonary valve နဲ့ Tricuspid valve ဆိုပြီး အဆို့ရှင် ၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

နှလုံးအဆို့ရှင်တွေမလုံဘူးဆိုတာ ဘာကိုပြောတာလဲ ။ ။

နှလုံးအဆို့ရှင်တွေ မလုံဘူးဆိုတာကို ဆေးပညာအရ Valvular insufficiency လို့ ခေါ်ပါတယ်။ Valvular insufficiency ဆိုတာ နှလုံးရောဂါတစ်မျိုးဖြစ်ပြီး အဆို့ရှင်တွေ ကောင်းကောင်း မပိတ်နိုင်တာကြောင့် နှလုံးတစ်ခါညှစ်တိုင်း သွေးတွေ နှလုံးထဲ ပြန်ပြန်စီးနေတဲ့ ပြဿနာတစ်ခုပါ။ နှလုံးတစ်ခှုမှာ အဆို့ရှင် ၄ ခုရှိတာကြောင့် တစ်ခုတည်းမလုံတာလည်း ဖြစ်နိုင်သလို အဆို့ရှင် ၄ ခုလုံး မလုံတာမျိုးလည်းဖြစ်နိုင်ပါတယ်။

နှလုံးအဆို့ရှင် မလုံတဲ့ ပြဿနာတွေကို အမျိုးအစား ခွဲကြည့်ရအောင်။

နှလုံး ဘယ်ဘက်အခြမ်းမှာဖြစ်တဲ့ အဆို့ရှင် ပြဿနာတွေကတော့

  • Aortic Valve insufficiency – Aorta လို့ခေါ်တဲ့နှလုံးပင်မသွေးကြောကြီးက အဆို့ရှင်မလုံတာကြောင့် နှလုံး တစ်ခါညှစ်တိုင်း နှလုံးဘယ်ဘက်သွေးလှောင်ခန်းထဲ သွေးတွေ ပြန်ပြန်စီးဝင်တာ
  • Mitral valve insufficiency- ဒီ သွေးလက်ခံခန်း ( atrium) နဲ့ သွေးလှောင်ခန်း ( ventricles) ကြားထဲက Mitral valve မလုံတဲ့အခါ နှလုံးတစ်ခါညှစ်တိုင်း ventricle ကသွေးတွေ atriumထဲ ပြန်ဝင်တာ ။
  • နှလုံး ညာဘက်အခြမ်းမှာဖြစ်တဲ့ အဆို့ရှင် ပြဿနာတွေကတော့

    • Pulmonary valve insufficiency -ညာဘက်အခြမ်းက Pulmonary valve လေးမလုံတာကြောင့် ညာဘက် သွေးလက်ခံခန်း (right atrium) ကနေ ညာဘက်သွေးလှောင်ခန်း (right ventricle ) ထဲ သွေးတွေ စီးဝင်တာ
    • Tricuspid valve insufficiency – Tricuspid valve လေးမလုံတာကြောင့် နှလုံး တစ်ခါ ညှစ်တိုင်း သွေးလှောင်ခန်းထဲက သွေးတွေ သွေးလက်ခံခန်းထဲ ပြောင်းပြန်စီးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
    • နှလုံး အဆို့ရှင် မလုံတဲ့ ပြဿနာမှာ ဘယ်လိုလက္ခဏာတွေ များရှိလဲ ။

      • နှလုံးပြဿနာဆိုတော့ သိတဲ့အတိုင်း အမောဖောက်မယ်
      • အသက်ရှူရကြပ်မယ်
      • ခေါင်းမူး ခေါင်းကိုက်တာတွေ ဖြစ်မယ်
      • လူကလည်း အားမရှိသလိုဖြစ်နေတတ်ပြီး
      • ရင်ဘတ်အောင့်တာ
      • နှလုံးခုန်မြန်တာတွေ အပြင်
      • ခြေလက်တွေ ဖောရောင်ပြီး ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

      ဘယ်လိုလူတွေက ဒီလို နှလုံး အဆို့ရှင်မလုံတဲ့ပြဿနာ ပိုခံစားရလဲ ။ ။

      Congenital ( မွေးရာပါ)နဲ့ Acquired (ကြီးမှဖြစ်တာ) ဆိုပြီး ၂မျိးခွဲလိုက်လို့ရပါတယ်။

      Congenital ( မွေးရာပါ) ကတော့ သန္ဓေသားစဖွံ့ဖြိုးတဲ့အချိန်မှာ ချို့ယွင်းချက်ရှိသွားလို့ အဆို့ရှင်တွေ သေးနေတာ၊ ရှိနေတဲ့ အဆို့ရှင်တွေ ပျော့ပျောင်းမလွယ်ဘဲ တောင့်တောင့်ကြီး ဖြစ်နေလို့ သွေးမလုံတာတွေ ဖြစ်ရတာပါ။ Congenital ( မွေးရာပါ) ပြဿနာတွေက aortic နဲ့ pulmonary valve.ကို အများဆုံးထိပါတယ်။

      Acquired (ကြီးမှဖြစ်တာ)ကတော့ ခုပြောပြမယ့် အချက်တွေ ကြောင့်ဖြစ်ရတာပါ။

      • streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ချောင်းနြာခင်းကို ကောင်းကောင်း မကုသတဲ့အခါ နောက်ပိုင်း Rheumatic fever လို့ခေါ်တဲ့ လေးဘက်နာအဖျားပိုးဝင်သွားရာကနေ နှလုံးအဆို့ရှင်တွေကိုထိသွားတာ
      • ကိုယ်တွင်းကို ဝင်လာတဲ့ အခြားရောဂါပိုးတွေကြောင့် Endocarditis လို့ခေါ်တဲ့နှလုံးရောင်ခြင်းက တစ်ဆင့် နှလုံးအဆို့ရှင်တွေ ထိသွားတာ
      • ဒီလိုနဲ့ နောက်ပိုင်း အဆို့ရှင်တွေ ပုံမှန်ထက် ပျော့သွားတာမျိုးတွေ ဖြစ်တတ်ပြီး အဆို့ရှင် မလုံတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။
      • အခြားဖြစ်နိုင်တဲ့ ပြဿာနာတွေကတော့ သွေးတိုး ဆီးချိုတို့ကြောင့် နှလုံး အလုပ်ပိုလုပ်ရပြီး နှလုံးကြီးတာ၊ ကာလသားရောဂါကြောင့် နှလုံးထိသွားတာ၊ နှလုံးသွေးကြောကျဉ်းတဲ့ ပြဿနာတွေ နဲ့ သောက်နေတဲ့ ဆေးတွေ၊ ဓါတ်ရောင်ခြည်တွေကလည်း နှလုံး အဆို့ရှင်တွေကို ပြဿနာတက်စေတဲ့အ ကြောင်းအရင်းတွေပါ။

      နှလုံးအဆို့ရှင်တစ်ခုခုဖြစ်နေကြောင်း ဘယ်လိုသိနိုင်သလဲ ။ ။

      ခုတလော ကိုယ်ကမောမောနေတယ်၊ အသက်ရှူရတာလည်း ကြပ်နေပြီး ရင်ဘတ်တွေလည်းအောင့် နှလုံးခုန်တာလည်း မြန်နေတယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားပါ။

      ဆရာဝန်က နားကြပ်နဲ့သေချာနားထောင်ပြီး အခြားလိုအပ်တဲ နှလုံးစစ်ဆေးမှုတွေဖြစ်တဲ့

      • ECG
      • Echocardiogram ( နှလုံးပုံရိပ်ဖော်စက်)
      • Angiogram ( နှလုံးသွေးကြော ပုံရိပ်ဖော်စက်) တို့ကို လုပ်ပြီး အဆို့ရှင်မှာ ဖြစ်နေတဲ့ပြဿနာကို အတည်ပြုမှာ ဖြစ်ပါတယ်။

      နှလုံး အဆို့ရှင် မလုံတဲ့ ပြဿနာက ကုသလို့ရတဲ့ရောဂါတစ်ခုလား။

      နှလုံးအဆို့ရှင် ပြဿနာက ကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်ပြီး အောင်မြင်စွာကုသနိုင်ခဲ့တဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကုသတဲ့နေရာမှာ အဓိက ရည်ရွယ်ချက် ၃ ခုနဲ့ ကုသပါတယ်။

      • ထိခိုက်နေတဲ့ အဆို့ရှင်တွေ ပိုမဆိုးလာဖို့
      • ခံစားနေရတဲ့ဝေဒနာတွေ သက်သာသွားစေဖို့နဲ့
      • အဆို့ရှင်တွေကို ကုသလို့ရင်ကု၊ မရရင် အဆို့ရှင်အစားထိုးဖို့ဆိုတဲ့ရည်ရွယ်ချက် ၃ ခုနဲ့ကုသပါတယ်။

      ကုသတဲ့နေရာမှာ သောက်ဆေးသုံးမလား၊ ခွဲစိတ်မှု လုပ်ပြီး ပြင်လို့ရလား၊ အဆို့ရှင် အစားထိုးမှရမှာ လားဆိုတာကတော့ ဖြစ်နေတဲ့ ရောဂါပြင်းထန်မှု အတိမ်အနက်နဲ့ အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ် ။ ။

      Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




      Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement