backup og meta

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှားတယ်၊ ကြောက်ရွံ့တယ်ဆိုတာ လူတိုင်းမှာ ဖြစ်တတ်တာပါပဲ။ အင်တာဗျူးဖြေရတော့မှာမို့လို့ ကြောက်နေတာတွေ၊ လူအများရှေ့ စင်ပေါ်မှာ စကားပြောရတော့မှာမို့လို့ လန့်နေတာတွေ၊ စာမေးပွဲခန်းရှေ့မှာ ကြောက်ဒူးတုန်နေတာတွေက ဖြစ်တတ်တဲ့ သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြောက်တာခြင်းတော့ မတူဘူးပေါ့။

ဒါပေမယ့် စိတ်လှုပ်ရှားတာ၊ ကြောက်တာက ပြင်းထန်လာပြီး ထိန်းမရအောင် ဖြစ်လာတဲ့အခါ လူကြားထဲမှာ သိပ်ဒုက္ခရောက်ပါတယ်။ ထိုင်ရမလို ထရမလို၊ အိမ်သာသွားချင်သလိုလို၊ အန်ချင်သလိုလို စသဖြင့်ပေါ့။ ဒီလို လွန်ကဲတဲ့ တုံ့ပြန်မှုတွေဖြစ်လာပြီဆိုရင် ဒါကို panic attackလို့ ခေါ်ပါတယ်။ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံလာနိုင်တဲ့ ကိစ္စမို့လို့ အမြန်ဖြေရှင်းနိုင်အောင် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Panic attack ဖြစ်လာပြီဆိုရင်

Panic attackမှာ ကြုံရတဲ့ ကြောက်လန့်မှုတွေက လက်တွေ့မှာတော့ ကိုယ့်ကို အန္တရာယ်မပေးနိုင်ပါဘူး။ ဥပမာ စာမေးပွဲဖြေတာက အသက်အန္တရာယ်မှ မရှိတာပဲလေ။ ဒါပေမယ့် ကိုယ်က စိတ်တွေ လှုပ်ရှားပြီး ကြောက်နေတာမျိုးပါ။

Panic attackက ၅မိနစ်ကနေ နာရီဝက်လောက်ထိပဲ ကြာတတ်ပါတယ်။ တစ်ခါတလေ ကိုယ်ကြောက်တဲ့ ကိစ္စပြီးသွားမှပဲ သက်သာသွားတာမျိုး ရှိပါတယ်။

Panic attackဝင်လာပြီဆိုရင်

ရုပ်ပိုင်းဆိုင်ရာမှာ

  • ရင်တွေတုန်လာမယ်
  • ခြေတွေ လက်တွေတုန်လာမယ်
  • ခေါင်းတွေ မူးလာမယ်
  • ရင်ဘတ်တွေ အောင့်လာမယ်
  • ဘာမှ မစားနိုင်ဘူး
  • ပျို့အန်ချင်လာတယ်
  • အိမ်သာသွားချင်သလိုလို ထိုင်မရ ထမရ ဖြစ်လာပါတယ်။

စိတ်ပိုင်းဆိုင်ရာအားဖြင့်

  • စိတ်ထဲမှာ တင်းကြပ်နေမယ်
  • ငိုချင်သလိုလို ဖြစ်လာမယ်
  • အိပ်လို့လည်း မပျော်တော့ဘူး
  • မဖြစ်သေးတဲ့ ကိစ္စတွေကို စိုးရိမ်လာမယ် စတာတွေ ခံစားရပါမယ်။

ဘယ်လိုကျော်လွှားကြမလဲ။

အသက်ကို ရှည်ရှည်ရှူသွင်း၊ ရှည်ရှည်ရှူထုတ်ပါ။ ဒါက စိတ်ကို တည်ငြိမ်စေပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်မိစေပါတယ်။ ၄စက္ကန့်ကြာအောင် ရင်ဘတ်နဲ့ အပြည့်ရှူပါ။ တစ်စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင် ၄စက္ကန့်ကြာအောင် ပါးစပ်ကနေ လေကို ရှူထုတ်ပါ။

  • စိတ်လှုပ်ရှားနေတယ်ဆိုတာကို လက်ခံလိုက်ပါ။

ငါ စိတ်လှုပ်ရှားနေတာ၊ ဒါက ခဏပဲ၊ တော်ကြာဆို သက်သာသွားမှာဆိုပြီး စိတ်လှုပ်ရှားနေတာကို လက်ခံလိုက်ပါ။ ဒါက ပိုလက်တွေ့ကျပြီး ထိပ်တိုက်ရင်ဆိုင်လိုက်တဲ့အတွက် စိတ်ထဲမှာ တင်းနေတာတွေ လျော့သွားပါလိမ့်မယ်။

  • မျက်လုံးမှိတ်လိုက်ပါ။

ဘေးပတ်ဝန်းကျင်မှာ လူရှုပ်ပြီး ဆူညံနေရင် စိတ်လှုပ်ရှားတာ ထိန်းရခက်ပါတယ်။ ဒါကြောင့် ခဏလောက် မျက်လုံးမှိတ်ထားပါ။ မျက်လုံးမှိတ်ထားပြီး ခုနကပြောတဲ့ အသက်ရှူလေ့ကျင့်ခန်းကို လိုက်လုပ်ကြည့်ပါ။

တရားထိုင်ခိုင်းတာက အာရုံကို စုစည်းနိုင်ဖို့ပါ။ တချို့သော စိတ်လှုပ်ရှားမှုတွေက မဖြစ်သေးတာကို ကြိုတွေးပြီး ကြိုကြောက်ရာက အစပြုလာတာပါ။ တရားထိုင်လိုက်တာက စိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်ပြီး လက်ရှိအခြေအနေကိုပဲ အာရုံစိုက်မိစေပါတယ်။

  • တစ်ခုခုကို အာရုံစိုက်ပါ။

ကသိုဏ်းရှုသလိုပေါ့။ စိတ်လှုပ်ရှားလာရင် တခြားဟာတွေ လျှောက်မတွေးမိအောင် အရာဝတ္ထုတစ်ခုခုကို အာရုံစိုက်ပြီး ကြည့်လိုက်ပါ။ ဒီအရာဝတ္ထုက ဘယ်လိုပုံစံလဲ၊ ဘာအရောင်လဲ စသဖြင့်ပေါ့။ ဥပမာ စင်ပေါ်မှာ စကားပြောရမှာ စိတ်လှုပ်ရှားနေတယ်ဆိုရင် လူတွေကို မကြည့်ဘဲ ခပ်ဝေးဝေးက နံရံတို့၊ နာရီတို့ကို ကြည့်ပြီး အာရုံစိုက်ထားလို့ ရပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလိုပဲ ဒီနည်းကလည်း စိတ်ကို တည်ငြိမ်စေပါတယ်။ တစ်ကြိမ်မှာ ကြွက်သား တစ်ခုလောက်ကိုပဲ ကြိုးစားပြီး စလျှော့ကြည့်ပါ။ ရလဒ်တစ်ခု ရလာမှာပါ။

  • ပျော်စရာတွေကို မြင်ယောင်ကြည့်ပါ။

စိတ်တွေ သိပ်လှုပ်ရှားနေပြီဆိုရင် အရင်က ပျော်စရာကောင်းတာတွေကို ပြန်မြင်ယောင်ကြည့်ပါ။ ဒါမှမဟုတ်လည်း ရှုခင်းကောင်းတဲ့ နေရာတွေ၊ ပန်းခြံတွေ၊ ကမ်းခြေတွေလိုမျိုးပေါ့။ စိတ်ပျော်စေမယ့် မြင်ကွင်းတွေကို မြင်ယောင်ကြည့်ပါ။

  • လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။

စိတ်လှုပ်ရှားရင် ဘာမှ မလုပ်ချင်တာ မှန်ပေမယ့် အားတင်းပြီး ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေး တစ်ခုခု လုပ်ကြည့်ပါ။ လက်လွှဲပြီး လမ်းလျှောက်တာဖြစ်ဖြစ်၊ ခပ်ရွရွပြေးတာဖြစ်ဖြစ် လုပ်ကြည့်ပါ။ ပျော်ရွှင်ခြင်းဟော်မုန်း အန်ဒိုဖင်းထွက်လာပြီး နေလို့ကောင်းပါလိမ့်မယ်။

  • ကိုယ့်ကိုယ်ကို စကားပြောပါ။

အသံတိုးတိုးလေးနဲ့ ‘ ငါလုပ်နိုင်တယ်၊ ငါဘာမှမဖြစ်ဘူး၊ ဒါက ခဏပဲ၊ ပြီးရင် ပြီးသွားမှာ’ စသဖြင့် ကိုယ့်ကိုယ်ကို စကားပြောပြီး အားပေးပေးပါ။ စိတ်ထဲမှာ ငြွမ်သွားတဲ့အထိ ထပ်ခါထပ်ခါပြောပေးလို့ ရပါတယ်။

  • ဆေးဝါးအကူအညီယူပါ။

ကိုယ်က ခဏခဏ ဖြစ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ငြိမ်ဆေးတွေ ဆောင်ထားလို့ရပါတယ်။ စွဲတော့ မသောက်စေချင်ပါဘူး။ သောက်ပုံသောက်နည်းကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုပါတယ်။

ဒီနည်းလမ်းတွေကို သုံးပြီး စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/conditions/stress-anxiety-depression/understanding-panic/

https://medlineplus.gov/ency/article/000924.htm

ယခုပုံစံ

29/09/2020

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ)

စိတ်ဖိစီးမှု ကို အများဆုံးဖြစ်စေတဲ့ ဖြစ်ရပ် ၁၀ မျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement