Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဆိုတာ ဘာလဲ။
နှလုံးစည်းချက်မမှန်ခြင်း သည် နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း (သို့မဟုတ်) စည်းချက်မမှန်ခြင်း – အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)၊ ခုန်သင့်သည့်အချိန်ထက်စောခုန်ခြင်း (အချိန်မတိုင်ခင် နှလုံးကြွက်သားညှစ်ခြင်း)၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။
နှလုံးစည်းချက်မမှန်ခြင်းသည် လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်သည့်အခါတွင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းအား အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။
- ခုန်နှုန်း – အလွန်မြန်ခြင်း (နှလုံးခုန်မြန်ခြင်း)၊ အလွန်နှေးခြင်း (နှလုံးခုန်နှေးခြင်း)
- စခုန်သည့်နေရာ – (သွေးလွှတ်ခန်း သို့မဟုတ် သွေးဝင်ခန်း)
- မှန်မှန်ခုန်ခြင်းရှိမရှိ
Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က အဖြစ်များသလား
ဒီရောဂါသည် အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါ။
Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ရဲ့လက္ခဏာတွေက ဘာတွေလဲ
နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ
- နှလုံခုန်နှေးခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ အောက် ရောက်နေပါမည်။
- နှလုံးခုန်မြန်ခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ အထက် ရောက်နေပါမည်။
- ရင်ထဲ တလှပ်လှပ်ဖြစ်နေခြင်း
- ရင်ဘတ်အောင့်ခြင်း
- အသက်ရှူမဝခြင်း
- မူးမေ့ချင်သလိုဖြစ်ခြင်း သို့မဟုတ် ခေါင်မူးခြင်း
- ချွေးစေးများထွက်ခြင်း
- ရင်ဘတ်ထဲတွင် တဒုန်းဒုန်းနဲ့ စောင့်နေသလိုခံစားရခြင်း
- ရင်ထဲမွန်းကြပ်နေခြင်း
- အားနည်းခြင်း သို့ မောပန်းလွယ်ခြင်း (အလွန်ပင်ပန်းသလို ခံစားရခြင်း)
အထက်တွင်ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနေနိုင်ပါတယ်။ သံသယရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ကို ဘာတွေကဖြစ်စေသလဲ
နှလုံးစည်းချက်မမှန်ခြင်းသည် အောက်ပါတို့ကြောင့် ဖြစ်နိုင်ပါတယ်။
- နှလုံးဖောက်ခြင်းကြောင့် နှလုံးတွင် အမာရွတ်ကျန်ခဲ့ခြင်း
- နှလုံးဖွဲ့စည်းပုံကို ပြောင်းလဲသွားစေခြင်း (ဥပမာ – နှလုံးကြွက်သားရောဂါ)
- နှလုံးရှိသွေးလွှတ်ကြောများ ပိတ်ခြင်း (နှလုံးသွေးကြောရောဂါများ)
- သွေးတိုးခြင်း
- သိုင်းရွိက်ဟော်မုန်း ပုံမှန်မဟုတ်ခြင်း
- တချို့ဆေးများနဲ့ အားဆေးများ (ဥပမာ – အလွယ်တကူဝယ်နိုင်တဲ့ အအေးမိသက်သာဆေးများ၊ အလက်ဂျီသက်သာဆေးများနဲ့ ဖြည့်စွက်အားဆေးများကို အလွန်အကျွံသောက်သုံးပါက)
Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
နှလုံးစည်းချက်မမှန်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- ဆေးလိပ်သောက်ခြင်း
- အရက် သို့မဟုတ် ကဖိန်းဓာတ်ပါသည်များ အလွန်အကျွံသောက်ခြင်း
- မူးယစ်ဆေးစွဲခြင်း
- စိတ်ဖိစီးမှု
- ဆီးချို
- အိပ်ပျော်စဉ် အသက်ရှူခဏရပ်တတ်ခြင်း
- မျိုးရိုးလိုက်ခြင်း
Arrhythmia (နှလုံး စည်းချက်မမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
နှလုံးစည်းချက်မမှန်ခြင်း အောက်ပါတို့ဖြင့် အတည်ပြုနိုင်သည်။
- ရောဂါလက္ခဏာများနဲ့ ရာဇဝင်ကို မေးခြင်း
- ခန္ဓာကိုယ်အား စမ်းသပ်ခြင်း
- အီးစီဂျီဆွဲခြင်း – နှလုံးရဲ့ လျှပ်စစ်လှုပ်ရှားမှုအား တိုင်းတာခြင်းဖြစ်သည်။
- Holter monitor – သယ်ယူသွားနိုင်သော အီးစီဂျီစက်ဖြစ်ပြီး တစ်နေကုန် ဒါမှမဟုတ် အချိန်ကြာကြာ တပ်ဆင်ထားပြီး နှလုံးလုပ်ရှားမှုကို မှတ်ယူနိုင်သည်။
- Event monitor – ရောဂါလက္ခဏာများ ပေါ်လာစဉ်တွင် နှလုံးစည်းချက်အား စစ်ဆေးနိုင်သည်။
- နှလုံးအက်ကိုး- နှလုံးအရွယ်အစား၊ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုတို့အား ပုံရိပ်ဖော်ကြည့်နိုင်သည်။
- Implantable loop recorder – မူမမှန်သည့် နှလုံးစည်းချက်များအား ဖမ်းယူရန် သုံးသည်။
နှလုံးကြောင့်လား တခြားကြောင့်လား သေချာစေရန် တခြားစစ်ဆေးမှုများကို ဆရာဝန်များမှ ညွှန်ကြားနိုင်ပါသည်။ ၎င်းတို့တွင်-
- ဖိစီးမှုပေးပြီး စစ်ဆေးခြင်း – ဒီစစ်ဆေးမှုတွင် သင့်အား လမ်းလျှောက်စက် သို့မဟုတ် စက်ဘီးနင်းစက်တွင် လေ့ကျင့်ခန်းလုပ်ခိုင်းကာ နှလုံးလှုပ်ရှားမှုအား တိုင်းတာမည်ဖြစ်ပါတယ်။
- Tilt table test – သင် စားပွဲပေါ်လှဲနေစဉ်နဲ့ မတ်တပ်ရပ်စဉ် ရှိနေမည့် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို တိုင်းတာပါသည်။ အနေအထားပြောင်းလဲသွားလျှင် တုန့်ပြန်မည့် နှလုံးခုန်နှုန်းအား တွက်ထုတ်ရန်အတွက် မှတ်သားပါလိမ့်မယ်။
- Electrophysiological testing and mapping – နှလုံးသို့ဖြတ်စီးဆင်းနေသော လျှပ်စစ်လှုံ့ဆော်မှုများအား မှတ်သားထားနိုင်ပါတယ်။
- နှလုံးစည်းချက်မမှန်ခြင်းကိုဖြစ်စေနိုင်သည့် သိုင်းရွိက်ဂလင်း ပုံမှန်မမဟုတ်မှုများကို စစ်ဆေးနိုင်သည်။
Arrhythmia (နှလုံး စည်းချက်မမှန်ခြင်း)ကို ဘယ်လိုကုသပါသလဲ
နှလုံးစည်းချက်မမှန်ခြင်း ပုံစံပေါ်မူတည်ကာ ကုသမှုနည်းလမ်းများကို ရွေးချယ်ရပါတယ်။
- နှလုံးခုန်နှေးခြင်းအား ကုသခြင်း
နှလုံးခုန်နှေးခြင်းအား ဘာကြောင့်ဖြစ်မှန်း သေချာမသိလျှင် ညှပ်ရိုးအနီးတွင် ပေ့စ်မိတ်ကာဟုခေါ်သော စက်လေးမြှုပ်ပြီး ကုသနိုင်ပါသည်။ နှလုံးခုန် အလွန်နှေးသည့်အခါ သို့ နှလုံးခုန်ရပ်သွားသည့်အခါတွင် ပေ့စ်မိတ်ကာမှ နှလုံးဆီသို့ သွေးကြောများမှတစ်ဆင့် တပ်ဆင်ထားသော ဝိုင်ယာတစ်လျှောက် လျှပ်စစ်လှုံ့ဆော်မှုကို လွှတ်ပေးမည်ဖြစ်သည်။ ရလဒ်အနေဖြင့် တည်ငြိမ်နေသော နှလုံးခုန်နှုန်းကို ရရှိစေနိုင်ပါသည်။
- နှလုံးခုန်မြန်ခြင်းအား ကုသခြင်း
နှလုံးခုန်မြန်ခြင်းအားကုသရန် ရွေးချယ်စရာအမျိုးမျိုးအား အောက်တွင် ဖော်ပြထားပါသည်။
ဆေးများ – နှလုံးစည်းချက်မမှန် ကုသဆေးများကို နှလုံးခုန်နှုန်းထိန်းရန် သို့မဟုတ် ပုံမှန်နှလုံးစည်းချက်ကို ပြန်ရစေရန် စသဖြင့် နှလုံးခုန်မြန်ခြင်းအမျိုးမျိုးအတွက် သုံးနိုင်ပါတယ်။
Vagal maneuvers – နှလုံးခုန်နှုန်းကိုထိန်းချုပ်သည့် အာရုံကြော (vagus အာရုံကြော) ကို နှိပ်နယ်ပြီး supraventricular tachycardia ကဲ့သို့ နှလုံးစည်းချက်မမှန်ခြင်းကို အရေးပေါ်ကုသနိုင်ပါတယ်။
Cardioversion – ရင်ဘတ်တွင်တပ်ထားသော ချပ်ပြားများမှ လျှပ်စီးဓာတ်လွှတ်ကာ ပုံမှန်နှလုံးစည်းချက်ကို ပြန်ထိန်းခြင်းဖြစ်သည်။
Catheter ablation – စည်းချက်မမှန်သည့် နှလုံးတစ်ရှူးအား သေးငယ်သော Catheter ထိပ်ရှိ လျှပ်ခေါင်းဖြင့် ရှော့တိုက်နိုင်သည်။ ထို့သို့ဖြင့် လျှပ်စီးကြောင်းပိတ်မှုဖြစ်သွားစေပြီး နှလုံးစည်းချက်မမှန်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။
- ခွဲစိတ်ကုသခြင်း
တခြားကုထုံးများကို လူနာမှ တုံ့ပြန်မှုမရှိတော့သည့်အခါမျိုးတွင် နှလုံးစည်းချက်မမှန်ခြင်းကိုကုသရန်အတွက် ခွဲစိတ်ဖို့ လိုအပ်လာနိုင်ပါတယ်။
ဝင်္ကပါကုထုံး – နှလုံးအပေါ်ပိုင်း (သွေးလွှတ်ခန်း) တွင် နှလုံးတစ်ရှူးများအား အမျိုးမျိုးခွဲကာ ပုံစံတစ်ခုရှိသော သို့မဟုတ် ဝင်္ကပါပုံအမာရွတ်တစ်ရှူးများဖြစ်စေသည်။ အမာရွတ်တွေက လျှပ်စစ်မစီးနိုင်တဲ့အတွက် သွားချင်ရာသွားသည့် လျှပ်စစ်လှုံ့ဆော်မှုများကို ဟန့်တားပေးနိုင်ပါလိမ့်မယ်။
နှလုံးသွေးကြော လမ်းလွှဲခြင်း – နှလုံးစည်းချက်မမှန်ခြင်းအပြင် ပြင်းထန်သည့် နှလုံးသွေးကြောရောဂါများတွဲရှိနေသည့်အခါ နှလုံးသွေးစီးဆင်းမှုကောင်းအောင် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
- ဆားနဲ့ အဆီများကို လျှော့ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းများကို များများစားပါ။
- နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။
- ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကိုလက်စထရောကို ထိန်းပါ။
- ယောဂ၊ တရားထိုင်ခြင်းနဲ့ စိတ်ဖြေလျှော့ခြင်း နည်းစနစ်များသည် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါသည်။
Takeaways
နှလုံးစည်းချက်မမှန်ခြင်းသည် အခန့်မသင့်ရင် ရုတ်တရက်နှလုံးရပ်သွားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။