backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုလက်စထရောမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်ခြင်းများ


Dr. Thant Zin မှ ရေးသားသည်။ · 22/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုလက်စထရောမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်ခြင်းများ

ကိုလက်စထရောဆိုတာ သွေးထဲ ဒါမှမဟုတ် ဆဲလ်ထဲမှာ ရှိတဲ့ အဆီဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ ကိုလက်စထရောအများစုကို အသည်းကနေ ထုတ်လုပ်ပြီး ကျန်တာကိုတော့ အစားအစာကနေ ရရှိပါတယ်။ ကိုလက်စထရောဟာ lipoproteins လို့ ခေါ်တဲ့ ပရိုတိန်းထဲမှာစုဝေးပြီး သွေးထဲမှာ လှည့်လည်ပါတယ်။

ကိုလက်စထရောဟာ ပုံစံနှစ်မျိုးနဲ့ တည်ရှိပါတယ်။

• Low-density lipoprotein (LDL)။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတတ်ပြီး နှလုံးနဲ့သွေးကြောစနစ်ကို ဒုက္ခပေးပါတယ်။

• High-density lipoprotein (HDL)။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို သွေးကြောထဲကနေ အသည်းဆီ ပို့ဆောင်ပြီး ခန္ဓာကိုယ်ပြင်ပ ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

ကိုလက်စထရောဟာ သူ့ဖာသာဆိုရင် ဒုက္ခမပေးတတ်ပါဘူး။ ကိုယ်ခန္ဓာကနေ ဟော်မုန်းများ၊ ဗီတာမင်ဒီ၊ အစာချေရည် စတာတွေကို ထုတ်လုပ်ဖို့အတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများရဲ့ လုပ်ငန်းတာဝန်တွေအတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။

ဒါပေမယ့် LDL ကိုလက်စထရောပဲ အများအပြားရှိနေခြင်းဟာ ကျန်းမာရေးအတွက်ပြသနာ ဖြစ်ပါတယ်။ LDL ကိုလက်စထရောဟာ အချိန်ကြာမြင့်စွာ မြင့်တက်နေမယ်ဆိုရင် သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ လေဖြတ်နိုင်ခြေအန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဆရာဝန်ပုံမှန်ပြသပြီး ကိုလက်စထရောအတက်အကျကို စစ်ဆေးသင့်ပါတယ်။

နှလုံးသွေးကြောစနစ်

ကိုယ်ခန္ဓာထဲမှာ LDL ကိုလက်စထရောများနေရင် သွေးလွှတ်ကြောတွေထဲ စုဝေးလာပါတယ်။ သွေးကြောတွေကို ပိတ်ဆို့စေပြီး အကျဉ်းအကျယ် သိပ်မရှိတော့ပါဘူး။ သွေးကြောတွေ မာကြောတောင့်တင်းလာပြီး သွေးဟာ ကောင်းစွာစီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ နှလုံးကလည်း မာကြောနေတဲ့ သွေးကြောတွေကတဆင့် သွေးကို အားစိုက်ပြီး တွန်းထုတ်လာရပါတယ်။ ဒီအခြေအနေကြာလာပြီဆိုရင် နှလုံးရောဂါဖြစ်သွားနိုင်ပါတယ်။

နှလုံးသွေးကြောတွေထဲမှာလည်း အနည်ဖတ်များ ကပ်ငြိလာပြီး အောက်ဆီဂျင်ပါဝင်တဲ့သွေးတွေ နှလုံးကြွက်သားတွေဆီ ကောင်းကောင်းမရောက်အောင် ဟန့်တားလိုက်ပါတယ်။ အဆိုပါ အခြေအနေမှာ နှလုံးအောင့်တာကြောင့် ရင်ဘတ်ကနေ စူးအောင့်သလို ခံစားရပါတယ်။ ဒီလိုအောင့်ခြင်းဟာ heart attack တော့ မဟုတ်သေးပါဘူး။ နှလုံးသွေးကြော သွေးစီးဆင်းမှု ခဏတာပြတ်တောက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ တချိန်မှာ heart attack ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

တကယ်လို့ နှလုံးသွေးကြောနံရံမှာ ကပ်ငြိနေတဲ့ အနည်ဖတ်ဟာ ပြုတ်ထွက်သွားပြီး သွေးစီးကြောင်းအတိုင်း မျောပါသွားရင် သွေးကြောတနေရာရာမှာ သွားပိတ်နိုင်ပါတယ်။ အဆိုပါအခြေအနေမှာ heart attack ဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဉ်ဟာ တကယ်လို့ ဦးနှောက်ထဲမှာဖြစ်ခဲ့မယ်ဆိုရင်တော့ လေဖြတ်ခြင်းဝေဒနာ ခံစားရမှာ ဖြစ်ပါတယ်။ တခါတရံ ခန္ဓာကိုယ်အစွန်အဖျားက သွေးကြောတွေဆီကို ရောက်သွားခဲ့ရင် အစွန်အဖျားပိုင်း သွေးကြောရောဂါကို ဖြစ်စေနိုင်ပါတယ်။ အူလမ်းကြောင်း၊ ခြေထောက်၊ ခြေဖဝါး စတာတွေမှာ ဖြစ်တတ်ပါတယ်။

ဟော်မုန်းစနစ်

ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းဂလင်းများဟာ ကိုလက်စထရောကို အသုံးပြုပြီး အီစထရိုဂျင်၊ တက်စ်တိုစတီရုန်း၊ ကော်တီဆော စတဲ့ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဟော်မုန်းတွေဟာ ကိုလက်စထရောအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ သုတေသနတွေအရ အီစထရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးများ ဓမ္မတာချိန်မှာ မြင့်တက်နေတတ်ပါတယ်။ အဲဒီအချိန်မှာ HDL ကိုလက်စထရောကို မြင့်တက်စေပြီး LDL ကိုလက်စထရောကို ကျစေပါတယ်။ ဒီအချက်ဟာ အမျိုးသမီးများ သွေးဆုံးပြီးမှ နှလုံးရောဂါ ဖြစ်လာနိုင်ခြေတိုးလာခြင်းကို ညွှန်ပြနေပါတယ်။

အာရုံကြောစနစ်

ကိုလက်စထရောဟာ လူ့ဦးနှောက်အတွက် အရေးကြီးတဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဦးနှောက်ထဲမှာ တကိုယ်လုံးမှာရှိတဲ့ ကိုလက်စထရောရဲ့ ၂၅ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဒီပစ္စည်းဟာ အာရုံကြောဆဲလ်တွေကို ကာကွယ်ဖို့၊ ဖွံ့ဖြိုးဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။ ဒီအာရုံကြောဆဲလ်တွေကတဆင့် ဦးနှောက်ကို ကျန်ခန္ဓာကိုယ်တခုလုံးနဲ့ ဆက်သွယ်ပေးခြင်း ဖြစ်ပါတယ်။

ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကိုလက်စထရောကို လိုအပ်ပေမယ့် အလွန်အမင်းများလာရင်တော့ ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ သွေးလွှတ်ကြောထဲမှာ ကိုလက်စထရောတွေ အမြောက်အမြားရှိနေရင် လေဖြတ်နိုင်ခြေများပါတယ်။ လေဖြတ်ပြီး သွေးလည်ပတ်မှုပြတ်တောက်တဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ အစားစားရခက်ခြင်း၊ စကားပြောရခက်ခြင်း စတာတွေအပြင် တခြားအရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ပျက်စီးစေပါတယ်။

သွေးတွင်းကိုလက်စထရောတက်ရုံနဲ့တင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း စတဲ့ ပြဿနာတွေ ကြုံနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

အစာခြေစနစ်

လူ့ကိုယ်ခန္ဓာထဲမှာ အစာတွေကိုချေဖျက်ပြီး အာဟာရဓာတ်တွေကို စုပ်ယူဖို့ အားပေးတဲ့ သည်းခြေရည်ရှိပါတယ်။ ကိုလက်စထရောဟာ သည်းခြေရည်ထုတ်လုပ်ရာမှာ ပါဝင်ကူညီပါတယ်။ ဒါပေမယ့် သည်းခြေရည်ထဲမှာ ကိုလက်စထရောတွေ အလွန်အမင်းများလာရင်တော့ သည်းခြေကျောက်တည်လာနိုင်ပါတယ်။

……………..

ကိုလက်စထရောကို ပုံမှန်ရှိမရှိ အမြဲစစ်ဆေးနေသင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး ဘဝရဲ့ အရည်အသွေးတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 22/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement