ဆောင်းအေးအေးလေးက အိပ်လို့ကောင်းလိုက်တာဆိုတာက လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ ဆောင်းအေးလွန်းလို့ အိပ်မရဘူး။ အေးလွန်းလို့ ညက ကောင်ကောင် အိပ်မပျော်ဘူး။ ရာသီဥတုအေးတာ အိပ်ရေးဝတယ်လို့ကို မခံစားရဘူး ဆိုတဲ့သူတွေ ရှိနေနိုင်ပါတယ်။ ဒီဆော့ ဆောင်းအေးအေးမှာ ဖျားနာမှု ကင်းစေဖို့ မရှိမဖြစ် လိုအပ်တဲ့ ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ပြည့်ဝစေဖို့အတွက် ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် စောင်တွေ ၂ ထပ် ၃ ထပ်ခြုံတာထက် ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
- မနက်ခင်းမှာ လုံလောက်တဲ့ အလင်းရောင် ထိတွေ့ပါ
ဆောင်းရာသီမှာ နေရောင်နဲ့ ထိတွေ့နိုင်ခြေ နည်းတာကြောင့် ခန္ဓာကိုယ်က မယ်လ်လာတိုနင်တွေကို ပိုမို ထုတ်လုပ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အိပ်ငိုက်နေပြီး အိပ်ရေးမဝသလို ခံစားရတာပါ။ ဆောင်းရာသီမှာ ညဘက်ကို ကောင်းကောင်း အိပ်ပျော်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်တာမျိုး ဖြစ်နိုင်ခြေ နည်းစေဖို့ဆိုရင် နေ့စဉ်မှာ လုံလောက်တဲ့ နေရောင်ခြည် ရရှိအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလို လုပ်ဆောင်ခြင်းက ကိုယ်တွင်းက မယ်လ်လာတိုနင် ထွက်ရှိမှုကို ထိန်းညှိရာရောက်သလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်မှု ကင်းစေမှာပါ။
ခန္ဓာကိုယ် အပူချိန်များနေတာက အိပ်ပျော်ဖို့ ခက်စေပါတယ်။ ဒါကြောင့် အိပ်ချိန် နီးလာတဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဘဲ ခန္ဓာကိုယ်ကို အေးမြနေအောင် ဂရုစိုက်ပါ။ အေးမြနေအောင်ဆိုရာမှာ ချမ်းတုန်နေတာမျိုး မဖြစ်ဖို့ လိုပါမယ်။ အိပ်ခန်း အပူချိန်က ၆၂ ကနေ ၆၈ ဒီဂရီဖာရင်ဟိုက်အကြား ရှိနေတာက ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
- လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ပေးတာက နှလုံး ကျန်းမာစေနိုင်သလို ညဘက်တွေမှာလည်း အိပ်ရေးဝဝ အိပ်ပျော်စေမှာပါ။
- ညစာကို အများကြီး မစားပါနဲ့
ဆောင်းရာသီမှာ ညစာ အများကြီး စားတာက ရင်ပြည့်တာ အစာမကြေတာတွေကို ဖြစ်စေနိုင်သလို ညဘက် အိပ်ပျော်ဖို့ ခက်စေနိုင်ပါတယ်။ ဒါကြောင့် ညစာကို ဗိုက်ပြည့်ရုံပဲ စားပေးပါ။ အများကြီး စားတာမျိုး၊ အဆီများတာ၊ အစာကြေခဲတာတွေ စားတာမျိုး မလုပ်ပါနဲ့။
- နေ့လယ်စာနောက်ပိုင်းမှာ ကော်ဖီသောက်တာမျိုး မလုပ်ပါနဲ့
နေ့လယ်စာ စားပြီးချိန်မှာ ကော်ဖီသောက်တာ၊ ညစာ စားပြီးချိန်တွေမှာ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ သောက်သုံးတာက ညဘက် အိပ်ပျော်ဖို့ ခက်စေပြီး အိပ်ရေးပျက်စေမှာ အသေအချာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးက ကော်ဖီလေး သောက်လို့ ကောင်းတယ်ဆိုပေမယ့် ညနေမစောင်းခင် နောက်ဆုံးထားပြီး သောက်ပေးပါ။
- အိပ်ရာဝင်ခါနီး အယ်လ်ကိုဟော မသောက်ပါနဲ့
အိပ်ရာဝင်ခါနီးမှာ အချမ်းပြေဆိုပြီး အရက်ဘီယာ သောက်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ စသောက်ချိန်မှာသာ မူးပြီး အိပ်ချင်သလိုလို ဖြစ်ပေမယ့် ၄−၅နာရီလောက်နေရင် လူက လန်းပြီး မျက်စိကြောင်လာပါတယ်။
- အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ထားပါ
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်း တစ်ခုကတော့ အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ထားတာပါ။ အိပ်ရာလေးက အကြောတွေကို ပြေလျော့စေလောက်အောင်အထိ သက်သောင့်သက်သာ ရှိတာက အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
- နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းမှာ အစိုဓာတ် ရှိအောင် ဂရုစိုက်ပါ
ဆောင်းရာသီမှာ အဖြစ်များတဲ့ နှာစေး နှာပိတ်တာတွေက ညဘက်တွေမှာ အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများ သောက်တာ၊ အိပ်ခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်တာမျိုး လုပ်ဆောင်ပြီး နှာစေး နှာပိတ်မှု ကင်အောင် ဂရုစိုက်ပေးပါ။
ဆောင်းအေးအေးမှာ အိပ်ရေးပျက် မခံဘဲ အခုလို နည်းလမ်းလေးတွေ လိုက်နာ လုပ်ဆောင်ရင်း အိပ်ပျက်ညတွေကို တာတာ့ ပြလိုက်စို့နော်။
[embed-health-tool-bmi]