backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

နှလုံးနဲ့ နှလုံးအပြင်ဘက်က Pericardium ၊ Endocardium အလွှာပါးအကြား ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ရောင်ရမ်းတဲ့ ပြဿနာ ကို နှလုံးပိုးဝင်ခြင်း (Endocarditis) ဒါမှမဟုတ် Heart infections လို့ ခေါ်တာဖြစ်ပါတယ်။ သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ ဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ နှလုံးရောဂါတစ်မျိုးပါ။

နှလုံးပိုးဝင်တဲ့အခါ နှလုံးအပြင်ဘက်က Pericardium အလွှာပါး ရောင်ရမ်းတာ၊ နှလုံးနဲ့ Pericardium အကြား အရည်စုတာတွေ ဖြစ်နိုင်ပါတယ်။

နှလုံးပိုးဝင်တဲ့ရောဂါရဲ့ လက္ခဏာအများစုကတော့ သိသာထင်ရှားခြင်းမရှိတတ်ပါဘူး။ တဖြည်းဖြည်းချင်း အားကောင်းလာတာမျိုးပါ။ ရောဂါလက္ခဏာအများစုဟာ ဖျားနာတဲ့ ရောဂါလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ဒါကြောင့် တခါတရံမှာ ရောဂါမှန်ပေါ်ဖို့ ရှာဖွေရခက်ခဲနေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

နှလုံးပိုးဝင်ခြင်း လက္ခဏာများ

နှလုံးပိုးဝင်ခြင်း ပြဿနာ ဟာ ရုတ်တရက်ဆိုရင် အဖျားဝေဒနာနဲ့ဆင်တူတာကြောင့် တခါတစ်ရံမှာ ဖျားနာနေတာလို့ အထင်မှတ်မှားတတ်ပါတယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • ရင်ဘတ်အောင့်တာ
  • ချောင်းဆိုးတာ
  • အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာ၊
  • အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်တာ၊
  • ဖျားတာ၊
  • ချမ်းတုန်တာ၊
  • ညဘက်တွေမှာ ဇောချွေးထွက်တာ၊
  • ပျို့တာ၊
  • အစာစားချင်စိတ် ပျောက်တာ၊
  • ခြေလက်နဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ၊
  • ဝမ်းဗိုက်ရဲ့ ဘယ်ဘက်ခြမ်းအပေါ်ပိုင်း ပြည့်တင်းနေတတ်တာ၊
  • ပုံမှန်မဟုတ်ပဲ ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတာ၊
  • ခြေ၊ လက်နဲ့ ဝမ်းဗိုက် ဖောရောင်နေတာ၊
  • အရေပြားတွေ ယားယံတာ စတဲ့ရောဂါလက္ခဏာတွေပါပဲ။

အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတစ်ချို့ကတော့

  • ဆီးမှာ သွေးစတွေပါတာ၊
  • အသားအရောင်ပြောင်းလဲလာတာ
  • အရေပြားမှာ အနီစက်လေးတွေ ပေါ်လာတာ၊
  • ခြေဖျားလက်ဖျားမှာ ခရမ်းရောင် အစက်လေးတွေ ပေါ်လာတာ စတဲ့အချက်ဖြစ်ပါတယ်။

ဘာကြောင့် နှလုံးပိုးဝင်ခြင်း ပြဿနာ ဖြစ်ရတာလဲ

နှလုံးပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပိုးမွှားတွေ အရေအတွက်အမြောက်အမြား တိုးပွားလာခြင်းက နှလုံးပိုးဝင်ခြင်းရဲ့ အဓိကလက်သည်ဖြစ်ပါတယ်။ များသောအားဖြင့် ဘက်တီးရီးယားပိုးမွှားတွေဟာ ခန္ဓာကိုယ်ရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေမှာ ရှင်သန်နေနိုင်ကြပါတယ်။

ဒါပေမယ့် တချို့ရောဂါပိုးတွေဟာ အစားအသောက်တွေကနေတဆင့် သွေးထဲကိုဝင်ရောက်သွားတတ်ကြပါတယ်။ ကိုယ်ခံအားစနစ်က ဒီပိုးမွှားတွေကို တိုက်ထုတ်ပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေ ဒါမှမဟုတ် တစ်ချို့လူတွေဟာ ဒီပိုးမွှားတွေကို တိုက်မထုတ်နိုင်ကြပါဘူး။ ဒီလိုဖြစ်ခြင်းက နှလုံးပိုးဝင်ခြင်းရဲ့ အစပဲဖြစ်ပါတယ်။

သွေးစီးကြောင်းထဲက ဘက်တီးရီးယားတွေဟာ နှလုံးအထိ ရောက်သွားပြီး Endocarditis ဖြစ်စေတာပါ။ ဒါပေမယ့် ဘက်တီးရီးယားတစ်မျိုးတည်းက နှလုံးပိုးဝင်ခြင်းဝေဒနာကိုဖြစ်စေတာမဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးတွေ၊ Germs ပိုးမွှားတွေနဲ့ မှိုတွေကလည်း ဒီဝေဒနာကိုဖြစ်စေနိုင်ပါတယ်။

ပိုးမွှားတွေ နှလုံးဆီကိုရောက်သွားစေတဲ့ အကြောင်းအရင်းတွေကလည်း အစားအသောက်တွေကြောင့်ချည်းတော့မဟုတ်ပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း နှလုံးဆီကို ပိုးမွှားတွေရောက်ရှိနိုင်ပါသေးတယ်။ ဒါတွေကတော့

  • သွားတိုက်ရာမှတဆင့်၊
  • ခံတွင်းကို သန့်စင်အောင် မထားတာကနေဆင့်၊
  • လိင်ဆက်ဆံမှုကနေတဆင့်၊
  • မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကနေတဆင့်၊
  • မူးယစ်ဆေးဝါးသုံးစွဲရာကနေတဆင့်၊
  • ဆီးလမ်းကြောင့်မှတဆင့် စတဲ့နည်းလမ်းတွေနဲ့ နှလုံးဆီကို ပိုးဝင်နိုင်ပါတယ်။

နှလုံးပိုးဝင်ခြင်းရဲ့ အန္တရာယ်များ

နှလုံးပိုးဝင်တဲ့ကျန်းမာရေးပြဿနာဟာ သူ့ချည်းတင်ဒုက္ခပေးတာမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးပြဿနာတွေဖြစ်လာအောင်လည်း တွန်းအားပေးပါတယ်။ နှလုံးဆီကိုရောက်လာတဲ့ပိုးအများစုဟာ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ ခြေလက်နဲ့ တခြားသော ကိုယ်တွင်းအင်္ဂါတွေဆီကိုလည်း ရောက်ရှိနိုင်တာကြောင့်ပါ။

ဒါကြောင့် နှလုံးပိုးဝင်တဲ့ပြဿနာကို ရင်ဆိုင်ရသူတွေဟာ အောက်ပါကျန်းမာရေးပြဿနာတွေဖြစ်ပွားဖို့လည်း နီးစပ်နေမှာဖြစ်ပါတယ်။

  • နှလုံးပျက်စီးခြင်း၊
  • လေဖြတ်ခြင်း၊
  • လေသင်တုန်းဖြတ်ခြင်း၊
  • ကိုယ်တရွတ်ဆွဲခြင်း၊
  • ပိုးဝင်ရာအင်္ဂါများတွင် ပြည်တည်ခြင်း၊
  • အဆုတ်သွေးကြော ဆို့ခြင်း (Pulmonary embolism)၊
  • ကျောက်ကပ်ပျက်စီးခြင်း၊
  • သရက်ရွက်ကြီးခြင်း (Enlarged spleen) စတာတွေပါ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။

နှလုံးပိုးဝင်ခြင်း ပြဿနာ ဘယ်လိုကာကွယ်မလဲ

တခြားနှလုံးရောဂါတွေနည်းတူ နှလုံးပိုးဝင်တာကိုလည်း ကာကွယ်လို့ရပါတယ်။ ဒါပေမယ့် နှလုံးပိုးဝင်တာဟာ တခြားနှလုံးရောဂါတွေနဲ့ သဘောသဘာဝအားဖြင့်တော့ တူညီခြင်းမရှိတာမို့ ကာကွယ်နည်းတွေကလည်း အတန်ငယ်ကွဲပြားပါတယ်။

  • အကြောင်းအရင်း မယ်မယ်ရာရာမရှိပဲ မောပန်းနွမ်းနယ်နေတာမျိုးကြုံရတာ၊ အရေပြားကို ပိုးဝင်တဲ့ပြဿနာကြုံနေရတာ၊ အနာဖြစ်ပြီး တော်တော်နဲ့ မကျက်တာမျိုးဖြစ်နေချိန်မျိုးမှာ ဖျားတာနာတာတွေဖြစ်ပေါ်လာတာနဲ့ ဆရာဝန်နဲ့တိုင်ပင်ကုသပါ။
  • ခံတွင်းကျန်းမာရေးကို စနစ်တကျဂရုစိုက်ပါ။
  • သွားကို စနစ်တကျနဲ့ တစ်နေ့ကို ၂ ကြိမ်ပုံမှန် တိုက်ပေးပါ။
  • ပုံမှန်သွားကျန်းမာရေးကို စစ်ဆေးပါ။
  • အရေပြားထိခိုက်တာ၊ ပိုးဝင်တာမျိုးမဖြစ်အောင် သတိထားပါ။
  • ကိုယ့်အသားအရေက ထိလွယ်ရှလွယ် အရေပြားမျိုးဖြစ်နေတယ်ဆိုရင် တက်တူးထိုးတာမျိုး၊ အပေါက်ဖောက်တာမျိုးတွေ ရှောင်ကျဉ်ပါ။
  • ကိုယ်ခံအားကောင်းအောင်နေပါ။
  • ဗီတာမင် C ကြွယ်ဝစွာ မှီဝဲစားသောက်ပါ။ဒီနည်းလမ်းတွေက နှလုံးပိုးဝင်တဲ့ပြဿနာမကြုံရအောင် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပြီး ဖြစ်ဖို့အစပျိုးနေရင်လည်း စောလျင်စွာ ကုသနိုင်စေဖို့ အကူအညီပေးနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement